အွန်လိုင်းပေါ်မှ သားရေကုန်သွယ်မှုက ဆင်များ သတ်ဖြတ်မှုကို တွန်းအားပေးနေ

အေအက်ဖ်ပီ

အင်တာနက် အွန်လိုင်းပေါ်မှ ဆင်သားရေများရောင်းဝယ်သည့် ဈေးကွက်တစ်ခု တရုတ်နိုင်ငံတွင် ပေါ်ပေါက်လာသည့်အတွက် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းရန် တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုများ အရှိန်မြင့်တက်လာသောကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံရှိ ဆင်များ၏ ရှင်သန်မှုကို ခြိမ်းခြောက်လျက်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေးလိုက်သည်။

မြန်မာနိုင်ငံ၏ သစ်တောများအတွင်း သတ်ဖြတ်ခံရသည့် ဆင်အရေအတွက်မှာ နှစ်စဉ်မြင့်တက်လာမှုကြောင့် မြန်မာနိုင်ငံက သတိပေး နှိုးဆော်မှုများဖြင့် စောင့်ကြည့်နေရပြီး လူအများကလည်း ဆင်သားရေကုန်ကူးမှုကို ပြစ်တင် ရှုတ်ချလျက်ရှိသည်။ ဆင်သားရေများအတွက် အကြီးမားဆုံးဈေးကွက်မှာ တရုတ်နိုင်ငံတွင် ရှိနေသည်။ တရုတ်နိုင်ငံတွင် ဆင်သားရေကို အမှုန့်ပြုလုပ်၍ ဝမ်းဗိုက်ရောဂါနှင့် အရေပြားရောဂါများကို ကုသရာတွင် အသုံးပြုနေကြသည်။ ထို့အပြင် သွေးနီရောင်ပုတီးစေ့နှင့် ဆွဲသီးဆွဲပြားများပုံစံ ပြုလုပ်၍လည်း ရောင်းချနေကြသည်။

အဆိုပါ ဆင်သားရေထွက်ပစ္စည်းများကို အင်တာနက်မှ ကြော်ငြာ၍ ရောင်းချမှုများမှာ တိုးမြင့်လာလျက်ရှိသည်ဟု ယူကေအခြေစိုက် အကူအညီပေးရေးအဖွဲ့ဖြစ်သည့် Elephant Family က ပြောကြားသည်။ ၎င်းအဖွဲ့က Skinned: The growing appetite for Asian Elephant ဟုအမည်ပေးထားသည့် လေ့လာမှုအသစ်တစ်ခုတွင် တွေ့ရှိချက်များကို ဖော်ပြထားသည်။

ဆင်စွယ်အတွက် ဖမ်းဆီးသတ်ဖြတ်မှုနှင့် မတူသည့်အချက်မှာ ဆင်သားရေကုန်သွယ်မှုတွင် ဆင်အထီး၊ အမနှင့် အသက်အရွယ်တို့ကို ခွဲခြားခြင်းမရှိတော့ဘဲ သတ်ဖြတ်နိုင်သဖြင့် များစွာ ပို၍ ဆိုးဝါးနေသည်။ “ဆိုလိုတာကတော့ ဘယ်ဆင်မှ အန္တရာယ် မကင်းတော့ဘူး”ဟု ယင်းအဖွဲ့၏ ယာယီဒါရိုက်တာ မစ္စဘီလင်ဒါစတျူးဝပ်ကော့စ်က ပြောသည်။ “မြန်မာနိုင်ငံဟာ ဆင်တွေ အများအပြားကို မြန်မြန်ဆန်ဆန် ဆုံးရှုံးနေပါတယ်” ဟုလည်း ၎င်းကဆိုသည်။

အင်တာနက်ဖိုရမ် အများအပြားကို Elephant Family က စောင့်ကြည့်လေ့လာခဲ့ပြီးနောက် ရောင်းချမှုကွင်းဆက်အကြောင်း ပိုမိုသိရှိရန် ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆင်သားရေ၏ မူလနိုင်ငံကို သိရှိသည်ဟု ပြောဆိုခဲ့သည့် အွန်လိုင်းမှရောင်းချသူ ၁၁ ဦးအနက် ကိုးဦးက မြန်မာနိုင်ငံမှ သားရေဟု ပြောကြားခဲ့ပြီး နှစ်ဦးက လာအိုကဟုဆိုသည်။

ဆင်သားရေဖြင့် ပုတီးစေ့များ တီထွင်သည်ဆိုသည့် တရုတ်အခြေစိုက်ကုန်သည်တစ်ဦးက ၎င်းအနေဖြင့် ဆင်သားရေကို မြန်မာနိုင်ငံ နယ်စပ်မြို့တစ်ခုမှ ရရှိပြီး ရေရှည် စဉ်ဆက်မပြတ်ရရှိနိုင်သည်ဆိုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဆင်ရိုင်း ၂, ၀၀၀ ခန့်ရှိနေသေးသည်ဟု ယူဆထားကြပြီး ထိုင်းနိုင်ငံပြီးလျင် ဒေသတွင်း၌ ဒုတိယမြောက် ဆင်ကောင်ရေအများဆုံး ရှိနေခြင်းဖြစ်သည်။ သို့သော်လည်း ကြီးကြပ်မှု အားနည်းခြင်းအပြင် ဗဟိုအစိုးရ ထိန်းချုပ်နိုင်မှု ပြင်ပမှ ဥပဒေစိုးမိုးမှုမရှိသည့် နယ်စပ်ဒေသများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်သွယ်မှုအတွက် အဓိကကျသည့် နေရာတစ်ခုဖြစ်လာသည်။

ပြီးခဲ့သည့်နှစ်က သစ်တောထဲတွင် ဆင်အသေ ၅၉ ကောင်တွေ့ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်က လေးကောင်သာတွေ့ရာမှ ခုန်တက်လာခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာက ကိုးကားခဲ့သည့် အစိုးရ၏ စာရင်းဇယားများအရ သိရသည်။

ဆင်သားရေထုတ်ကုန်များ ရောင်းချမှုမြင့်မားလာခြင်းမှာ ဆင်များ တရားမဝင် ဖမ်းသတ်ဖြတ်ခံရမှု မြင့်မားခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု သေချာပေါက်သက်သေပြရန် ခက်ခဲသော်လည်း ၎င်းတို့နှစ်ခု ပြိုင်တူမြင့်တက်လာခြင်းကိုမူ ရှင်းပြရန်ပင်မလိုအပ်ပေ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.