အမေရိကန်က မြန်မာကို လူကုန်ကူးမှု အကျူးလွန်ဆုံးစာရင်းတွင် ထည့်သွင်း

Frontier သတင်းအဖွဲ့

ရန်ကုန် – တကမ္ဘာလုံး၌ လူကုန်ကူးမှု အဆိုးဝါးဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ထည့်သွင်းလိုက်ပြီး ကလေးစစ်သား စုဆောင်းမှုများရှိသည်ဟု နောက်ဆုံးထုတ်ပြန်သော ၎င်းတို့၏လူကုန်ကူးမှု နှစ်ပတ်လည်အစီရင်ခံစာ၌ ဖော်ပြထားသည်။

လူကုန်ကူးမှု တားဆီးပိတ်ပင်ရေးအတွက် အနည်းဆုံးစံချိန်စံညွှန်းကိုပင် ပြည့်မီခြင်းမရှိဘဲ ထိုသို့တားဆီးရန် သိသာသောကြိုးပမ်းမှုကိုလည်း မတွေ့ရသောနိုင်ငံများစာရင်း “Tier 3” တွင် တရုတ်၊ မြောက်ကိုးရီးယား ၊ လာအိုတို့နှင့်အတူ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းလိုက်သည်။

လူကုန်ကူးမှု ပပျောက်ရေးအတွက် နိုင်ငံတကာ အဆင့်အတန်းများနှင့်အညီ ကြိုးပမ်းမှုအပေါ်မူတည်၍ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၇ နိုင်ငံကို အဆင့်အလိုက် တန်းစီဖော်ပြထားသော အစီရင်ခံစာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုစုထုတ်ပြန်ခြင်း ဖြစ်ပြီး ကမ္ဘာတလွှား လူကုန်ကူးမှု တိုက်ဖျက်ရေး မူဝါဒများလည်း ဖော်ပြပါရှိသည်။

သို့သော် အမေရိကန် အစိုးရသည် ထိုသို့အဆင့်သတ်မှတ်မှုကို နိုင်ငံရေးအရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲကြသည်။ Tier 3 တွင် စာရင်းတင်ခြင်းအားဖြင့် ကုန်သွယ်ရေးနှင့်မဆိုင်သော ဒဏ်ခတ်အရေးယူမှုများနှင့် အမေရိကန်၏ နိုင်ငံခြားအကူအညီများအပေါ် ကန့်သတ်မှုများကိုလည်း အမေရိကန်အစိုးရက ပြုလုပ်လာနိုင်သည်ဟု ဝေဖန်ထောက်ပြကြသည်။

မြန်မာကို အဆင့်ချပစ်ရန် ဆုံးဖြတ်ချက်သည် ရခိုင်ပြည်နယ်တွင် တပ်မတော်၏ စစ်ဆင်ရေးကြောင့် သိန်းချီသော ဘင်္ဂါလီမူဆလင်နှင့် အခြားတိုင်းရင်းသားလူမျိုးစုများ နေရပ်စွန့်ခွာခဲ့ကြရခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု ဆိုသည်။ ထိုလူမျိုးစုများသည် မြန်မာ၊ ဘဂ်လားဒေ့ရှ်နှင့် အခြားဒေသတွင်း နေရာများတွင် မတရား အသုံးချခံနေခဲ့ကြရသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ဆိုသည်။

လွန်ခဲ့သော သြဂုတ်လအတွင်း တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအပြီး လူ ရ သိန်းခန့် (အများစုမှာ ဘင်္ဂါလီမူဆလင်များ)မှာ ရခိုင်ပြည်နယ်မှ စွန့်ခွာထွက်ပြေးသွားခဲ့ကြသည်။ ထိုသို့လုပ်ဆောင်မှုသည် မြန်မာ့နယ်ခြားစောင့် ရဲစခန်းများကို စစ်သွေးကြွများက အကြမ်းဖက် ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့် လုပ်ဆောင်ရသော တရားဝင်သည့် လုပ်ဆောင်မှုဖြစ်သည်ဟု မြန်မာဘက်က ဆိုသည်။ အမေရိကန်တို့ကမူ လူမျိုးစုရှင်းလင်းရေး လုပ်ဆောင်မှုဟု ဖော်ပြသည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများသည် တရားမဝင် ကလေးစစ်သား စုဆောင်းအသုံးပြုမှုကို ဆက်လက်ပြုလုပ်နေကြကြောင်း၊ အစီရင်ခံစာ၌ စွပ်စွဲထားသည်။ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၏ ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုက်ဖျက်ရေးတွင် ကုလသမဂ္ဂက အပြုသဘော ပါဝင်လုပ်ဆောင်မှုကို အာဏာပိုင်တို့က ဟန့်တားနေကြသည်ဟုလည်း စွပ်စွဲသည်။ မတည်ငြိမ်သော ဒေသများတွင် လုံခြုံရေးအခြေအနေကြောင့် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးမြင့်လာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

တိုင်းရင်းသား လူနည်းစုများ၊ အထူးသဖြင့် နေရပ်ပြောင်းရွှေ့ခံနေကြရသော ဘင်္ဂါလီမူဆလင်၊ ရခိုင်၊ ရှမ်း၊ ကချင်တိုင်းရင်းသားတို့မှာ ဆက်လက်ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် မတရား အလုပ်စေခိုင်းခံရခြင်း အန္တရာယ်နှင့် ဆက်လက်ကြုံတွေ့နေကြရသည်ဟု အစီရင်ခံစာ၌ ဖော်ပြသည်။

အစီရင်ခံစာနှင့်ပတ်သက်၍ အစိုးရနှင့်စစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ်များက ယနေ့ထိ တစုံတရာ တုံ့ပြန်မှတ်ချက်ပြုခြင်း မရှိကြသေးပေ။ တပ်မတော်ပိုင်းတွင် ယင်း၏တပ်ဖွဲ့များက ရိက္ခာနှင့်လုပ်အားကို မိမိဘာသာရှာဖွေရန် လိုအပ်နေပေရာ ဒေသခံများအဖို့ အရွယ်ရောက်သူများရော ကလေးသူငယ်များပါ လုပ်အားခေါင်းပုံဖြတ်ခံနေကြရပေသည်။

အစိုးရ အရာရှိများသည်လည်း ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအရ အရေးယူခြင်း မပြုနိုင်ရန် ဟန့်တားနေကြခြင်းဖြင့် လူကုန်ကူးမှုတွင် အလိုတူ အလိုပါ ပါဝင်ကျူးလွန်နေကြသည်ဟု အစီရင်ခံစာက ဆိုသည်။

လူကုန်ကူးမှုတွင် ပူးပေါင်းပါဝင်သော အစိုးရအရာရှိများကို ဥပဒေအရ အရေးယူနိုင်ရန် အစိုးရ၏ ကြိုးပမ်းမှုအချို့ရှိသော်လည်း အရွယ်ရောက်သူများအား မတရားအလုပ်စေခိုင်းမှု၊ ကလေးစစ်သား စုဆောင်းမှု၊ စစ်တပ်၏အသုံးချနေမှုများကို အရပ်ဖက်တရားရုံးများက စစ်ဆေးအပြစ်ပေးနိုင်မှုမှာ တပ်မတော်၏ အာဏာပြမှု၊ လွှမ်းမိုးမှုများကြောင့် တရားရုံး၏ လုပ်ဆောင်နိုင်မှုမှာ အကန့်အသတ်ရှိနေသည်။

လူကုန်ကူးမှုဖြင့် စွပ်စွဲခံရသော စစ်သားတစ်ဦးတစ်ယောက်မှ အရပ်ဖက်တရားရုံးတွင် တရားစွဲရုံးတင်ခံရသော သက်သေအထောက်အထား တစ်ခုမျှ မရှိခဲ့ပေ။ ကလေးစစ်သား စုဆောင်းမှုဖြင့် အရပ်သား တစ်ဦးတစ်ယောက်ကို အစိုးရက ရုံးတင်တရားစွဲခဲ့ဖူးခြင်းလည်း မရှိပေ။ သို့သော် အရပ်သားပွဲစားများက စုဆောင်းပေးနေသည်ကိုတော့ နေရာအနှံ့ သိရှိနေရသည်။

မြန်မာအမျိုးသမီးများကို လိင်ကျွန်အဖြစ် ရောင်းစားခြင်းနှင့် မိမိဆန္ဒမပါဘဲ တရုတ်အမျိုးသားနှင့် အတင်းအဓမ္မ အိမ်ထောင်ချပေးခြင်းတို့ကို ဥပဒေဖြင့် ထိန်းချုပ်ရေးအတွက်သာ မြန်မာအစိုးရက အများဆုံး ကြိုးပမ်းလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.