ဆန်းဦး
လွှတ်တော်အသီးသီးတွင် ရွေးချယ်ခံမဟုတ်သည့် ကိုယ်စားလှယ်များ ပါဝင်နေမှုအား ပြောင်းလဲရမည်ဖြစ်ပြီး ၎င်းကိုယ်စားလှယ်များအား လွှတ်တော်များအတွင်းမှ ဖယ်ထုတ်ရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံ၌ ပြောကြားလိုက်သည်။
“အခြေခံဥပဒကို ရှင်တို့ ကြည့်လိုက်မယ်ဆိုရင် လွှတ်တော်တွေရဲ့ ၂၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာပါ၊ နေရာအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းက တပ်က အဆိုပြုတဲ့ ကိုယ်စားလှယ်တွေအတွက် ဖြစ်ပါတယ်” ဟု စင်ကာပူနိုင်ငံတွင် ယနေ့ပြုလုပ်သည့် 43rd Singapore Lecture တွင် မိန့်ခွန်းပြောကြားပြီးနောက် အမေးအဖြေအစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။
“အဲဒါကြောင့် ကျွန်မတို့ဟာ နေရာအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းအတွက်ပဲ ယှဉ်ပြိုင်နိုင်ပါတယ်။ အခွင့်အရေးက ၇၅ ရာခိုင်နှုန်းပဲရရှိနေပြီးတော့ တာဝန်ကတော့ ၁၀၀ ရာခိုင်နှုန်းဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
“အဲဒါကြောင့် ကျွန်မတို့ ဒါကို ပြောင်းလဲပစ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ ပြောင်းလဲလိုကြောင်းကို ပြောကြားခဲ့ဖူးပြီး ၎င်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည့် ကာလအတွင်းကလည်း လွှတ်တော်တွင် တရားဝင် ပြောကြားခဲ့ပြီးဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
“ကျွန်မတို့ ဒါကို ပြောင်းလဲချင်ပါတယ်။
“လွှတ်တေ်ာတွေထဲက ရွေးကောက်ခံကိုယ်စားလှယ် မဟုတ်သူတွေကို ဖယ်ရှားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို ကျွန်မတို့က ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လိုအပ်တယ်ဆိုတာကို ကျွန်မတို့ ခေါင်းထဲမှာ ထည့်ပြီးတော့ တစ်ဆင့်ချင်း ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် အခြေခံဥပဒေတွင် စစ်တပ်နှင့် သက်ဆိုင်နေပြီး ဒီမိုကရေစီနည်းလမ်းမကျသော အခြားအစိတ်အပိုင်းများလည်း ပါဝင်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အဲဒါတွေအားလုံးကို ညှိနှိုင်းဆွေးနွေးပြီး ပြောင်းလဲဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်မတို့က ဒါကို လုပ်ဆောင်ရာမှာ ပြည်သူလူထုတွေကို ထိခိုက်မှုမရှိစေမယ့် နည်းလမ်းနဲ့ ဆောင်ရွက်လိုပါတယ်” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် မငြိမ်သက်မှုများ၊ ဒုက္ခများ ရောက်ခဲ့ရပြီးဖြစ်ကာ ပြည်သူများလည်း ဒုက္ခသုက္ခ အတော်များများ ခံစားခဲ့ကြရပြီးဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“တိုင်းပြည်ကို ပြောင်းပြန်လန်သွားနိုင်စေမယ့် တော်လှန်ရေးမျိုး လုပ်ဆောင်ဖို့ ပြည်သူတွေကို ကျွန်မတို့ မတိုက်တွန်းလိုပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျွန်မတို့ စိတ်ရှည်ပါမယ်။ ကျွန်မတို့ မဆုတ်မနစ် ကြိုးပမ်းနေပါမယ်။ တရားဥပဒေစိုးမိုးမှုဆိုတဲ့ မူဘောင်ထဲကနေ ကျွန်မတို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် စိန်ခေါ်မှုများ၊ ရခိုင်ပြည်နယ်အခြေအနေနှင့် ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးလုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်ခဲ့သည်။
တပ်မတော်နှင့် အစိုးရ ဆက်ဆံရေးနှင့် ပတ်သက်ပြီး မေးမြန်းမှုတစ်ခုအား ဖြေကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် တပ်မတော် ဆက်ဆံရေးမှာ “အဲဒီလောက် မဆိုးရွားပါဘူး” ဟုသာ ဖြေကြားခဲ့သည်။