ရဲမွန်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲဟာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ခွဲမထွက်ရေးနဲ့ တစ်ခုတည်းသော တပ်မတော်ထားရှိရေး ကိစ္စများနဲ့ ပတ်သက်ပြီး အဖြမထွက်ဘဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက်တွေက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အရေးကြီးအချက် ၆ ချက် ဆွေးနွေးခဲ့တဲ့အနက် ၄ ချက်ကိုသာ သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။ အရေးကြီးအချက် ၂ ချက်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စတွေကို ဖြေရှင်းကျော်လွှားနိုင်မယ့် နည်းလမ်းရှာဖွေနိုင်ဖို့နဲ့ တစ်ခုတည်းသော တပ်မတော် ထားရှိရေးတို့အတွက်ကိုတော့ တိကျတဲ့အဖြေမထွက်ခဲ့ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံးရဲ့ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တစ်ခုတည်းသော တပ်မတော်ထားရှိရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း မူအားဖြင့် သဘောတူခဲ့ကြပြီး ဘယ်လို ဖွဲ့စည်းမယ်ဆိုတာကိုတော့ ဆက်ဆွေးနွေးသွားရဦးမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စအတွက် စိုးရိမ်ချက်များကို ခေါင်းဆောင်တွေက အသီးသီး ဆွေးနွေးခဲ့ကြပေမယ့် ခွဲမထွက်ရေးဆိုတဲ့ စကားလုံးအစား အားလုံးသဘောတူမယ့် စကားလုံးတစ်ခုအတွက် ဆက်လက် ဆွေးနွေးသွားရမယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
“ကျွန်တော်တို့က ခွဲထွက်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် မူအတွက် တောင်းဆိုနေတာပါ။ အခုထိ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုတာ မရှိသေးပါဘူး။ ဖက်ဒရယ်ပုံစံ မကျပါဘူး”လို့ ပဒိုစောကွယ်ထူးဝင်းက ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲဒုတိယနေ့အပြီးတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ-သူရဇော်
အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း အောက်တိုဘာ ၁၆ ရက်နေ့ ဆွေးနွေးပွဲမှာ ခွဲမထွက်ရေးကိစ္စကို အချိန်အကြာဆုံး ဆွေးနွေးခဲ့ကြရပြီး အစိုးရဘက်ကလည်း အဲဒီကိစ္စကို ပြေလည်စေချင်တယ်လို့ ပြောပါတယ်။
“ပြည်ထောင်စု ပြိုကွဲသွားမှာကိုလည်း စိုးရိမ်တယ်။ တိုင်းရင်းသားတွေကိုလည်း အခွင့်အရေး အပြည့်ရစေချင်တယ်” လို့ သူကဆိုပါတယ်။
ဆွေးနွေးပွဲ ဒုတိယနေ့ဖြစ်တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့လည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
နှစ်ရက်ကြာဆွေးနွေးမှုအပြီးမှာ ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်မတိုင်မီ ကျင်းပမယ့် ပင်လုံညီလာခံ သုံးကြိမ်မှာ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်ဖို့အတွက် လိုအပ်တဲ့ အချိန်ဇယားနဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေအပြင် အပစ်ရပ် အဖွဲ့တချို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်တဲ့အခါမှာ အပစ်ရပ်စာချုပ်ပါ သဘောတူညီချက်များအတိုင်း ဆက်လက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ဖို့ စတာတွေကိုလည်း သဘောတူညီခဲ့ကြပါတယ်။