ဆန်းဦးနှင့် ကျော်လင်းထွန်း
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား စောလျှင်စွာပြင်ဆင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး အရေးကြီးအဆိုအား လက်ခံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်က ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် သဘောတူညီလိုက်သည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းသည့် ထိုအရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က စက်ခလုပ်နှိပ် သဘောထားခံယူကာ သဘောတူညီခဲ့ခြင်းဖြစ်သည်။
ဦးအောင်ကြည်ညွန့်တင်သွင်းသည့်အဆိုမှာ ပြည်ထောင်စုလွှတ်တော်ဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အတွက် မဲခွဲဆုံးဖြတ်ရန် မလိုအပ်ဟု တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်နာယကက စက်ခလုပ်နှိပ်မဲခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မဲခွဲဆုံးဖြတ်ချိန်တွင် ပြည်ထောင်စုလွှတ်တော်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၀၁ ဦးအနက် ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲရှိပြီး ကြားနေ ၃ မဲ ရရှိခဲ့သည့်အတွက် မဲမပေးသူ ၁၈၇ ဦးရှိသည်ကို တွေ့ရသည်။
ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၁၆၀ ဦးခန့်ရှိသောကြောင့် တပ်မတော်သားကိုယ်စားလှယ်များအပြင် အခြားကိုယ်စားလှယ်အချို့ကပါ မဲပေးမှုတွင် ပါဝင်ခြင်းမရှိခဲ့ဟု ယူဆရသည်။
အဆိုအား တင်သွင်းခဲ့သည့် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ပြည်သူအများစုက ဆန္ဒရှိနေကြသည်ဟု အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြားသည်။
“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်လိုက်တဲ့အခါမှာ ဒီမိုကရေစီကျင့်ထုံးများနဲ့ ညီညွတ်ခြင်း မရှိသေးတဲ့ ပြဌာန်းချက်တွေ၊ ရှေ့နောက်ညီညွတ်ခြင်းမရှိပဲ ကွဲလွဲဆန့်ကျင့်နေတဲ့ ပြဌာန်းချက်တွေ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ပြဌာန်းချက်တွေ၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အဟန့်အတားဖြစ်စေတဲ့ ပြဌာန်းချက်တွေ၊ အပြန်အလှန် ထိန်းကျောင်းရမယ့် ဒီမိုကရေစီမဏ္ဍိုင်ကြီးသုံးရပ်အား တစ်ဖက်စောင်းနင်း ဖြစ်စေတတ်တဲ့ ပြဌာန်းချက်တွေ၊ နိုင်ငံသားများရဲ့ တန်းတူညီမျှရှိမှုကို အကာအကွယ်ပေးနိုင်ခြင်းမရှိတဲ့ ပြဌာန်းချက်တွေနဲ့ ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတမှုကို ထိခိုက်စေတဲ့ ပြဌာန်းချက်တွေ ပါဝင်တာတွေ့ရပါတယ်” ဟု ၎င်းကပြောကြားသည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လေ့လာဆန်းစစ်မည့် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် တိုက်တွန်းခြင်းဖြစ်သည်ဟု ဦးအောင်ကြည်ညွန့်က ပြောကြားသည်။
၎င်း၏အဆိုနှင့်ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က လုပ်ထုံးလုပ်နည်းနှင့်မညီဟု ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်လိုပါက ပြင်ဆင်သည့်ဥပဒေမူကြမ်းကို ဦးစွာတင်ပြကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပူးပေါင်း ဖွဲ့စည်းထားသည့်အဖွဲ့က စိစစ်ရမည်ဟု ၎င်းကပြောသည်။
“ဒီလိုမဟုတ်ဘဲနဲ့ ဒီလိုကော်မတီဖွဲ့ပြီးတော့ စိစစ်မယ်လို့ဆိုရင် ဘယ်ပုဒ်မတွေကို စိစစ်မှာလဲ။ ကော်မတီက ဘာတွေ လုပ်မှာလဲ ဆိုတာပါ။ ပုဒ်မတွေကလည်း Unseen ,.. ကော်မတီရဲ့ လုပ်ပိုင်ခွင့်ကလည်း ဘယ်လောက်ထိ ကျယ်ပြန့်မယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ ဒါကြောင့်မို့လို့ ပြင်လို့ရှိရင်လည်း နည်းဥပဒေ ၁၃၆ အရ ပြင်ဆင်တဲ့ဥပဒေကြမ်းကိုလည်း စတင်ဆွေးနွေးခြင်းမပြုမီမှာ သက်ဆိုင်ရာ ပူးပေါင်းကော်မတီကနေလည်း ဆွေးနွေးစိစစ်ပြီးမှာ ဒီဆွေးနွေးချက်တွေရယ် ဥပဒေကြမ်းရယ်ကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ဖြန့်ဝေပေးရမှာ ဖြစ်ပါတယ် ။ ဒါ လွှတ်တော်ရဲ့ နည်းဥပဒေပုဒ်မ ၁၃၆ အတိုင်းပါ” ဟု ၎င်းကပြောကြားသည်။
၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေခြင်းမဟုတ်ဘဲ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ရန်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် မည်သည့်ပုဒ်မကိုပြင်မည်၊ ကော်မတီအနေဖြင့် မည်သို့စီစဉ်မည်ကို မသိရကြောင်းနှင့် ယခုကိစ္စမှာလည်း မဲခွဲဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ကြောင်း၎င်းက ပြောကြားသည်။
သို့သော် ပြည်သူ့လွှတ်တော်နာယက ဦးတီခွန်မြတ်က တပ်မတော်သားကိုယ်စားလှယ်၏ တင်ပြချက်ကို လက်မခံဘဲ ပယ်ချခဲ့သည်။
“ပထမအကြိမ် လွှတ်တော်သက်တမ်းမှာလည်း ဒီဥပဒေကြမ်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ လွှတ်တော်ကိုယ်စားလှယ်အဆင့်ဆင့်က ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုလည်း အဆိုရှင်ကနေပြီးမှ အဲဒီဥပဒေ ပြင်ဆင်ရေးအတွက် အားလုံး All inclusive (အားလုံးပါဝင်မှု) ဖြစ်အောင် ဆောင်ရွက်နေတဲ့ အပိုင်းလည်း ဖြစ်ပါတယ်။ ဒါတွေကို နားလည်ဖို့ သဘောပေါက်ဖို့တော့ လိုပါတယ်။ အဲဒီ အဖွဲ့ ဖွဲ့စည်းလာတဲ့ အချိန်မှာ ကိုယ်စားလှယ်များလည်း အားလုံး ပါဝင်ရမှာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် (တပ်မတော်သား) ရဲ့ တင်သွင်းချက်ကို လွှတ်တော်က လက်မခံပါဘူး ခင်ဗျာ” ဟု ၎င်းကပြောကြားသည်။
ထို့နောက် အဆိုအား ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးရန်သင့်မသင့်ကို မဲခွဲဆုံးဖြတ်မည်ဟု ကြေညာလိုက်ချိန်တွင် တပ်မတော်သားကိုယ်စားလှယ်များအားလုံးက တပြိုင်နက် မတ်တပ်ထရပ်ခဲ့ကြပြီး လွှတ်တော်နာယကထံစောဒက တက်ခဲ့ကြသည်။ ထိုအချိန်တွင် ဦးတီခွန်မြတ်က “ဒါက ဘာသဘောလဲခင်ဗျာ” ဟု မတ်တပ်ရပ်နေကြသည့် တပ်မတော်သား ကိုယ်စားလှယ်များကို မေးမြန်းခဲ့ပြီး ပြန်လည်ထိုင်ကြရန်လည်း ပြောကြားခဲ့သည်။
ထို့နောက် မဲခွဲဆုံးဖြတ်သည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ထောက်ခံမဲပေးသူ သုံးပုံတစ်ပုံကျော်ရရှိသဖြင့် အဆိုအား အတည်ပြုကာ လာမည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများတွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ယနေ့အရေးကြီးအဆိုသည် ဥပဒေကို လက်တစ်လုံးခြားလုပ်ဆောင်သည်ဟု အဆိုရှင်အား တပ်မတော်သားကိုယ်စားလှယ်မှ ပြောဆိုသည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး လွှတ်တော်တစ်ရပ်တွင် ဖြစ်လေ့ဖြစ်ထရှိသည့် ငြင်းခုံမှုမျိုးသားဖြစ်သည်ဟု Frontier ကိုပြောကြားသည်။
“နိုင်ငံတကာမှာလည်း ဒီလို Emotion (စိတ်ခံစားမှု) ပါတဲ့ ဆွေးနွေးငြင်းခုံမှုမျိုးတွေ ရှိကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက ပုထုစဉ်တွေပဲမို့ ဒါကတော့ အထူးအထွေပြောစရာမရှိပါဘူး၊ နောက်ပြီး ဒီဗိုလ်မှူးချုပ်မောင်မောင်ရဲ့ ပြောဆိုချက်ဟာ တခြားတပ်မတော်သား ကိုယ်စားလှယ်တွေ အားလုံးကို ကိုယ်စားပြုတယ်လို့တော့ မယူဆပါဘူး” ဟု ၎င်းကဆိုသည်။
အဆိုရှင် ဦးအောင်ကြည်ညွန့်ကလည်း ယခု ပူးပေါင်းကော်မတီအား ဖွဲ့စည်းပေးရန် တိုက်တွန်းချက်အဆိုကို တင်သွင်းရာတွင် မည်သို့ ဖွဲ့စည်းသင့်သည်ကိုပင် ထည့်သွင်းထားခြင်းမရှိပဲ All Inclusive (အားလုံးတန်းတူ ပါဝင်နိုင်ရေး) ဖြစ်စေရန်အတွက် ရည်ရွယ်ထားရာ ယခင်သက်တမ်းလိုပင် တပ်မတော်သား ကိုယ်စားလှယ်များလည်း ပါဝင်နိုင်ခွင့်ရှိမည်သာ ဖြစ်သကဲ့သို့ ၎င်းတို့အနေဖြင့် ဖွဲ့စည်းလိုသော ပုံစံအား တင်ပြဆွေးနွေးခြင်းလည်း ပြုလုပ်နိုင်သည်ဟု Frontier ကို ပြောကြားသည်။
“ပထမလွှတ်တော်သက်တမ်းအတွင်းမှာလည်း အလားတူကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ ကနဦးဖွဲ့စမှာ ဖွဲ့စည်းပုံးအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ လေ့လာစိစစ်ရေးဆိုပြီး အဖွဲ့ဝင် ၁၀၉ ဦးနဲ့ ကော်မတီတစ်ရပ် ဖွဲ့ပါတယ်။ နောက်တော့ အဲဒီအဖွဲ့ကိုပဲ အဖွဲ့ဝင်တွေ လျှော့ပြီး ၃၁ ယောက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုပြီး ပြောင်းဖွဲ့ပါတယ်။ ဒီအထဲတွေမှာတော့ အဲဒီ ဗိုလ်မှူးချုပ်မောင်မောင် ကိုယ်တိုင်လည်း ပါဝင်ခဲ့တာပါ။ ဒါကို အခု ဥပဒေနဲ့ မညီဘူး၊ ဆန္ဒမခံယူနိုင်ဘူးဆို ကန့်ကွက်တာကိုတော့ ဘာကြောင့် ကန့်ကွက်တယ် သူ့ပဲမေးရမှာပါ” ဟု ၎င်းက ပြောသည်။
“ကျွန်တော်အယူအဆကတော့ တပ်မတော်သားကိုယ်စားလှယ်တွေရော၊ အခုန ဒီလွှတ်တော်ထဲကို ရောက်နေပြီးသား နိုင်ငံရေးပါတီအားလုံးကနေပြီး တစ်ပါတီကို အနည်းဆုံးတစ်ဦးနှုန်းဖြစ်စေပါဝင်ခွင့် ရရင်တော့ ကောင်းမယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။