ရိုဟင်ဂျာစခန်းများအတွက် အကူအညီများလျှော့ချမည်ဟု မြန်မာကို ကုလသမဂ္ဂ သတိပေး

အေအက်ဖ်ပီ

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကို မြန်မာအစိုးရက ပိတ်သိမ်းနေစဉ်မှာပင် ထောက်ပံ့နေမှုများအား လျှော့ချမည်ဟု ကုလသမဂ္ဂက သတိပေးလိုက်သည်။ အမြစ်တွယ်နေသည့် ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုများအကြား၌ စွန့်စားလုပ်ဆောင်ရမည်ကို စိုးရိမ်မိသောကြောင့် စားဝတ်နေရေး အခက်တွေ့နေသည့် ရိုဟင်ဂျာမူဆလင် ထောင်ပေါင်းများစွာအတွက် အကူအညီများ လျှော့ချမည်ဟု သတိပေးလိုက်ခြင်းဖြစ်သည်။

အကူအညီပေးရေးအေဂျင်စီများမှာ အစိုးရအပေါ် ဖိအားပေးမှုနှင့်အတူ အကူအညီ အလွန်လိုအပ်နေသည့် အသိုင်းအဝိုင်းများအား ကယ်တင်ရေးကို ချိန်ဆဆောင်ရွက်နေရစဉ် ရှေ့မတိုးနောက်မဆုတ်သာ အကျပ်အတည်းမှာ သိသာထင်ရှားလာသည်။

မြန်မာနိုင်ငံမှ ရိုဟင်ဂျင်အများစုမှာ ၂၀၁၇ ခုနှစ်တွင် စစ်တပ်၏ နှိမ်နင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။ သို့သော်လည်း ရိုဟင်ဂျာ ၄၀၀,၀၀၀ ခန့်မှာ ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်တွင် ရှိနေကြပြီး ၎င်း တို့အနက် ၁၃၀,၀၀၀ ခန့်မှာ စုတ်ပြတ်နေသည့် စခန်းများတွင် ၂၀၁၂ ခုနှစ်ကတည်းက နေထိုင်နေကြသည်။ လက်ရှိတွင် ၎င်းတို့အား ကုလသမဂ္ဂ အေဂျင်စီများနှင့် လူသားချင်းစာနာသည့်အဖွဲ့များက ထောက်ပံ့ထားသည်။

အကျပ်အတည်းကို ကိုင်တွယ်သည့် မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအရ ရိုဟင်ဂျာ ၉,၀၀၀ ခန့်အား ထားရှိသည့် စခန်းအချို့ကို မြန်မာအစိုးရက ပိတ်ပစ်လိုက်သည်။ သို့သော်လည်း ၎င်းတို့အား ၎င်းတို့၏ ယခင်နေအိမ်များသို့ ပြန်ခွင့်မပေးဘဲရှိနေသေးရာ ၎င်းတို့မှာ အကူအညီကိုသာ အားထားနေရဆဲဖြစ်သည်။ ၎င်းတို့အား ယခင်စခန်းများနှင့် နီးကပ်သော နေရာထိုင်ခင်းအသစ်တွင် နေရာချပေးထားသည်။

ထိုကဲ့သို့ အခြေအနေက နေစရာ၊ အလုပ်အကိုင်၊ အစားအစာနှင့် လုံခြုံရေးအပါအဝင် ရိုဟင်ဂျာတို့၏ အခြေခံလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် မအောင်မြင်သည့် ပေါ်လစီတစ်ခုကို ကျားကန်နိုင်ရန်အတွက် အကူအညီပေးနေသည့် အေဂျင်စီများအား ထိရောက်စွာအသုံးချနေသည်ဆိုသည့် စိုးရိမ်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။

ဒုက္ခသည်စခန်းများ ပိတ်သည့်အစီအစဉ်မှာ အမြစ်တွယ်နေသည့် ခွဲခြားဆက်ဆံမှုအန္တရာယ်ရှိနေသည်ဟု ဇွန် ၆ ရက်နေ့စွဲနှင့် အစိုးရထံပေးပို့ခဲ့ပြီး ပေါက်ကြားသွားသည့် စာတစ်စောင်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာဌာနေ ညိနှိုင်းရေးမှူး Knut Ostby က ရေးသားထားသည်။

အသက်ကယ်အကူအညီထက်ပိုသည့် အကူအညီပေးမှုများမှာ အခြေခံအကျဆုံးအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာသွားလာခွင့်တွင် သိသာသည့်တိုးတက်မှုရှိမရှိနှင့် ဆက်စပ်နေလိမ့်မည်ဟု အကူအညီပေးအဖွဲ့များကိုယ်စား ရေးသားသည့် ၎င်းစာတွင် ဖော်ပြထားသည်။

အသက်ကယ်ကူညီမှုတွင် အစားအစာ၊ ကျန်းမာရေးနှင့် ရေတို့ပါဝင်သည်။ သို့သော်လည်း နေရာထိုင်ခင်းစီစဉ်ခြင်း၊ အမိုးအကာဆောက်လုပ်ခြင်းနှင့် ပညာရေးအဆောက်အအုံတို့ကိုမူ ရပ်ဆိုင်းနိုင်သည်ဟု အကူအညီပေးရေးအေဂျင်စီ သတင်းရင်းမြစ်များက အေအက်ဖ်ပီသို့ ပြောကြားသည်။

နှစ်ဖက်လူ့အဖွဲ့အစည်းအကြား ၂၀၁၂ ခုနှစ်က အဓိကရုဏ်းများဖြစ်ပွားပြီးနောက် အရှိန်မြင့်လာသည့် ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်မှုအား တုံ့ပြန်ရာတွင် နှေးကွေးခဲ့သည့်အတွက် ကုလမသမဂ္ဂမှာ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။ ရိုဟင်ဂျာအကျပ်အတည်းအားကိုင်တွယ်ရာတွင် ကြိုတင်ပြင်ဆင်မှုပိုင်း အောင်မြင်မှုမရှိကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်က ထုတ်ပြန်သည့် ကုလအစီရင်ခံစာတစ်ခုက ဝန်ခံခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ရခြင်းက အခြေအနေများကို လွတ်လပ်စွာအစီရင်ခံမှုအား ခက်ခဲစေသည်။ သို့သော်လည်း အမည်မဖော်သည့် NGO တစ်ခုက စခန်းငါးခုတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးများကို အေအက်ဖ်ပီက ကြည့်ရှုခဲ့သည်။ “တကယ်လို့ ကျွန်တော် အိမ်တစ်လုံးဆောက်လိုက်ရင် အသိမ်းခံရနိုင်ပါတယ်” ဟုရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်မှာ မြေပိုင်ခွင့်မရှိပါဘူး။ အချိန်မရွေး အဖမ်းခံရနိုင်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။ ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသည့် စခန်း ၂၃ ခုမှာ ထိန်းသိမ်းရေးစခန်းအဆင့်ထက် အနည်းငယ်သာ ပိုသည်ဟု အကူအညီပေးလုပ်သားတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်သည် လူမျိုးရေးခွဲခြားမှုရှိသည့် ပြည်နယ်ဖြစ်ကြောင်း နိုင်ငံလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကဖော်ပြခဲ့သည်။

အကူအညီအားလုံးအား “သတ်မှတ်ချက်များ တင်းတင်းကြပ်ကြပ်” ချမှတ်ထားရမည်” ဟု သုတေသီ လော်ရာဟိတ်က ပြောသည်။ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ပြစ်မှုများတွင် ကြံရာပါဖြစ်သွားစေနိုင်သည်ဟုလည်း ၎င်းက အလှူရှင်များကို သတိပေးခဲ့သည်။

အစိုးရကမူ ဒုက္ခသည်စခန်းများပိတ်သိမ်းခြင်းကို ကာကွယ်ပြောဆိုခဲ့ပြီး အစိုးရအနေဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ၊ NGO များနှင့်အတူ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း အေအက်ဖ်ပီကို ပြောကြားသည်။

နိုင်ငံသားစိစစ်ရေးကတ် National Verification Card (NVC) ကတ်ကိုင်ဆောင်ထားသည့် စခန်းဟောင်းနေခဲ့သူ မည်သူမဆို ၎င်းတို့၏ မြို့နယ်အတွင်း လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး သင်ယူကုသခွင့်ရမည်ဖြစ်သည့်အပြင် သက်မွေးမှုလုပ်ငန်းများလည်း ဆောင်ရွက်ခွင့်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြောကြားသည်။

၎င်းတို့အား နိုင်ငံသားလုံးလုံးအဖြစ် ဆက်ဆံသင့်သည်ဟု ယုံကြည်သောကြောင့် ရိုဟင်ဂျာအများစုက ကတ်လျှောက်ထားခြင်းကို ငြင်းပယ်ကြသည်။ လျှောက်သူအနည်းငယ်မှာလည်း တခြားမည်သူထက်မဆို အခွင့်အရေးပိုပြီး မရရှိဟု အင်တာဗျူးခံသူများက ပြောကြားကြသည်။ ၎င်းတို့အား ဘင်္ဂလီဟု သတ်မှတ်ရန်လည်း ဖိအားပေးခံရပြီး ၎င်းဝေါဟာရက ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်မှ လာရောက်သည်ဟု အဓိပ္ပါက်သက်ရောက်လျက်ရှိသည်။

“သူတို့က ကျွန်တော်တို့ကို ကြီးစိုးပြီး ကျွန်တော်တို့ဟာ နည်းအမျိုးမျိုးနှင့် တရားမဝင်သူဖြစ်အောင်လုပ်ဖို့ ကြိုးစားနေကြတာပါ” ဟု ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.