ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကိုကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ချီတက်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကဦးဆောင်ပြီး တောင်ကြီးတွင် ယနေ့ကျင်းပသည်။
ဥပဒေကြမ်းတွင် တိုင်းရင်းသားတစ်ဦးဦးက မိဘသဖွယ် တစ်အိမ်ထောင်လျှင် ကလေး နှစ်ဦးကို မွေးစားခွင့်ပြုခြင်းသည် မည်သည့်နိုင်ငံသားမှ မွေးဖွားသည့်ကလေးဆိုသည်မပါသဖြင့် နိုင်ငံတကာမှကလေးကိုလည်း မွေးစားခွင့်ပြုသည့်အဖြစ်ရောက်နေ၍ ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။
“ကျွန်တော်တို့နိုင်ငံက စားဝတ်နေရေးတောင် မပြေလည်တဲ့ကြားက ဒီလိုခေါ်မွေးစားလိုက်မယ်ဆိုရင် ကျွန်တေ်ာတို့ သားသမီးတွေရဲ့ နောင်လာမယ့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအသီးသီးမှာ ဦးမနိုင် ပဲ့မနိုင်ဖြစ်သွားမှာစိုးတဲ့အတွက် ဆန္ဒထုတ်ဖော် ကန့်ကွက်ရခြင်းဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် ပြည်ထောင်စု ကြံံံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီ အကြံပေး ဦးကျော်ကျော်က ပြောသည်။
အမျိုးသားရေးလှုပ်ရှားသူများအဖွဲ့အချို့ ပူးပေါင်းပါဝင်သည့် ယင်းဆန္ဒထုတ်ဖော်ပွဲကို တောင်ကြီးမြို့ မင်းကျောင်းရှေ့တွင်စုဝေးပြီး ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ကျောက်တိုင်ကွင်းသို့ ချီတက်ကြပြီး အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ တိုင်းပြည်အဖျက်မှန်သမျှ ချေမှုန်းရေး ဒို့အရေး စသည်တို့ကို ကြွေးကြော်သွားကြသည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း (၂၀၁၉) တွင် ‘နိုင်ငံခြားသား ကလေးအား မွေးစားမှုကြောင့် ထိုကလေးသည် နိုင်ငံသား၊ သို့မဟုတ်၊ ဧည့်နိုင်ငံသား၊ သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် မရရှိစေရ’ ဟု ဖော်ပြထားသဖြင့် အများပြည်သူတို့ စိုးရိမ်စရာ မလိုကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သမ္မတအိမ်တော်၌ ဇူလိုင် ၅ ရက်ညနေ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။