လူဦးရေငါးသန်းအား 4G ကွန်ရက်ဖြင့် လွှမ်းခြုံနိုင်ပြီဟု အူရီဒူးက ကြေညာ

ရန်ကုန်၊ ဇွန် ၁

မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ် ၅၂ မြို့နယ်ရှိ လူဦးရေ ငါးသန်းအား အူရီဒူး 4G/LTE ကွန်ရက်ဖြင့် လွှမ်းခြုံထားနိုင်ပြီဖြစ်သည်ဟု အူရီဒူးမြန်မာက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော 4G ကွန်ရက်ကို ၂၁၀၀ MHz လှိုင်းနှုန်းစဉ်ဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံနှင့် မကွေးမြို့များတွင် အူရီဒူးက စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အစိုးရထံမှ ၁၈၀၀ MHz လှိုင်းနှုန်းစဉ်အား မေလအစောပိုင်းတွင် ထပ်တိုးရရှိသဖြင့် အဆိုပါလှိုင်းနှုန်းစဉ်သစ်ဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ကွန်ရက်အဆင့်မြှင့် ချဲ့ထွင်ခြင်းများ ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သုံးစွဲသူတွေအတွက် 3G နည်းပညာကပေးအပ်နိုင်တာထက်ပိုတဲ့ ပိုမိုသာလွန်ကောင်းမွန်တဲ့ အင်တာနက် လိုအပ်ချက်တွေ အမြောက်အမြားရှိနေပါတယ်။ ဥပမာအားဖြင့် ဖုန်းနဲ့တီဗွီ တိုက်ရိုက်ကြည့်တာလိုမျိုးစတဲ့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကို လိုအပ်နေပါတယ်။ လွန်ခဲ့သည့်နှစ်ပတ်လောက်ကတည်းက အူရီဒူးအနေဖြင့် ကွန်ရက်အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေ အဆင်မပြေတာမျိုး ထပ်ရှိမလာနိုင်တော့ဘူးလို့ ယုံကြည်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

၁၈ဝဝ MHz လှိုင်းနှုန်းစဉ်သည် 4G အသုံးပြုသူများအတွက် ပြည့်စုံကောင်းမွန်သည့် သုံးစွဲသူအတွေ့အကြုံကို ပေးအပ်နိုင်မည်ဖြစ်ပြီး ယခင်နည်းပညာထက်နှစ်ဆ ပိုမိုမြန်ဆန်မည်ဖြစ်ပြီး အထူးသာလွန်ကောင်းမွန်သည့် 4G အင်တာနက်အား ပေးအပ်နိုင်မည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အူရီဒူးအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းမှ လှိုင်းနှုန်းစဉ်သစ်များ ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် အဆိုပါ ထပ်တိုးလှိုင်းနှုန်းစဉ်ရရှိရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၈ဝ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာသုံးခုလုံးမှာ ၁၈၀၀ MHz  လှိုင်းနှုန်းစဉ် အသုံးပြုခွင့်ရရှိနေပြီဖြစ်ကာ 4G/LTE ကွန်ရက်ဝန်ဆောင်မှုများကို မြို့ကြီးအချို့တွင် စတင်ပေးအပ်နေပြီဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.