အံ့ဖွယ်ဆေးဝါးနဲ့ ကင်ဆာကုတဲ့ ရန်ကုန်က ဆေးဆရာတွေ

ရန်ကုန်မြို့က ဗိန္ဓောပျောက်စေဆရာတွေ ပြုလုပ်တဲ့ ထူးဆန်းတဲ့ ဆေးမှုန့်က အလွန်အမင်း ဖျားနာတာတွေကို ကုစားနိုင်တယ်လို့ ဆိုကြပေမဲ့ ခိုင်လုံတဲ့သက်သေ မရှိသေးဘဲ သဏ္ဍာန်တူ ဆေးဝါးသာသာပဲ ဖြစ်နေပါတယ်။

ဂျော့ရှူဝါ ကာရိုး ရေးသားသည်။ ဓာတ်ပုံ – မာရို ဗာလီ

ဦးဝင်းမောင်ဟာ ရန်ကုန်မြို့က ဗိန္ဓောပျောက်စေဆရာတစ်ဦးဖြစ်ပြီး အဝါဖျော့တော့တော့ ဆေးလုံးတွေပါဝင်တဲ့ ပလတ်စတစ်အိတ်ကို ထုတ်ကာ သူ့ရှေ့နားက ကြမ်းပြင်ပေါ်ကို ဆေးလုံးတွေကို ပစ်ချလိုက်ပါတယ်။ သူကတော့ ဒီဆေးလုံးလေးတွေဟာ ကင်ဆာ၊ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ AIDS နဲ့ ငှက်ဖျားရောဂါတွေ ပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှိ အဖိုးကြီးတစ်ယောက်ဟာ သူပြောတာကိုရော သူယုံရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ဒါပေမဲ့ လူတော်တော်များများက သူ့ကိုယုံပြီး ဆေးလုံးတွေအတွက်လည်း ငွေကြေးအမြောက်အမြား ပေးကြပါတယ်။ သူ့အဆိုအရတော့ ဒီဆေးလုံးတွေမှာ ထူးခြားတဲ့ ရွှေပြာမှုန့်တွေ ပါတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အရှေ့ပိုင်းက ဦးဝင်းမောင်ရဲ့ ဆေးကုခန်းကို တစ်နေ့ လူ ၁၅ ယောက်လောက် လာကြပြီး အဖြစ်အများဆုံး ရောဂါတွေက ဗိုက်မကောင်းတာကနေ ဆီးချိုရောဂါနဲ့ အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်ရောဂါအထိ ရှိတတ်ကြပါတယ်။ ဦးဝင်းမောင်ဟာ သူ့ရဲ့ ထူးဆန်းတဲ့ဆေးလုံးကို မပေးခင်မှာ လူနာတွေရဲ့ရောဂါအခြေအနေ၊ အစာစားမှု၊ အိပ်စက်မှု အခြေအနေတွေကို ဆွေးနွေးပါတယ်။

ဒီဆေးမှုန့်ကို ပြုလုပ်ဖို့ ရွှေအပါအဝင် တခြားဓာတ်သတ္တုပေါင်းများစွာကို အပူပေးပြီး နှစ်ပေါင်းများစွာ ဖိုထိုးခဲ့ရ၊ မြေကြီးထဲ မြှုပ်နှံခဲ့ရနဲ့ နည်းလမ်းပေါင်းစုံ သုံးပြီးဖော်စပ်ခဲ့ရတယ်လို့ ဦးဝင်းမောင်ရဲ့ ဆေးကုသရေး စင်တာက ဆိုပါတယ်။

U Win Maung claims his ointment can cure cancer, AIDS and malaria. (Maro Verli / Frontier)

U Win Maung claims his ointment can cure cancer, AIDS and malaria. (Maro Verli / Frontier)

“အမဲသားနဲ့ ဝက်သားမစားနဲ့” လို့ ဦးဝင်းမောင်က သူ့လူနာကို ဆေးရောင်းတဲ့နေရာကို မပို့ပေးခင် ပြောလိုက်ပါတယ်။ ဆေးရောင်းတဲ့နေရာက စားပွဲခုံ အပုလေးမှာ အမျိုးသမီးတစ်ဦးက ဆေးမှုန့်နဲ့ ဆေးလုံးတွေကို ထုတ်ပေးပါတယ်။

တကယ်တော့ ဒီရွှေပြာမှုန့် တစ်ခုတည်းကို သောက်သုံးတာက မလုံလောက်ပါဘူး။ လူနာတွေအနေနဲ့ ညွှန်ကြားထားတဲ့ စည်းကမ်းတွေဖြစ်တဲ့ အရက်သေစာ သောက်စားခြင်းနဲ့ ဇိမ်ခံခြင်းတို့ကိုလည်း မပြုလုပ်ရဘူးလို့ သိရပါတယ်။ တကယ်လို့ ဆေးက မစွမ်းဘူးဆိုရင် ဒါဟာ လူနာအနေနဲ့ စည်းကမ်းတွေကို မလိုက်နာလို့ ဖြစ်တယ်လို့ ဦးဝင်းမောင်နဲ့ သူ့နောက်လိုက်များက ဆိုပါတယ်။

ရွှေပြာမှုန့်အကြောင်းဟာ အွန်လိုင်းမှာလည်း နာမည်ကြီးသလို ဗိန္ဓောပျောက်စေပညာကိုလည်း ယုံကြည်ပြီး ဗီဒီယိုတွေတင်၊ ဆောင်းပါးတွေ ရေးကြတဲ့ အနောက်တိုင်းသားအများစုကြောင့် ဦးဝင်းမောင်ရဲ့ ဆေးဝါးကုသရေးစင်တာက နိုင်ငံတကာအထိ ကျော်ကြားပါတယ်။

U Win Maung's home in Yangon. (Maro Verli / Frontier)

U Win Maung’s home in Yangon. (Maro Verli / Frontier)

“ကျွန်တော်တို့ အေ့ဒ်စ်လူနာ အများကြီးကို ကုသပေးနိုင်ခဲ့တယ်”လို့ သူက ဆိုပါတယ်။ သူ ပြခဲ့တဲ့ မှတ်တမ်းတင် သက်သေတွေကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ သူ့လူနာတွေဆီက ကျေးဇူးတင်ကြောင်း ရေးပို့လိုက်တဲ့စာ၊ ဒါမှမဟုတ် အီးမေးလ်တွေပဲ ဖြစ်ပါတယ်။

“ကျွန်တော့်ရောဂါ လုံးဝ ပျောက်သွားပြီ”လို့ ၁၉၈၂ ခုနှစ်အတွင်းက အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်ရောဂါ စစ်ဆေးတွေ့ရှိခဲ့တဲ့ သြစတြီးယားက လူနာတစ်ဦးက ရေးသားခဲ့ပါတယ်။ သူ့စာထဲမှာ သူ့အနေနဲ့ အိပ်ချ်အိုင်ဗီပိုး နဲ့ပတ်သက်တဲ့ ဆေးဝါးတွေ ထွက်ပေါ်လာတဲ့ ၁၉၈၇ ခုနှစ်အထိ ဒီရောဂါကို ဘယ်လို ကြံကြံခံ ရှင်သန်နိုင်ခဲ့တယ် ဆိုတာလည်း ရေးသားထားပါတယ်။

Frontier အနေနဲ့ ထိုသူနဲ့ တခြား ဦးနှောက်အကြိတ်ရောဂါ အပါအဝင် ဆိုးဆိုးရွားရွား ရောဂါတွေ ပျောက်ကင်းတယ်လို့ ပြောကြားထားတဲ့ စင်တာရဲ့စာရင်းပါ ဝေဒနာသည်တွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလူတွေကို ဖုန်းခေါ်ဆိုလို့ မရနိုင်ခဲ့တဲ့အပြင် အီးမေးပို့တိုင်းလည်း “failed to deliver”ဆိုတဲ့ အီးမေးလ် ပို့နိုင်ခြင်း မရှိဘူးဆိုတဲ့စာသာ ပြန်လည်လက်ခံရရှိခဲ့ပါတယ်။

တခြားလူနာတွေကို သူတို့ရောဂါတွေ သက်သာပျောက်ကင်းသွားပုံနဲ့ပတ်သက်ပြီး ဆက်သွယ်နိုင်မယ့် အသေးစိတ် အချက်အလက်ကို ဦးဝင်းမောင်ကို မေးမြန်းခဲ့ပေမဲ့ သူက ငြင်းဆန်ခဲ့ပါတယ်။ လူနာတွေဟာ ရောဂါပျောက်ကင်းတာနဲ့ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ဦးဝင်းမောင်က ဆိုပြီး သူတို့နဲ့လည်း အဆက်အသွယ်မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

အဆက်အသွယ်မရှိဘူးဆိုရင် လူနာတွေ ရောဂါသက်သာပျောက်ကင်းတာ ဘယ်လိုသိသလဲလို့ မေးမြန်းရာမှာတော့ ဦးဝင်းမောင်က မေးခွန်းကို ရှောင်လွဲပြီး လူနာတွေဟာ မီဒီယာတွေနဲ့ မဆက်ဆံချင်တဲ့အတွက် သူတို့ရဲ့ ဆက်သွယ်ရမယ့် လိပ်စာအတိအကျကို မပေးနိုင်ဘူးလို့ ပြောပါတယ်။

U Win Maung. (Maro Verli / Frontier)

U Win Maung. (Maro Verli / Frontier)

စင်တာအနေနဲ့ လူနာတွေရဲ့ လိပ်စာအတိအကျ မရှိဘူးလို့ ပြောလိုက်ချိန်မှာတော့ ဒီအင်တာဗျူးက နည်းနည်းလေး အဖုအထစ် ရှိသလို ဖြစ်သွားခဲ့တာ အမှန်ပါပဲ။

“ခင်ဗျားတို့ တစ်ခေါက် ပြန်လာပြီး ဓာတ်ပုံရိုက်လို့ ရပေမဲ့ ပြဿ     နာတော့ မဖြစ်ပါစေနဲ့”လို့ ကျွန်တော်တို့ Frontier ဓာတ်ပုံဆရာက စင်တာကို ဓာတ်ပုံရိုက်ဖို့ စီစဉ်နေချိန်မှာ ဦးဝင်းမောင်က ပြောလိုက်ပါတယ်။

သိပ္ပံနည်းအရ ဒီရွှေပြာမှုန့်ရဲ့ အကျိုးအာနိသင်ကို စမ်းသပ်မှုက စေ့စပ် တိကျမှု မရှိခဲ့ပါဘူး။ လူ့ဘဝရှင်သန်မှု အရည်အသွေး စောင့်ကြည့်လေ့လာမှုအတွက် ဆေးဘက်နှင့် တစ်ကိုယ်လုံး စစ်ဆေးကုသမှုဆိုင်ရာ စနစ်များကို လုပ်ဆောင်ပေးတယ်လို့ ဝက်ဘ်ဆိုက်မှာ ရေးသားထားတဲ့ ဆွစ်ဇာလန်အခြေစိုက် CME Swiss AG ကနေ စစ်ဆေးမှုရလဒ်လို့ အမည်ပေးထားတဲ့ မှတ်တမ်းတစ်ခုလည်း အဲဒါတွေမှာ ပါဝင်ပါတယ်။

စစ်ဆေးမှုရလဒ်ထဲမှာ ဒီရွှေပြာမှုန့်ဟာ “လူ့ကိုယ်အင်္ဂါစနစ် လုပ်ဆောင်ပုံတွေနဲ့ ဆဲလ်အဆင့်တွေအတွက် အထွေထွေ ကောင်းမွန်မှုရှိတယ်”လို့ ဖော်ပြထားပါတယ်။ လူတော်တော်များများကတော့ စီအမ်အီး CME စမ်းသပ်မှုစနစ်ထဲက ဆေးဘက်ဆိုင်ရာစနစ်ကို မေးခွန်းထုတ်ချင်ကြပါလိမ့်မယ်။ ကုမ္ပဏီကတော့ ဒီမှတ်တမ်းအတွက် တာဝန်မရှိဘူးလို့ ငြင်းထားပါတယ်။

“ကျွန်တော်တို့ ကုမ္ပဏီက ဒီမှတ်တမ်းကို ထုတ်ခဲ့တာ မဟုတ်ဘူး”လို့ CME ရဲ့ အမှုဆောင်အရာရှိလို့ ဆိုသူက ပြောကြားခဲ့ပေမဲ့ Frontier က ဆက်သွယ်ချိန်မှာတော့ သူ့ရဲ့နာမည်ကို ပြောဖို့ ငြင်းခဲ့ပါတယ်။ မှတ်တမ်းရလဒ်ဟာ ဝန်ထမ်းတစ်ဦးရဲ့ သီးသန့်လုပ်ဆောင်မှုသာ ဖြစ်နိုင်ဖွယ်ရှိပြီး ရန်ကုန်က ဦးဝင်းမောင်ရဲ့စင်တာအနေနဲ့ အဲဒီမှတ်တမ်းကို ဆက်လက်အသုံးမပြုဖို့ CME က တောင်းဆိုခဲ့တယ်လို့လည်း ထိုသူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဦးဝင်းမောင်က သူ့ရဲ့အဆိုကို သက်သေပြနိုင်မယ့် အထောက်အထားတွေ ထုတ်မပြနိုင်ခဲ့ဘူး ဆိုပေမဲ့ လူတွေကတော့ သူ့ရဲ့ဆေးကို ငွေကြေးအမြောက်အမြား ပေးဝယ်သုံးနေကြတုန်းပါပဲ။ ရန်ကုန်ကို မလာနိုင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ ရွှေပြာမှုန့်ကို အွန်လိုင်းက မှာယူနိုင်ပါတယ်။ အမေရိကန်အခြေစိုက် ဝက်ဘ်ဆိုက်တစ်ခုမှာတော့ ရွှေပြာမှုန့် လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံကို ဒေါ်လာ ၁၀၀ လို့ ရေးသားထားပါတယ်။ ထူးဆန်းတဲ့ ရွှေပြာမှုန့်ရဲ့အံ့ဘနန်းအစွမ်းထက် ပိုပြီး ဆန်းကြယ်တဲ့အဖြစ်က ဒီပိုက်ဆံတွေ ဘယ်ရောက်သွားသလဲ ဆိုတာပါပဲ။

လက်ရှိမှာ ပျက်သုဉ်းသွားပြီဖြစ်တဲ့ ဂျာမန်ဗိန္ဓောပျောက်စေအဖွဲ့က စင်တာကိုယ်စား ဥရောပမှာ ဆေးတွေ ရောင်းပေးပြီး တစ်လကို ဒေါ်လာ ၁၀,၀၀၀ ပြန်ပို့ပေးတယ်လို့ ဦးဝင်းမောင်က ဆိုပါတယ်။ အဲဒီအဖွဲ့က ဆေးဖြန့်ဖြူးပေးရတဲ့အတွက် အခကြေးငွေ ယူပါတယ်။

ဒါ့အပြင် ဥရောပ၊ အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံခြားသားတွေကလည်း စင်တာကို မကြာမကြာဆိုသလို လာကြပြီး ရွှေပြာမှုန့်နဲ့ ဆေးလုံး ဒေါ်လာ ၁,၀၀၀ ဖိုးလောက် ဝယ်လေ့ရှိတယ်လို့ ဦးဝင်းမောင်က ဆိုပါတယ်။ ဒါ့အပြင် သူ့စင်တာကိုလာပြီး ကျေးဇူးဆပ်တဲ့အနေနဲ့ လှူဒါန်းတဲ့လူနာဟောင်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

Maro Verli / Frontier

Maro Verli / Frontier

ဦးဝင်းမောင်ဟာ သူ့အနေနဲ့ စီးပွားရေးလုပ်ငန်း လုပ်နေတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေကို ဘုရားတည်ဖို့ လှူဒါန်းနေပြီး အဲဒီထဲက တစ်ဆူကတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့က အောင်ကျေးသား ဘုရား ဖြစ်တယ်လို့ ဦးဝင်းမောင်က ဆိုပါတယ်။ လှူဒါန်းဖို့ငွေကို ဖယ်ထုတ်ထားပြီး ကျန်ရှိတဲ့ငွေတွေကို ကုန်ကျစရိတ်နဲ့ ဝန်ထမ်းလစာတွေအတွက် အသုံးပြုတယ်လို့ သိရပါတယ်။ ဝန်ထမ်းလစာတွေကလည်း အသင့်အတင့်သာ ဖြစ်ပါတယ်။ “ကျွန်တော် လခအနေနဲ့ တစ်လကို ကျပ် ၇၀,၀၀၀ ယူပါတယ်”လို့ ဦးဝင်းမောင်းက ပြောပါတယ်။

ရွှေပြာမှုန့်ကို တီထွင်ခဲ့ပြီး သူ့ကိုယ်သူ အဂ္ဂိရတ်ဆရာလို့ သတ်မှတ်ထားတဲ့ ဆရာကြီးဦးရှိန်း မကွယ်လွန်မီ ကျွန်တော်နဲ့တွေ့ဆုံခဲ့ဖူးတာမှာ ငွေကြေးအကြောင်း မေးမြန်းတဲ့အခါ သူက ပိုပြီး တင်းမာတဲ့ တုန့်ပြန်မှုတွေ ရှိခဲ့ပါတယ်။ ဆရာကြီးဦးရှိန်းက ၂၀၁၄ ခုနှစ်မှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။

ဆေးကုစင်တာကို ဗုဒ္ဓရွှေသားဆင်းတုတော်တွေ၊ ကျားရုပ်တုတွေ၊ ပန်းချီကားတွေနဲ့ အလှဆင်ထားပါတယ်။ ဒါတွေကို ဝယ်ဖို့ ဘယ်က ပိုက်ဆံရလဲလို့ မမေးခင်မှာပဲ ဒီအပြင်အဆင်တွေကို ကျွန်တော် သတိထားမိခဲ့တာ ဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့အဖြေအတွက် သူက လက်ထောက်တစ်ယောက်ကို နိုင်ငံတကာငွေကြေးတွေ ပါဝင်တဲ့ အလှူခံပုံးကို သယ်လာခိုင်းပါတယ်။ သူက စကားတစ်လုံးမှ မပြောဘဲ သယ်လာတဲ့ အလှူခံပုံးကို ကြမ်းပြင်ပေါ်ကို မှောက်ချလိုက်တဲ့အခါ ငွေစက္ကူတွေ တစ်ထပ်ကြီး ထွက်ကျလာပါတော့တယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.