သေမင်းတမန် အမြန်လမ်းမကြီးပေါ်တွင် ဘေးကင်းစေဖို့

အမည်ဆိုးဖြင့် ကျော်ကြားနေသည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတစ်လျောက်  ယာဉ်မတော်တဆမှုများနှင့် သေဆုံးမှုများကို လျှော့ချရန် စီမံကိန်းတစ်ခုကို မြန်မာအစိုးရနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေသည်။ 

အိုလီဗာ စလိုး ရေးသားသည်။

၂၀၁၃ ခုနှစ် ဇွန်လတွင် Mr Christopher Lavender သည် နေပြည်တော်မှ ရန်ကုန်သို့ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကားဖြင့် ပြန်လာခဲ့သည်။

“ကျွန်တော်တို့ သွားခဲ့တဲ့လမ်းကို သေမင်းတမန် အမြန်လမ်းမကြီးလို့ ခေါ်ဆိုကြတာကို ကျွန်တော်နောက်မှ သိခဲ့ရတယ်” ဟု ၎င်းက Frontier ကို ပြောသည်။

၎င်းက လုပ်ဖော်ကိုင်ဖက် မြန်မာတစ်ဦးနှင့်အတူ ကား၏နောက်ခန်းတွင် ထိုင်ပြီး ၎င်း၏မိတ်ဆွေ Mr. Peter Gautschi ကမူ ရှေ့ခန်း ယာဉ်မောင်း၏ ဘေးတွင် ထိုင်ခဲ့သည်။

“ကျွန်တော်တို့ရှေ့က ကားကို ကျွန်တော်တို့ကားက တိုးဝင်တာကို သတိထားမိတဲ့အချိန်မှာ ကျွန်တော်တို့ စကားပြောနေတာပါ။ Peter ကလည်း သတိထားမိပြီး ယာဉ်မောင်းကို သတိပေးလိုက်ပါတယ်” ဟု Lavender က ပြန်ပြောင်း ပြောပြသည်။ ယာဉ်မောင်းက အရက်သောက်သုံးထားခြင်း မရှိသော်လည်း ၎င်းကို ကြည့်ရသည်မှာ  သတိမကပ်သည် ပုံပေါ်နေသည်ဟု Lavender ကဆိုသည်။

အန္တရာယ်ကို သတိထားမိပြီးနောက် ယာဉ်မောင်းက ကားကို လမ်းဘေးကို ကွေ့လိုက်ပြီးနောက် ကားမှာ မြောင်းထဲသို့ ထိုးကျသွားသည်။ ထို့နောက် ကာမှောက်သွားခဲ့ပြီး Gautschi တစ်ယောက် လည်ပင်းရိုးကျိုးကာ ထိုနေရာတွင်ပင် သေဆုံးသွားခဲ့သည်။ ၎င်းတို့ ကျော်တက်နေသော ကားလည်း လူးလိမ့်ထွက်သွားပြီးနောက် ထိုကားပေါ်မှ ခရီးသည်နှစ်ဦးလည်း သေဆုံးသွားခဲ့သည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင်ဖွင့်လှစ်ခဲ့သော ထိုအမြန်လမ်းမကြီးသည် ၃၆၄ မိုင်ရှည်လျားပြီး ရန်ကုန် နေပြည်တော်နှင့် မန္တလေးကို ချိတ်ဆက်ထားသည်။ ၎င်းအမြန်လမ်းမကြီး စတင်ဖွင့်လှစ်သည့် အချိန်မှစပြီး မြန်မာနိုင်ငံတွင် အန္တရာယ်အများဆုံး အဝေးပြေးလမ်းမအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (Word Health Organization) ၏ ခန့်မှန်းချက်အရ ပြီးခဲ့သောသုံးနှစ်အတွင်းတွင် ထိုအမြန်လမ်းမပေါ်တွင် သေဆုံးသူ ၄၀၀ ခန့် ရှိခဲ့သည်ဟု ဆိုသည်။ WHO ၏ လေ့လာချက်အရ ၂၀၁၅ ခုနှစ်တွင် ထိုအမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှု ၄၅၃ ခုရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ၂၅၉ မှုရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လမ်းမများ ဘေးကင်းလုံခြုံရေးသည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေသည်။ ၂၀၁၅ ခုနှစ် WHO ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံပြီးလျှင် အရှေ့တောင်အာရှတွင် ယာဉ်မတော်တဆမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ WHO ၏ ခန့်မှန်းချက်အရ ၂၀၁၃ ခုနှစ်တွင်  မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော် ရှိခဲ့ရာ ၎င်းမှာ လူအယောက် တစ်သိန်းတွင် ၂၀ ဒသမ ၃ ဦး သေဆုံးနေခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ နှုန်းမှာမူ လူအယောက်တစ်သိန်းတွင် ၃၆ ဒသမ ၂ ဦး သေဆုံးနေသည်။ အရှေ့တောင်အာရှဒေသ၏ ပျမ်းမျှသေဆုံးနှုန်းမှာ ၁၇ ဒသမ ၀ ဦးဖြစ်သည်။

ယာဉ်မတော်တဆမှုများသည် မြန်မာနိုင်ငံတွင် စိုးရိမ်ဖွယ်ရာကောင်းသော အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်ဖြစ်လာနေသည်ဟု WHO ၏ ပြောရေးဆိုခွင့်ရှိသူက Frontier ကို ပြောကြားသည်။

“ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကားအသုံးပြုမှုတွေ တဟုန်ထိုး များပြားလာခဲ့ပါတယ်။ အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ ကားအစီးရေ လေးသိန်းခန့် တင်သွင်းခဲ့ပါတယ်။ ဒါဟာ ပြဿနာကို ပိုမိုဆိုးရွားစေတာပါ” ဟု APB Alliance Brewery Company မှ ကော်ပိုရိတ်ဆက်ဆံရေး ဒါရိုက်တာ Ms Zita Schellekens က ပြောကြားသည်။ ၎င်းအဖွဲ့အစည်းက လမ်းမများ ဘေးကင်းရေးစီမံကိန်းကို မြန်မာအစိုးရနှင့်အတူ  လုပ်ဆောင်နေသည်။

“ယာဉ်စည်းကမ်းတွေကို နားလည်သိရှိမှု မရှိခြင်းနဲ့ ဘေးကင်းစွာ မမောင်းနှင်တတ်မှုတွေက ပြဿနာကို ပိုဆိုးစေပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လမ်းမဘေးကင်းရေးအတွက် အရေးကြီးဆုံးအချက် ခုနစ်ခုကို စီမံကိန်းဖြင့် APB/ ABC က လုပ်ဆောင်လျက်ရှိသည်။ ထိုအချက်များမှာ ယာဉ်မောင်းခါးပတ်မပတ်ခြင်း၊ ယာဉ်မောင်းနေစဉ် ဖုန်းပြောခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားမောင်းနှင်ခြင်း၊ လမ်းသွားလမ်းလာများကို အာရုံ မထားခြင်း၊ ယာဉ်ပေါ်တွင် ကုန်ပစ္စည်း သို့မဟုတ် လူများ မတန်တဆတင်ဆောင်ခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ ဦးထုပ်မဆောင်းခြင်း စသည်တို့ဖြစ်သည်။ ထိုအချက်ခုနစ်ချက်ကို ပိုမို အာရုံစိုက်လာစေရန်အတွက် မူဝါဒ ဆွေးနွေးပွဲကို စက်တင်ဘာလက နေပြည်တော်တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် ယာဉ်မောင်းစဉ် ခါးပတ်ကြိုးတပ်ရန်၊ မိုဘိုင်းဖုန်း အသုံးမပြုရန်၊ တရားမဝင်ဆေးဝါး မသုံးစွဲရန် ပြဋ္ဌာန်းထားသော အမျိုးသားဥပဒေ မရှိဟု WHO ၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။  WHO ၏ ၂၀၁၀ ခုနှစ်က အဆင့်သတ်မှတ်ချက်အရ ယာဉ်မောင်းရာတွင် အရှိန်ကန့်သတ်မှုနှင့် အရက်သေစာ မသောက်စားရန် တားမြစ်မှုတို့ကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံက ၁၀ မှတ်တွင် ငါးမှတ် ရရှိထားသည်။

လမ်းမဘေးကင်းလုံခြုံရေးသည် နိုင်ငံလုံးဆိုင်ရာ အရေးကိစ္စတစ်ရပ်ဖြစ်သော်လည်း အဆိုးရွားဆုံးနှင့် လူသိအများဆုံး ယာဉ်မတော်တဆမှုများသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

ရန်ကုန်မြို့ တွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အမှုဆောင်အရာရှိအဖြစ် လုပ်ကိုင်နေသော Mr. David Smith ကလည်း ၂၀၁၄ ခုနှစ်တွင် နေပြည်တော်သို့ ခရီးသွားစဉ် ကား၏ ရှေ့မှ ကျွဲတစ်ကောင် ဖြတ်ပြေးသွားသည်ကို ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။

ကား၏ နောက်ခန်း ညာဘက်တွင် ထိုင်ခဲ့သော ၎င်းက “ကျွန်တော်တို့ ကျွဲကို ပွတ်ကာသီကာလေး လွဲသွားတာပါ။ တစ်တန်ခန့် ကိုယ်အလေးချိန်ရှိတဲ့ ကျွဲကြီးကို ဒီလိုအရှိန်နဲ့ မောင်းလာတဲ့ကားက ရှောင်ဖို့မလွယ်ပါဘူး” ဟု ဆိုသည်။

ထိုအမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပေါ်နေသော အန္တရာယ်ကို သိရှိပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနနှင့် WHO တို့က ထိုလမ်းမပေါ်ရှိ အဓိက ဘေးကင်းလုံခြုံရေး ကိစ္စရပ်များကို သုံးသပ်ဖော်ထုတ်ရန် စီမံကိန်းတစ်ခု ချမှတ်ခဲ့သည်။

WHO ၏ ပြောခွင့်ရပုဂ္ဂိုလ်က “ကဏ္ဍမျိုးစုံ ပါဝင်တဲ့ ဒီစီမံကိန်းက အနာဂတ်မှာ အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မူဝါဒ အကြံပေးချက်တွေ၊ လုပ်ဆောင်ချက်တွေကို ဖွံ့ဖြိုးအောင် လုပ်ဆောင်ရန် ကနဦးအဆင့်ပါပဲ” ဟု ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီမံကိန်းတွင် အဝေးပြေး ယာဉ်ထိန်းရဲများဖြင့် ယာဉ်စည်းကမ်းများကို ပိုမို တင်းကျပ်အောင် လုပ်ဆောင်ခြင်း၊ အမြန်လမ်းမကြီးရှိ အန္တရာယ်ရှိသော အစိတ်အပိုင်းများကို ရှာဖွေပြုပြင်ခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေး ဝန်ဆောင်မှုများကို တိုးတက်အောင် လုပ်ဆောင်ခြင်းတို့ ပါဝင်သည်။

အမြန်လမ်းမကြီးပေါ်တွင် အန္တရာယ်များရခြင်း၏ အဓိကအကြောင်းရင်းမှာ ယာဉ်မောင်းများသည် လမ်းမကြီး၏ ရှည်လျားဖြောင့်ဖြူးသော လမ်းအစိတ်အပိုင်းများတွင် အာရုံစိုက်မှု လျော့ကျသွားကြခြင်းကြောင့် ဖြစ်သည်ဟု Lavender က ဆိုသည်။

“ကျွန်တော်မြင်တာကတော့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ဆောင်မှုတွေ အားနည်းတာပဲ။ ဒီလမ်းမပေါ်မှာ အရေးပေါ်ကယ်ဆယ်မှုတွေ အလျင်အမြန် မရောက်နိုင်ဘူး။ ဒီပြဿနာကို အရင်ဖြေရှင်းသင့်တယ်” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ယာဉ်မတော်တဆ ဖြစ်ခဲ့စဉ်က အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိရန် သုံးနာရီခန့် စောင့်ခဲ့ရသည်ကို ရည်ညွှန်းပြီး ပြောကြားခြင်းဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်များ ဖြတ်သန်းသွားလာနေသည်ကို မေလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.