အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းအကြောင်း လေ့လာမိသမျှ

၄ နှစ်ခန့် ကြိုးစားလုပ်ဆောင်မှု၊ ပါဝင်သူ ၁၀၀ ခန့်နှင့် တွေ့ဆုံဆွေးနွေးမှု၊ အလှူရှင်များ လှူဒါန်းထားသည့် ဒေါ်လာ သန်းပေါင်းများစွာ ရှိသော်လည်း အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း ပကတိအခြေအနေ အသို့ရှိနေပါသနည်း။

သောမတ်စ် ကင်း(န်) ရေးသားသည်။

ဖေဖော်ဝါရီလ ၂၂ ရက်တွင် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ အခမ်းအနားဖြင့် ချမှတ်ပေးခဲ့သည်။ ယင်းစီမံကိန်းက ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို ၂၀၂၁ ခုနှစ်အထိ ရည်မှန်းလမ်းညွှန် ပြသထားသည်။ ယင်းသည် နှစ်ပေါင်းများစွာ သုတေသနပြုမှုများ၊ ပါဝင်သူများ၏ ဆွေးနွေးမှုများ၊ အလှူရှင် အမြောက်အမြား၏ လှူဒါန်းမှုများဖြင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

နောက်တစ်နေ့တွင် Frontier က ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် မစ္စတာ ဘာထရန် ဘိန်ဗဲလ် Mr Bertrand Bainvel တို့၏ ပြောစကားများကို ရည်ညွှန်းပြီး သတင်းတို တစ်ပုဒ် ရေးသားခဲ့သည်။ မစ္စတာ ဘိန်ဗဲလ်သည် ထိုအခမ်းအနားကို သမိုင်းဝင် ဖြစ်ရပ်တစ်ခုဟု ဖော်ပြခဲ့သည့်တိုင် စာဖတ်သူအချို့ဝေဖန်ကြသကဲ့သို့ ထိုစီမံကိန်းပါ အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်း မရှိပေ။

ကျွန်တော်သည် သိလိုစိတ်ဖြင့် UNICEF သို့ အီးမေးလ်ဖြင့် မေးစမ်းကြည့်ခဲ့ရာ ၎င်းတို့ထံတွင် စီမံကိန်းဆိုင်ရာ မိတ္တူစာရွက်စာတမ်းများ ရှိကြောင်းဖြေကြားသည်။ တစ်ခုသည် မြန်မာဘာသာဖြင့် ဖြစ်ပြီး ကျန်တစ်ခုမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်ဆို၏။ ၎င်းတို့မှာ ပုံနှိပ်စာရွက်စာတမ်းများသာ ဖြစ်ပြီး ကွန်ပျူတာစာမူ ဆော့ဖ်ကော်ပီ soft copy မဟုတ်ပေ။

သို့ဖြင့် ပြီးခဲ့သော သီတင်းပတ် တစ်မနက်တွင် ကျွန်တော်သည် ထိုစီမံကိန်း အစီရင်ခံစာတွင် ဘာတွေပါဝင်မည်ကို သိရှိနိုင်ရန် ရွှေတောင်ကြားရပ်ကွက်ရှိ UNICEF ရုံးသို့ သွားရောက်ခဲ့သည်။ ထို့နောက် ၂၆၄ မျက်နှာပါသော ထိုစာအုပ်ကို တစ်နာရီခန့် လှန်လှောကြည့်ရှုခဲ့သည်။ စာအုပ်တွင် စကားချီး ၂ ခု ပါဝင်ပြီး အခန်း ၁၃ ခန်း ပါရှိသည်။

ကျွန်တော်သည် ပညာရေး ကျွမ်းကျင်သူ မဟုတ်ပေ။ ကျွန်တော် အများဆုံး ဖတ်ခဲ့သည်မှာလည်း စာမျက်နှာ ၆၀ သာ ပါဝင်သော အကျဉ်းချုံး စာအုပ်ငယ်သာ ဖြစ်သည်။ အမှန်တကယ် NESP စာအုပ်ကြီး မဟုတ်ပေ။ သို့သော် မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကို ဖတ်ရှုလိုသူများအတွက် အလွယ်တကူ သိရှိနိုင်သည့် အချက်များကို ရေးသားလိုက်ရပါသည်။

NESP သည် ကျယ်ကျယ်ပြန့်ပြန့် သိပ်မရှိလှပေ။ ယင်းတို့ကို နေပြည်တော်၌ ကျင်းပသော အခမ်းအနားတွင် စတင်ရေးဆွဲခြင်း ဖြစ်သည်။ ယင်းအရ ပညာရေးကို လူတိုင်း သင်ကြားခွင့်ရအောင် လုပ်ဆောင်မည်။ ကျောင်းထွက်နှုန်းကို ကျဆင်းအောင် လုပ်ဆောင်မည်။ အလွတ်ကျက်မှတ်သော စနစ်မှ ဖယ်ခွာမည်။ ပါဝင်လုပ်ဆောင်ရမှုများသော သင်ရိုးညွှန်းတမ်းဖြင့် ကလေးများအား ဆွဲဆောင်မည်။ အခြေခံ ပညာရေးကို ၁၁ နှစ်မှ ၁၃ နှစ်အထိ တိုးမြှင့်မည်။ ဘွဲ့ရသူများကို အလုပ်အကိုင် ရရှိစေမည့် ကျွမ်းကျင်မှုများ ပေးမည်။ မြန်မာပြည်သူများ တစ်ဘဝလုံး ပညာသင်ယူလိုသည့် အလေ့အထကို ပျိုးထောင်မည်။ ယင်းအစီအစဉ်တွင် အငြင်းပွားဖွယ်ရာ အနည်းငယ်မျှသာ ပါဝင်နိုင်သည်။ သို့သော် ယင်းကို အောင်မြင်အောင် လုပ်ဆောင်ရန်မှာ မလွယ်ကူကြောင်း လေ့လာသူတိုင်း သိရှိနိုင်သည်။

ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲခြင်းသည် အလွန်ရှုပ်ထွေးသည်။ ထိုပန်းတိုင်များကို ၅ နှစ် သို့မဟုတ် ၁၀ နှစ်အတွင်း အောင်မြင်အောင် ဆောင်ရွက်ရန်မှာ အလွန်ခဲယဉ်းကြောင်း သိရှိနိုင်သည်။ မီဒီယာများတွင် ဖော်ပြနေကြသော တိုင်းရင်းသား လူမျိုးစုများ၏ ဘာသာစကားများနှင့် ကျောင်းသားသမဂ္ဂများ တည်ထောင်နိုင်ရန် ကိစ္စမှာ ရင်ဆိုင်နေရသော ပြဿနာ၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သည်။

ထိုစီမံကိန်းကို ၂၀၁၆-၁၇ နှစ်တွင် စတင်သဖြင့် ကျွန်တော်တို့ စတင်လုပ်ဆောင်လာသည်မှာ တစ်နှစ်ပင် မပြည့်သေးပေ။ NESP ကို ၅ နှစ်စီမံကိန်းအဖြစ် ရှုမြင်ခြင်းမှာ မဖြစ်နိုင်ပေ။ ယင်းစီမံကိန်းကို ၂၀၁၆-၂၁ အဖြစ် သတ်မှတ်ထားသော်လည်း စီမံကိန်း ရေးဆွဲသူများသည် ၅ နှစ်မက ကြာမြင့်နိုင်မည်ကို သိရှိပြီး ဖြစ်သည်။

ပထမ ၅ နှစ်တွင် လုပ်ဆောင်မည့် ပြုပြင်ပြောင်းလဲမှု အဆင့်တစ်၌ ပြုပြင်ပြောင်းလဲမှု အခြေခံ အုတ်မြစ်များဖြစ်သော ပြုပြင်ပြောင်းလဲမှု ၉ ချက်ကို လုပ်ဆောင်သွားမည်။ ၂၀၂၂-၂၇ နှစ်များဖြစ်သည့် ပြုပြင်ပြောင်းလဲမှု အဆင့် ၂ တွင် အစိုးရသည် အဆင့် ၁ မှ ဦးစားပေး ပြုပြင်ပြောင်းလဲမှု အားလုံးကို အောင်မြင်ပြီးစီးမည်ဖြစ်ပြီး လိုအပ်သော ထပ်ဆောင်းပြုပြင်မှုများကို လုပ်ဆောင်မည်။ လုပ်ဆောင်ရာတွင်လည်း အစိုးရသည် နှစ်စဉ်နှစ်တိုင်း ဦးစားပေးအချက်များ သတ်မှတ်ပြီး အဆင့်များဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

လုပ်ဆောင်နိုင်စွမ်းသည် အရေးကြီးပါသည်။ လုပ်ဆောင်ရမည့် လူများမှာ နေပြည်တော်မှ အစိုးရ အရာရှိများနှင့် အောက်ခြေမှ ပညာရေး ဝန်ထမ်းများ ဖြစ်သည်။ NESP နှင့်ပတ်သက်ပြီး သူတို့၏ လုပ်ဆောင်နိုင်စွမ်းကို သုံးသပ်နိုင်သည့် အနေအထားမျိုး ကျွန်တော့်တွင် မရှိပါ။ သို့သော် ကျွန်တော့်ထံတွင် သံသယများ ရှိပါသည်။ ကျွန်တော့်ထက် ပိုသိသော လူများကလည်း ထိုသို့သော သံသယများကို ဖော်ပြထားကြပါသည်။

သို့ဆို၍ ပညာရေး ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်သည် ကျရှုံးမည်ဟု မဆိုလိုပါ။ သို့သော် ကျွန်တော်တို့က အောင်မြင်နိုင်မည့် ပမာဏနှင့်စပ်လျဉ်းပြီး လက်တွေ့ကျသော မျှော်မှန်းချက်များ ထားရှိရန် အရေးကြီးသည်။ မြန်မာနိုင်ငံသည် မရေရာသော နိုင်ငံရေးနှင့် စီးပွားရေး ပတ်ဝန်းကျင်မျိုးတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှု အချို့ကို ကျောင်းသားမိဘများက လက်မခံနိုင်သည်များလည်း ရှိနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ယဉ်ကျေးမှုအပေါ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် ဖြစ်သည်။

NESP စီမံကိန်း၏ ကုန်ကျစရိတ်သည် များပြားလွန်းသည်။ ကျွန်တော်သည် အကျဉ်းချုံး စာအုပ်ကို ဘေးချပြီး စီမံကိန်း ကုန်ကျစရိတ်ဆိုင်ရာ အစီရင်ခံစာ အပြည့်အစုံကို ဖတ်ရှုလိုက်သောအခါ ထိုကဏ္ဍက ကုန်ကျစရိတ်နှင့်ပတ်သက်ပြီး တိကျသော ကိန်းဂဏန်းများကို ဖော်ပြထားသည်။ ယင်းမှာ ပြောင်းလဲသွားဖွယ်ရာ မရှိပေ။

NESP စီမံကိန်း၏ ၈၀ ရာခိုင်နှုန်း ပြီးစီးသောအခါ အနိမ့်ဆုံး ပညာရေး အသုံးစရိတ်(နိုင်ငံတကာမှ အလှူရှင်များ၏ လှူဒါန်းငွေများအပါအဝင်) သည် ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ အတွင်း မြန်မာကျပ်ငွေ ၁၄ ဒသမ ၄၇၅ ထရီလျံ (ကန်ဒေါ်လာ ၁၀ ဒသမ ၆၀၅ ဘီလျံ) ခန့် ကုန်ကျလိမ့်မည်။ အင်အားပြည့်ဖြင့်သာ လုပ်ဆောင်ပါက ကုန်ကျစရိတ်သည် မြန်မာကျပ်ငွေ ၁၅ ဒသမ ၃ ထရီလျံ (ကန်ဒေါ်လာ ၁၁ ဒသမ ၂၇ ဘီလျံ) ရှိမည်ဖြစ်သည်။ အနိမ့်ဆုံး လုပ်ဆောင်ချက်ဖြင့် ဆောင်ရွက်လျှင်ပင် ပညာရေးအတွက် ကုန်ကျစရိတ်သည် ၂၀၁၆-၁၇ မှ ၂၀၂၀-၂၁ တွင်  နှစ်ဆခန့် တိုးသွားနိုင်သည်။

ဤအသုံးစရိတ်ကို ရရှိနိုင်ရန် အစိုးရသည် ၎င်း၏ အသုံးစရိတ်ကို အထူးတလည် မြှင့်တင်ရမည်။ သို့မဟုတ် အစိုးရအသုံးစရိတ် မြှင့်တင်ခြင်းနှင့် အလှူငွေ အထောက်အပံ့များ များစွာလိုအပ်သည်။ ပြီးခဲ့သောနှစ် ပညာရေး အသုံးစရိတ်ဖြစ်သည့် မြန်မာကျပ်ငွေ ၁ ဒသမ ၅ ထရီလျံမှာ အနိမ့်ဆုံး လိုအပ်သည့် ကုန်ကျစရိတ်အောက်  ကျပ် ၃၃၀ ဘီလျံ လျော့နည်းနေသည်ကို ဆင်ခြင်ကြည့်ရန်ဖြစ်သည်။ ၂၀၁၇-၁၈ ခုနှစ်အတွက် အစိုးရက တောင်းခံသော ပညာရေး အသုံးစရိတ်သည် ကျပ် ၁ ဒသမ ၇၆၄ ထရီလျံသာ ရှိခဲ့သည်။ ယင်းမှာ အမှန်တကယ် လိုအပ်နေသော ကျပ် ၂ ဒသမ ၅၇၀ ထရီလျံအောက် လျော့နည်းနေသေးသည်။ NESP ကို အမှန်တကယ် အကောင်အထည်ဖော်ရန်မှာ ငွေေကြေး အမြောက်အမြား လိုအပ်နေပါသည်။

ပညာရေး အမျိုးအစား အားလုံးကို ချဲ့ထွင်ရန် အထူးတလည် ရည်ရွယ်ချက်များ ထားရှိသည်။ NESP သည် အခြေခံ ပညာရေး တစ်ခုတည်းအတွက် မဟုတ်ပေ။ မူလတန်း အလယ်တန်း အထက်တန်းနှင့် အဆင့်မြင့် ပညာရေးများ ပါဝင်သည်။ အဆင့်မြင့် ပညာရေးသည် ကဏ္ဍများ အားလုံးတွင် ရန်ပုံငွေ အနည်းဆုံးသာ ရရှိနိုင်မည်။ သို့သော် စီမံခန့်ခွဲမှု ဖွံ့ဖြိုးရေးစွမ်းရည်နှင့် အရည်အသွေးတို့ ရရှိစေရေးအတွက် လျာထားချက်များတော့ ရှိသည်။

စီမံကိန်း ပြီးဆုံးချိန်တွင် ကျောင်းပြင်ပနှင့် မူကြိုပညာရေးသည် အဆင့်မြင့် ပညာရေးထက် ရန်ပုံငွေ ၂ ဆခန့် ပိုမိုရရှိပြီး သက်မွေးဝမ်းကျောင်း ပညာရေးများသည် ၃ ဆခန့်ထိ ပိုမိုရရှိမည်ဖြစ်သည်။ ၂၀၁၅-၁၆ ခုနှစ်အတွက် ပညာရေး အသုံးစရိတ် ကိန်းဂဏန်းများကို ဖော်ပြမထားသဖြင့် မည့်သည့်ကဏ္ဍက ရန်ပုံငွေ အထောက်အပံ့ အများဆုံး ရမည်ကို သိရှိရန် ခက်ခဲလှသည့်တိုင် ကျောင်းပြင်ပ ပညာရေးက ပိုရမည့်သဘောရှိသည်။

ယင်းမှာ ပညာရေးကဏ္ဍက မူကြိုပညာရေး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ အဆင့်မြင့်ပညာရေးများ၊ သို့မဟုတ် သက်မွေးဝမ်းကျောင်းပညာရေးတို့၌ မတက်ရောက်သူများအတွက် စီစဉ်ပေးသော ကျောင်းပြင်ပ ပညာရေးကို ပစ်မှတ်ထား၍ဖြစ်သည်။ ခြုံငုံကြည့်ပါက အခြေခံပညာရေးသည် ထောက်ပံ့မှု အများဆုံး ရရှိမည်ဖြစ်သည်။ ယင်းမှာ ကျောင်းပညာရေးကို ၁၁ နှစ်မှ ၁၃ နှစ်အထိ ချဲ့ထွင်လိုက်ခြင်းကြောင့် ဖြစ်သည်။

အစိုးရသည် အများပြည်သူနှင့် ဆက်ဆံမှုများကို တိုးတက်အောင် လုပ်ရမည်။ NESP သည် နိုင်ငံတော်၏ ထိပ်တန်းလျှို့ဝှက်ချက်များထဲတွင် မပါဝင်ပေ။ သို့ဆိုက စီမံကိန်း အစီရင်ခံစာမိတ္တူကို ဘာကြောင့် ရှာဖွေရခက်သနည်း။ စတင်နေ့ကမူ အချို့ အချို့က မိတ္တူများ ရလိုက်ကြသေးသည်။ သို့သော် လိုအပ်သူ အားလုံးကို ဖြန့်ဝေရန် မလုံလောက်ခဲ့ပေ။ အင်န်အယ်လ်လ်ဒီအစိုးရသည် စတင်တာဝန်ယူစဉ်က ပညာရေး ဝန်ကြီးဌာန၏ ပုံနှိပ်အသုံးစရိတ်ကို လျှော့ချခဲ့သလော။ ဆော့ဖ်ကော်ပီဖိုင်ကို ဘာကြောင့် အွန်လိုင်းပေါ် မတင်သနည်း။ အစိုးရတွင် ဆက်သွယ်ရေးနှင့် ပွင့်လင်းမြင်သာမှုအတွက် လိုအပ်ချက်များ ရှိနေသည်။ (ယခုဆောင်းပါး ထုတ်ဝေအပြီး၌ ပညာရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် NESP ၏ ဆော့ဖ်ကော်ပီကို လွှင့်တင်ခဲ့သည်။)

ယင်းမှာ ညံ့ဖျင်းသော နိုင်ငံရေးလုပ်ရပ် ဖြစ်သည်။ အစိုးရသည် ပေါ်လစီများကို ရှင်းလင်းစွာ မထုတ်ပြန်သဖြင့် ဝေဖန်ခံနေရသည်။ ပညာရေး ကဏ္ဍအတွက် ၅ နှစ်အတွင်း လုပ်ဆောင်မည့် လမ်းပြမြေပုံကို ထုတ်ပြန်ပေးပါက ယင်းဝေဖန်မှုများကို တုန့်ပြန်ရာရောက်ပေလိမ့်မည်။ ယင်းအစိတ်အပိုင်း အများစုကို ယခင်အစိုးရက လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ အစိုးရသစ်က ဘာများထပ်ပြီး လိုအပ်ပါသေးသနည်း။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မတ်လ ၉ ရက်က ကျောင်းသားများ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ စာမေးပွဲ ဖြေဆိုပြီး ပြန်ထွက်လာစဉ်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ) 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.