မကူးစက်နိုင်ပေမဲ့ အားလုံးအတွက် အရေးကြီးတဲ့ရောဂါတွေ

မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချို၊ ကင်ဆာနှင့် အရက်စွဲရောဂါများသည် မြန်မာနိုင်ငံတွင် သေဆုံးမှု အများဆုံးနှင့် ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။ ယင်းတို့ဖြစ်ပွားရသော အကြောင်းရင်းများစွာရှိပြီး ရှုပ်ထွေးသော ရောဂါများ ဖြစ်သဖြင့် ဆရာဝန်နှင့် ကုသရုံဖြင့် မလုံလောက်ပေ။ 

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဘိန်းဖြူစွဲခြင်း၊ ဆီးချိုရောဂါ အဆင့် ၁ နှင့် ယာဉ်တိုက်မှုကြောင့် ခြေထောက် ဆုံးရှုံးရခြင်းတို့တွင် တူညီသောအချက် ဘာရှိသနည်း။

ယင်းတို့သည် ကူးစက်နိုင်သော ရောဂါများ မဟုတ်ကြပေ။

သို့ဆိုသဖြင့် ဆိုးဆိုးရွားရွားဟာသဟု သင်ထင်နေသလော။ ဆေးပညာလောကတွင် လူတစ်ဦးမှ တစ်ဦးသို့ မကူးစက်နိုင်သော Non communicable diseases (NCDs) များသည် သေဆုံးမှု အများဆုံး ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization က ၂၀၁၅ ခုနှစ်က အစီရင်ခံရာတွင် တစ်နှစ်လျှင် NCDs ကြောင့် သေဆုံးသူ ၃၈ သန်းခန့်ရှိသောဟူ၏။ ထိုသေဆုံးမှုများအနက် လေးပုံသုံးပုံသည် ဝင်ငွေနိမ့်ပါးသော၊ သို့မဟုတ် ဝင်ငွေ အလယ်အလတ်ရှိသော နိုင်ငံများတွင် ဖြစ်ပွားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားသော ကျန်းမာရေး ပြဿနာများ၏ သုံးပုံနှစ်ပုံသည် NCDs များ ဖြစ်ကြသည်ဟု Global Burden of Diseases Studies အဖွဲ့ကြီးက ဆိုသည်။

သို့သော် ဖွံ့ဖြိုးရေး လုပ်ဆောင်သော အဖွဲ့အစည်းများသည် NCDs များကို ဦးစားပေး ဖြေရှင်းမှု နည်းပါးသည်ဟု ကျန်းမာ ကနဦးအစီအစဉ် Kyannmar Initiatives မှ ဒေါက်တာ ဂျမီ အူးရစ်ဂ် Dr. Jamie Uhrig က ပြောသည်။ Kyannmar Initiatives သည် မကူးစက်နိုင်သော ရောဂါများနှင့် ပတ်သက်သော အသိပညာပေးမှုများ၊ အဖြေရှာမှုများကို လုပ်ဆောင်နေသော အဖွဲ့အစည်း ဖြစ်သည်။

အဖွဲ့အစည်းများနှင့် အစိုးရများသည် ရေတွက်၍ ရနိုင်သော၊ ထိန်းချုပ်၍ ရနိုင်သော ရောဂါများကိုသာ ဖြေရှင်းနေကြသည်။

“AIDS ၊ ငှက်ဖျားနဲ့ တီဘီရောဂါတွေအတွက် ထောက်ပံ့ပေးတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း အစီအစဉ်တွေ အများကြီးပဲ ရှိကြပါတယ်။ ဒါတွေက နိုင်ငံရေးအရ လူကြိုက်များကြတယ်လေ” ဟု သူက Frontier ကို အင်တာဗျူး တစ်ခုတွင် ပြောကြားသည်။

ဗိုင်းရပ်စ် ၊ ကပ်ပါးပိုးစသော ရိုးရှင်းသိသာသည့် အကြောင်းရင်းခံ မရှိဘဲ ဖြစ်ကြရသည့် မကူးစက်နိုင်သော ရောဂါများသည် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် အပြုအမူစသော အကြောင်းအချက် များစွာတို့ကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလတွင် Kyannmar Initiative သည် နယ်ပယ်အသီးသီးတွင် လုပ်ဆောင်နေသော ပညာရှင်များကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံရှိ မကူးစက်နိုင်သော ရောဂါများကို ဖြေရှင်းရန် မဟာဗျူဟာကို ချမှတ်ရန် လုပ်ဆောင်ခဲ့သည်။ 

ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်၌ ကျင်းပသည့် Kyannmar Initiative Blitz သည် နယ်ပယ်အသီးသီးတွင် လုပ်ဆောင်နေသော ပညာရှင်များကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံရှိ မကူးစက်နိုင်သော ရောဂါများအတွက် အဖြေရှာရန်နှင့် မဟာဗျူဟာ ချမှတ်ရန် လုပ်ဆောင်ခဲ့သည်။ ဓာတ်ပုံ - ပံ့ပိုး

ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်၌ ကျင်းပသည့် Kyannmar Initiative Blitz သည် နယ်ပယ်အသီးသီးတွင် လုပ်ဆောင်နေသော ပညာရှင်များကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံရှိ မကူးစက်နိုင်သော ရောဂါများအတွက် အဖြေရှာရန်နှင့် မဟာဗျူဟာ ချမှတ်ရန် လုပ်ဆောင်ခဲ့သည်။ ဓာတ်ပုံ – ပံ့ပိုး

သုံးရက်ကြာ ကျင်းပသော Kyannmar Initiative Blitz ပွဲတွင် ပါဝင်သူများမှာ ဆရာဝန်များ ၊ ကျောင်းဆရာများ ၊ ဒေသခံ နိုင်ငံရေးသမားများ ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ရက်ဂေး Reggae အဆိုတော် တစ်ယောက် ပါဝင်ခဲ့သည်။ သူတို့၏ နယ်ပယ်များမှာ မိသားစု အစီအစဉ်၊ အိပ်ချ်အိုင်ဗီ-အေ့ဒ်စ် အသိပညာပေးရေးမှသည် မြို့ပြဆင်းရဲမွဲတေမှုများထိ ပါဝင်သည်။ ထိုပညာရပ်နယ်ပယ် အားလုံးတွင် ၎င်းတို့၏ ဖောက်သည်များနှင့် လူ့အဖွဲ့အစည်းများသည် မကူးစက်နိုင်သော ရောဂါများနှင့် မကင်းကြပေ။

ပထမဆုံး ဆွေးနွေးသည့် အချက်မှာ မကူးစက်နိုင်သော ရောဂါများဟူသော အသုံးအနှုန်း ဘာကြောင့် တည်ရှိနေရသနည်းနှင့် အစပြုသည်ဟု ဆိုသည်။

“ကျွန်တော်တို့ ကျန်တဲ့အရာ အားလုံးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်” ဟု ဒေါက်တာ အူးရစ်ဂ်က ပြောသည်။

၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ မကူးစက်နိုင်သော ရောဂါများကွန်ရက် Global Non-communicable Diseases Network ကို ထူထောင်ပေးခဲ့သည်။ ယင်းအဖွဲ့ကြီးသည် မကူးစက်နိုင်သော ရောဂါများကို အမျိုးအစား ၄ မျိုး ခွဲခြားပေးခဲ့သည်။ ယင်းတို့မှာ နှလုံးရောဂါများ ၊ ကင်ဆာရောဂါများ ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည် ရောဂါများနှင့် ဆီးချိုရောဂါတို့ ဖြစ်သည်။

သို့သော် Kyannmar Initiative Biltz သည် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကရောက်ခြင်း စသော စိတ်ကျန်းမာရေး ပြဿနာများအပြင် ရေနစ်ခြင်း ယာဉ်မတော်တဆ ဖြစ်ခြင်းနှင့် အိမ်တွင်း အကြမ်းဖက်မှုများကိုပါ ထည့်သွင်းထားသည်။

မကူးစက်နိုင်သော ရောဂါများ၏ အကျိုးသက်ရောက်မှုကို တိုင်းထွာရန် သုတေသန တစ်ခုကို ၁၉၉၀ ပြည့်နှစ်များတွင် ပြုလုပ်ခဲ့သည်။ ထိုရိုက်ခတ်မှုများကို အရည်အသွေး ပြည့်ဝစွာ နေထိုင်နိုင်သောနှစ်များ quality adjusted life years QALYs ၊ မသန်စွမ်းဘဝဖြင့် နေထိုင်ရသောနှစ်များ disability adjusted life years DALYs ၊ ရောဂါကြောင့် ဆုံးရှုံးခဲ့ရသောနှစ်များ total years lost due to disease ဟူသောစနစ်ဖြင့် တိုင်းတာသည်။ သုတေသနက တွေ့ရှိသည်မှာ မကူးစက်နိုင်သော ရောဂါများသည် ကူးစက်နိုင်သော ရောဂါများထက် ကမ္ဘာကြီးကို ပိုမိုဝန်ပိစေကြောင်း တွေ့ရှိခဲ့ရသည်။

မကူးစက်နိုင်သော ရောဂါများသည် ပိုးမွှားများ၊ ကပ်ပါးကောင်များကြောင့် မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်နှင့် အပြုအမူဆိုင်ရာ အကြောင်းချက်များကြောင့် ဖြစ်ပွားခြင်း ဖြစ်သဖြင့် ယင်းတို့ကို စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးမှု ရှုထောင့်မှ ဖြေရှင်းပေးရသည်။ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားရသည့် အကြောင်းရင်းသည် ရှုပ်ထွေးပြီး ခြေရာခံရ ခက်ခဲသောကြောင့် ယင်းတို့ကို ဦးစားပေး ဖြေရှင်းရမည့် စာရင်းထဲ မထည့်ဘဲ ချန်မထားသင့်ကြောင်း ဒေါက်တာ အူးရစ်ဂ်က ဆိုသည်။

အဝလွန်ရောဂါကို နမူနာပြပြီး ၎င်းက “အစားအစာတွေက ယဉ်ကျေးမှုနဲ့ ဆက်စပ်နေတယ်။ ဘာအစားအစာတွေ ကျွန်တော်တို့ စားသလဲဆိုတာ ကျွန်တော်တို့ ဘာအစားအစာတွေ ရနိုင်သလဲ ဆိုတဲ့အပေါ် မူတည်တယ်။ သူက ဘယ်လိုလူမျိုး၊ ဘယ်အရပ်မှာ နေတယ် စသဖြင့်ပေါ့။ ၁၂ နှစ်အရွယ် မိန်းကလေး တစ်ဦးစားတဲ့ အစားအစာကတော့ သူ့မိခင် စားပွဲပေါ်ချပေးတဲ့ အစားအစာတွေပဲ ဖြစ်မယ်။ ဒါက ဘဝနေထိုင်မှုပုံစံ မဟုတ်ဘူးလား”

မကူးစက်နိုင်သော ရောဂါများ၏ အကြောင်းရင်းသည် ကျယ်ပြန့် ရှုပ်ထွေးသည်။ ဆေးပညာမှသည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် အခြားနယ်ပယ်များစွာထိ ကျယ်ပြန့်သည်။

ထို့ကြောင့် Kyannmar Initiative Blitz  မှ အင်န်ဂျီအို ညွှန်ကြားရေးမှူး တစ်ဦးသည် ဘုန်းတော်ကြီးများ၊ ကျောင်းဆရာများနှင့် ပူးပေါင်းကာ တွေးဆရခြင်းများ ရှိနိုင်သည်။

“သွေးတိုးရောဂါနဲ့ ပန်းနာရင်ကျပ် ရောဂါတွေက ထင်ထားတာထက် ကျွန်တော်တို့နဲ့ ပိုပြီးသက်ဆိုင်တဲ့ ရောဂါတွေပါ” ဟု မေရီစတုပ် အင်တာနေရှင်နယ် Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဦးစစ်နိုင်က ပြောသည်။ မေရီစတုပ် အင်တာနေရှင်နယ်သည် သားဆက်ခြားရေး အစီအစဉ် ဆေးခန်းများ ဖွင့်လှစ်ပြီး ကျေးလက်ဒေသတွင် အမျိုးသမီး ဖွံ့ဖြိုးရေး စီမံကိန်းများကို လုပ်ဆောင်သည်။

ဦးစစ်နိုင်က သူဝန်ဆောင်မှု ပေးရသော အမျိုးသမီးများနှင့် မိသားစုများသည် ရှုပ်ထွေးသော နောက်ခံအခြေအနေများ ရှိကြသည်။ ထို့ကြောင့် သူတို့ကို ဝန်ဆောင်မှု ပေးရခြင်းသည် အဖွဲ့အစည်း၏ လုပ်ဆောင်ရန်တာဝန်များတွင် မပါဝင်သော အရာများလည်း ရှိတတ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က စိတ်ပိုင်းဆိုင်ရာ လူမှုရေး အထောက်အပံ့တွေလည်း ပေးရတတ်ပါတယ်။ ကျွန်တော်တို့မှာ လိင်အခြေပြု အကြမ်းဖက်မှုကနေ နာလန်ထလာတဲ့ အမျိုးသမီးတွေလည်း ရှိတယ်။ ကျွန်တော်တို့က သဘာဝကပ်ဘေးကြောင် ထိခိုက်ခံရတဲ့ လူ့အဖွဲ့အစည်းတွေကိုလည်း ကူညီတယ်။ သူတို့တွေမှာ စိတ်ကျန်းမာရေး ပြဿနာတွေ ရှိနေကြတယ်”

ဦးစစ်နိုင်အတွက် ထိုဆွေးနွေးပွဲသည် ကွန်ရက်တစ်ခု တည်ထောင်နိုင်ရန် အခွင့်အလမ်း တစ်ခုဖြစ်ပြီး အခြားသော နယ်ပယ်များမှ ပညာရှင်များနှင့် ရင်းမြစ်များကို ဝေမျှခွင့်ရစေသည်။ သို့သော် သွားဆရာဝန် တစ်ဦး၊ ရှေ့နေတစ်ဦးနှင့် ဘုန်းတော်ကြီး တစ်ပါး စသော မတူညီသော နယ်ပယ်မှ ပုဂ္ဂိုလ်များတွဲပြီး အကြံဉာဏ်သစ်များရအောင် တွေးဆရသော လေ့ကျင့်ခန်းသည် ဦးစစ်နိုင်အား ကြာရှည်လေးမြင့် တည်ရှိနေသည့် စိန်ခေါ်မှုများကို နည်းလမ်းသစ်ဖြင့် ချဉ်းကပ်နိုင်စေရန် ကူပံ့ပေးသည်။

“ကျွန်တော်တို့ ဆွေးနွေးပွဲမှာ မတူညီ ကွဲပြားတဲ့ နောက်ခံ နယ်ပယ်များက လူပေါင်း ၆၀ ကျော် ပါဝင်ပါတယ်။ ကျွန်တော်တို့ လေ့လာသိရှိရတာက အချက်အလက်တွေ မဟုတ်ပါဘူး။ တခြားသူတွေရဲ့ အမြင်တွေကို လေ့လာသိရှိရတာပါ” ဟု ဦးစစ်နိုင်က ဆိုသည်။

ဆွေးနွေးပွဲမှ ပေါ်ထွက်လာသော စက်ရုပ်ဆရာဝန် ဆိုသောအကြောင်းကို သူက နမူနာ ပြောပြသည်။

“ဒါက ရူးသွပ်တဲ့ စိတ်ကူးတစ်ခုလို့ ထင်ရနိုင်တယ်။ ဒါပေမဲ့ ဆေးကုသမှုရဲ့ အခြေခံအကျဆုံး လုပ်ငန်းတွေကို စက်ရုပ်နဲ့ လုပ်ဆောင်နိုင်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဆေးကုသရေး ပညာရပ်နယ်ပယ်က ဖြစ်တော့ ကိုယ့်ကိုယ်ကိုယ် စက်ရုပ်နဲ့တော့ အစားထိုးမခံပါဘူး” 

ဓာတ်ပုံ - ပံ့ပိုး

ဓာတ်ပုံ – ပံ့ပိုး

ဖွံ့ဖြိုးရေးလုပ်ငန်း နယ်ပယ်စုံမှ လူများကို အတူစုရုံးပြီး မကူးစက်နိုင်သော ရောဂါများကဲ့သို့သော ကျယ်ပြန့် ရှုပ်ထွေးသည့် ပြဿနာကို ဖြေရှင်းခြင်းသည် မရှိမဖြစ် လိုအပ်သည်ဟု အစီအစဉ် ရေးဆွဲသူ နစ်ကိုလိုင် ဂရက် ဂေါလ် Nikolai Greg Galle က ပြောကြားသည်။

ဂေါလ်၏ နောက်ခံနယ်ပယ်မှာ စီမံခန့်ခွဲရေးနှင့် အတိုင်ပင်ခံလုပ်ငန်း ဖြစ်သည်။ ဆေးပညာနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း မဟုတ်ပေ။ သူသည် Future ဟု ခေါ်ဆိုသော ဆော့ဖ်ဝဲ တီထွင်ရေးနှင့် ဝန်ဆောင်မှု ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ သူသည် Fortune 500 စာရင်းဝင် ကုမ္ပဏီများမှအစ သေးငယ်သော အရပ်ဘက် လူ့အဖွဲ့အစည်းအထိ ဆွေးနွေးပွဲ၊ ဟောပြောပွဲများ လုပ်ဆောင်ပေးခဲ့သည်မှာ နှစ် ၃၀ ကျော်ပြီဖြစ်သည်။

သူက မကူးစက်သော ရောဂါများ ဖြေရှင်းပေးရန်မှာ လုပ်ကိုင်သူသည် မိမိ၏ နယ်ပယ်ထဲမှ ထွက်ခွာလာရမည်။ ရောဂါဇစ်မြစ်ကို သိသော အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်၊ ငှက်ဖျား ၊ အူရောင်ငန်းဖျားတို့နှင့် မတူညီဘဲ မကူးစက်သော ရောဂါများသည် ကျယ်ပြန့်သည့် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် အပြုအမူဆိုင်ရာတို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ရဲ့စနစ်ကို Think Wrong လို့ နာမည်ပေးထားတယ်။ အဲဒါက လူတွေကို ပိုနေမြဲ ကျားနေမြဲ အနေအထားကနေ ရုန်းထွက်လာစေပြီး ထူးခြားတဲ့ ဖြေရှင်းနည်း အသစ်တွေကို တွေးဆနိုင်အောင် လေ့ကျင့်ပေးတဲ့ စနစ်ပါ” ဟု Galle က ပြောကြားသည်။

Think Wrong လေ့ကျင့်ခန်း တစ်ခုမှာ Matter Most ဆိုသည့် လေ့ကျင့်ခန်းဖြစ်သည်။ ယင်းလေ့ကျင့်ခန်းမှာ လူတစ်ဦးချင်းစီထံမှ မကူးစက်သော ရောဂါများကို တိုက်ဖျက်ရာ၌ အရေးပါဆုံး အချက် ၈ ချက်ကို တွေးဆပြီး post it လေးများပေါ် ချရေးရသည်။ ပြီးမှ သတ်မှတ်ထားသည့် poster ကြီးပေါ် သွားကပ်ရသည်။

Kyannmar Initiative Blitz မှာ ထိုလေ့ကျင့်ခန်းကို စလုပ်သည့်အခါ poster များပေါ်တွင် ဆရာဝန်များ၊ ဘုန်းတော်ကြီးများ၊ မူးယစ်ဆေးသမားများ၊ အင်န်ဂျီအိုသမားများ၊ လွှတ်တော်အမတ်များက ထင်မြင်ရာ ရေးသားထားသော post it မှတ်စုလေးများနှင့် ပြည့်နေတော့သည်။ ထို့နောက် ပါဝင်သူများက တစ်ဦးနှင့် တစ်ဦး ဆွေးနွေးညှိနှိုင်းပြီး အဖြေများကို လျှော့ချပစ်လိုက်ကြသည်။

ဆေးပညာရှင်များ၊ ဖွံ့ဖြိုးရေး လုပ်ဆောင်သူများက Reggae အဆိုတော်နှင့်အတူ ပူးပေါင်း လုပ်ဆောင်နိုင်သဖြင့် အံ့သြမိကြရသည်။ Reggae အဆိုတော် စောဖိုးခွားက ထိုပွဲသို့ အစိမ်း အဝါ အနီ အရောင်စပ်ကြား ဝတ်စုံဖြင့် တက်ရောက်လာခဲ့သည်။  

စောဖိုးခွားက သူသည် ကျန်းမာရေးနှင့် မညီညွတ်သော လမ်းဘေး အစားအစာများကို စားသောက်မိပြီး နာတာရှည် ဗိုက်မကောင်းသည့်ရောဂါ ရရှိခဲ့သည်ဟု ဆိုသည်။ သူက ယာဉ်မတော်တဆ ဖြစ်မှုများကိုလည်း စိတ်ဝင်စားကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင် ကားများ ပိုမိုများပြားလာ၍ဖြစ်ကြောင်း ဆိုသည်။

သူသည် ထိုကိစ္စရပ်များကို ဖြေရှင်းချက် ရှာဖွေပြီး သူ၏ ဂီတပညာဖြင့် အသိပညာများကို ဖြန့်ဝေလို၍ Kyannmar Initiative Blitz ပွဲကို တက်ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော် လေ့လာသိရှိခဲ့တဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအရာကတော့ လူတွေနဲ့ ဘယ်လိုဆွေးနွေးရမယ် ဆိုတာပါပဲ။ တခါတရံမှာ ကျွန်တော် လူတစ်ယောက်နဲ့ နာရီပေါင်းများစွာ ဆွေးနွေးငြင်းခုံနေနိုင်တယ်။ ဒါက ကျွန်တော်တို့နှစ်ယောက် တူညီတဲ့ အချက်တစ်ခုကိုပဲ မတူညီတဲ့ နည်းလမ်းတွေသုံးပြီး ငြင်းခုံနေတာ ဖြစ်နေနိုင်ပါတယ်” ဟု စောဖိုးခွားက ပြောပြသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.