စစ်ဘေးကြောင့် ပြောင်းရွှေ့ရသူများ ပညာသင်ယူရေး

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းသည် အဓိအားဖြင့် မငြိမ်မသက်ဖြစ်နေသော နယ်စပ်ဒေသများမှ လူမျိုးစုများအတွက် ပညာသင်ကြားပေးလျက်ရှိသည်။

ဟိန်းကိုစိုး ရေးသားသည်။

၂၀၁၄ ခုနှစ်တွင် မြောက်ပိုင်းရှမ်းပြည်နယ်ရှိ သူ့ဇာတိမြို့ကျောက်မဲတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စိုင်းလောင်ခန်း၏ မိဘများသည် ကီလိုမီတာ ၃၅၀ (၂၁၇ မိုင်) အကွာအဝေးရှိ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းတက်ရန် သူ့ကိုပို့ခဲ့သည်။

၂၀၁၇ ခုနှစ် ပညာရေးဝန်ကြီးဌာန၏ စာရင်းအရ မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ခန့်မှန်းခြေ ၁,၃၀၀ ခန့်ရှိခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံ အလယ်ပိုင်း၏ ဗဟိုချက်မတွင် တည်ရှိသော စနစ်သစ်ပုထိုး (Sanit Thit Phahtoe) ကျောင်းမှာ အခြားကျောင်းအများစုနှင့်မတူ တမူထူးခြားသည်။ ဤကျောင်းတွင် ဘုန်းတော်ကြီးသင် ပညာရေးကို မြန်မာနိုင်ငံ ပဋိပက္ခဖြစ်ပွားနေသော နယ်စပ်ဒေသများမှ စစ်ပွဲကြောင့် နေရာရွှေ့ပြောင်းနေရသူများအား ဘုန်တော်ကြီးသင် ပညာရေးကို သီးသန့်သင်ကြားပေးသည်။

ပထမ သူကျောင်းသို့ ရောက်စက အလူးအလဲ ရုန်းကန်ခဲ့ရကြောင်း မိခင်ဘာသာစကားဖြစ်သော ရှမ်းဘာသာစကားကို ပြောကြားသူ စိုင်းလောင်ခန်းက ပြောသည်။

“ကျွန်တော် ဒီကိုရောက်တော့ မြန်မာဘာသာစကား သင်ရတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် တော်တော်ခက်လို့ ပထမတော့ ကျွန်တော်သဘောမကျဘူး။ နောက်ကျတော့ ကျွန်တော့်အတွက် သိပ်မခက်တော့ဘူး” ဟု သာယာလှပသော ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဖရန်တီယာနှင့်တွေ့ဆုံစဉ် စိုင်းလောင်ခန်းက ပြောသည်။

အခုတော့ စိုင်းလောင်ခန်းသည် ကျောင်းမှာ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနေပြီဖြစ်သည်။ ဧပြီလအတွင်း ဖရန်တီယာက သွားရောက်တွေ့ဆုံစဉ်က သူသည် ဘုန်းတော်ကြီးကျောင်း ဥယျာဉ်အတွင်း၌ သူ့သူငယ်ချင်းအချို့နှင့် ပိုက်ကျော်ခြင်း ကစားနေသည်။ သူတို့အထဲတွင် ရှမ်း၊ ပလောင်၊ ပအိုဝ်းနှင့် ချင်းတိုင်းရင်းသားပေါင်းစုံ ပါဝင်လျက်ရှိသည်။

စနစ်သစ်ပုထိုး ဘုန်းတော်ကြီးသင ်ပညာရေးကျောင်းကို ၂၀၁၄ ခုနှစ်တွင် ဘဒ္ဒန္တကောသလ္လက တည်ထောင်ခဲ့သည်။ မန္တလေးရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း အားကျကာ ကျောင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဖောင်တော်ဦးကျောင်းမှာ မြန်မာနိုင်ငံတွင် အကြီးဆုံးကျောင်းဖြစ်ပြီး ကျောင်းသားပေါင်း ၉,၀၀၀ ခန့် ပညာဆည်းပူးလျက်ရှိသည်။ စနစ်သစ်ပုထိုးကျောင်းသည် မန္တလေး သင်ကြားရေးဗဟိုဌာနနှင့် အဆက်အသွယ်ရှိပြီး ထိုကျောင်းမှ ကျောင်းသားအချို့သည် အဆိုပါဌာနသို့ သွားရောက်၍ စာမေးပွဲများ ဖြေဆိုခဲ့ကြရသည်။

ကျောင်းစတင်ဖွင့်ချိန်က ဖောင်တော်ဦးမှ ပြောင်းရွှေ့လာသော တိုင်းရင်းသား ၂၄ ဦးဖြင့် စတင်ခဲ့သည်။ ယနေ့တွင်မူ ကျောင်းသား ၁၂၀ ကို ပညာသင်ကြားပေးနေပြီး အများစုမှာ တိုင်းရင်းသားဒေသများမှဖြစ်သည်။ ကျောင်းသားထက်ဝက်ကျော်မှာ ကိုရင်များဖြစ်ကြပြီး ကျန်သူများမှာ သီလရှင်များဖြစ်ကြသည်။

ပခုက္ကူတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို တည်ထောင်ရာ၌ စနစ်သစ်ပုထိုးသည် ဆရာတော်၏ ပထမဆုံး အတွေ့အကြုံမဟုတ်ပေ။ ဆရာတော်သည် ၁၉၉၂ ခုနှစ်တွင် အရှေ့တိုက်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို တည်ထောင်ခဲ့ပြီး မြို့ပေါ်ရှိကိုရင်နှင့် ဘုန်းတော်ကြီးအပါး ၇၀ ကို စာဝါပို့ချပေးခဲ့သည်။

သို့ရာတွင် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု၌ ကျောင်းတိုက်မှ စာသင်သားကိုယ်တော် အများအပြား ပါဝင်ခဲ့ပြီးနောက်ပိုင်း စာသင်တိုက်ကို အာဏာပိုင်တို့က အဓမ္မပိတ်ပစ်ခဲ့သည်။ ပခုက္ကူက စတင်ခဲ့သော ထိုလှုပ်ရှားမှုကို ရွှေဝါရောင်တော်လှန်ရေးဟု လူသိများခဲ့သည်။

မူလစာသင်တိုက်တွင် စာဝါလိုက်ခဲ့သော စာသင်သားအချို့မှာ ယခုအခါ လူဝတ်လဲကုန်ကြပြီး အချို့မှာ နိုင်ငံအတွင်းရှိ အခြားကျောင်များသို့ ရောက်ရှိသွားကြကြောင်း ဆရာတော်က မိန့်ကြားသည်။

စနစ်သစ်ပုထိုးက လစာပေးထားသော ဆရာခုနစ်ဦးရှိပြီး လစဉ်ကျပ် ၆၀,၀၀၀ ပေးသည်။ နောက်ဆရာသုံးဦးမှာ ဆရာတော်၏ သားချင်းများဖြစ်ကြပြီး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေကြသူများ ဖြစ်ကြသည်။

ကျောင်းတွင် မချောစုခိုင်သည် စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးဖြစ်ပြီး စတုတ္ထတန်းကို သင်ကြားပေးသည်။ နိုင်ငံအတွင်း အဆင်းရဲဆုံးနေရာတွင် နေထိုင်ကြသူများအား အခွင့်အလမ်းများ ပေးလိုသည့်အတွက် သူက စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဆရာတော်၏သားချင်းဖြစ်သူ ၎င်းကပြောသည်။

“(ဘာသာစကားအတားအဆီးကြောင့်) သူတို့နဲ့ဆက်သွယ်ရတာ ကျွန်မတို့မှာ အခက်အခဲတွေ ရှိခဲ့ပေမဲ့  ဟိုးအရင်က သူတို့က အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသူတွေဆိုတော့ ကျွန်မတို့က သူတို့ကို ဘယ်တော့မှ လစ်လျူရှုမထားပါဘူး” ဟု ၎င်းကပြောသည်။

ကျောင်းသားအများစုက ရှမ်း၊ ပလောင်၊ သို့မဟုတ် ပအိုဝ်းစကားကို ပြောကြကြောင်း စနစ်သစ်ပုထိုးတွင် မူလတန်းကျောင်းသားများအား ပညာသင်ကြားပေးနေသူ ဒေါ်စိုးစိုးခိုင်က ပြောသည်။

“ကျောင်းကို သူတို့ရောက်တော့ ကျွန်မတို့က သူတို့ကို မြန်မာစကားသင်ပေးတယ်။ ပြီးတော့မှ ကျောင်းစာတွေကို သင်ပေးတယ်။ သူတို့က မြန်မာစကားကို မပြောတော့ ပထမအဆင့်မှာ တော်တော်ခက်ခဲပါတယ် ” ဟု ဒေါ်စိုးစိုးခိုင်က ပြောသည်။

ကျောင်းက မြန်မာအစိုးရ၏ သင်ရိုးညွှန်းတမ်းအတိုင်း သင်ပေးသည်။ အခြားဘာသာရပ်များတွင် သင်္ချာ၊ ပထဝီ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် အင်္ဂလိပ်စာတို့ ပါဝင်သည်။

ကျောင်း၏ အဓိကရည်ရွယ်ချက်မှာ ဘွဲ့ရပြီးနောက် ကျောင်းသားများ အလုပ်အကိုင်ရရှိကာ မိဘများအား ထောက်ပံ့နိုင်ရန်ဖြစ်ကြောင်း ဆရာတော် ဘဒ္ဒန္တ ကောသလ္လက မိန့်ကြားသည်။

“ကိုယ်တော်ကတော့ အတိတ်က သူတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ သူတို့ဆီကို ပြန်မလာစေချင်ဘူး။ ဒါကြောင့် ကိုယ်တော့်တပည့်တွေအတွက် အနာဂတ်မှာ အကောင်းဆုံး အခွင့်အလမ်းတွေပေးဖို့ ကြိုးစားတယ်။  (နိုင်ငံတစ်နိုင်ငံအဖြစ်) စည်းလုံးကြတယ်ဆိုတာကို ကိုယ်တော်တို့က ပြသချင်တယ်။ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်ဖို့ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံသင့်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။

စိုင်းလောင်ခန်းက သူဘွဲ့ရပြီးပါက ဇာတိမြို့ပြန်ပြီး သူ့မိဘများကို ထောက်ပံ့နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ဒီပို့တယ်။ ဒါပေမဲ့ နွေကျောင်းပိတ်ရက်မှာ ကျွန်တော်  ကျောက်မဲကို ပြန်တယ်။ ကျွန်တော်က ကျောင်းတက်ပြီး ဘွဲ့ရချင်တာ တစ်ခုပါပဲ” ဟု သူက ပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ စနစ်သစ်ပုထိုး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကိုရင်တစ်ပါး။ ဓာတ်ပုံ – ဟိန်းကိုစိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.