လုပ်ကြံခံရသည့် ဦးခင်ကျော်၏ နေအိမ်အနီးတွင် တွေ့ရှိရသော ကျည်ဆန်တစ်တောင့်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

တော်လှန်ရေးကို ပုံဖျက်မယ့် ပျူစောထီး အန္တရာယ်

စစ်တပ်ကိုလိုလားသူများ ကျောထောက်နောက်ခံပြုထားသည့် ပျူစောထီးအဖွဲ့သည် လူထုကြားတွင် စိမ့်ဝင်ကာ အာဏာသိမ်းမှုဆန့်ကျင်သည့် ဒီမိုကရေစီအင်အားစုများအား နည်းလမ်းမျိုးစုံသုံး၍တိုက်ခိုက်ကာ တော်လှန်ရေးကို ပုံဖျက်ရန် ကြိုးပမ်းနေသည်။

ဖရွန်းတီးယားမြန်မာ

ဇွန် ၆ရက်၊ ည ၁၀နာရီ၊ ၃၀မိနစ်အချိန်ခန့်တွင် လျှပ်စစ်မီးပြတ်တောက်ကာ မဲမှောင်နေသည့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်းသို့ လူနှစ်ဦး မော်တော်ဆိုင်ကယ်မောင်းနှင်၍ ဝင်ရောက်လာသည်။ သပြေသာလမ်းရှိ မူလတန်းကျောင်းအရှေ့အရောက်တွင် ဆိုင်ကယ်ကို ရပ်တန့်ကာ ကျောင်းအတွင်းသို့ ဓာတ်ဆီပုလင်းနှစ်လုံးကို ပစ်သွင်းခဲ့သည်။

မီးရှို့မှုဖြစ်ပွားခဲ့သည့်အချိန်မှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ည ၁၀နာရီကျော်လွန်နေပြီး တစ်လမ်းလုံးတွင် လျှပ်စစ်မီးများပြတ်တောက်နေသည်ဟု ရပ်ကွက်တွင်းရှိ မျက်မြင်သက်သေများက ပြောဆိုသည်။

ဆိုင်ကယ်ပြန်ထွက်သွားသည်နှင့် လမ်းအတွင်းနေထိုင်သူများသည် မီးလန့်ကြောင်း ဘေးပတ်ဝန်းကျင်ကို  အော်သံပေး၍ မီးကိုအလျင်အမြန် ငြိမ်းသတ်လိုက်ကြသည်။

ကျောင်းမီးလောင်တယ်ဆိုတဲ့ အော်သံတွေ ကြားတာနဲ့ ကျနော်လည်း အိမ်ထဲကနေ အမြန်ထွက်ပြီး တခြားလူတွေနဲ့အတူ မီးဝင်ငြိမ်းရတောပဲဟု အသက် ၂၀အရွယ် ကိုထိုက်သူ(အမည်လွှဲ) က ထိုနေ့က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။

မီးငြိမ်းသတ်ပြီးနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး ဓာတ်ဆီပုလင်း လာရောက်ပစ်ခတ်သွားသော ဆိုင်ကယ်သွားရာလမ်းသို့ လိုက်လံစစ်ဆေးသည်။ သို့သော် မီးလာရှို့သူများကို ဖမ်းမမိခဲ့ပေ။

ကျနော်တို့လမ်းထဲကလူတွေကတော့  ပျူစောထီးအဖွဲ့တွေရဲ့လက်ချက်ပဲလို့ ယုံကြည်ထားတယ်ဟု  ကိုထိုက်သူက ပြောသည်။ ညမထွက်ရအမိန့်အချိန်ကြီး ဘယ်သူမှ အပြင်ထွက်လို့မရဘူးလေ။ အဲဒီအမိန့်ကိုလွန်ဆန်ပြီး အပြင်ထွက်နိုင်တာ ပျူစောထီးပဲ။ မဟုတ်ရင် စစ်တပ်နဲ့ပတ်သက်တဲ့သူတွေပဲဟု သူက ဆက်ပြောသည်။

ပုဂံဒဏ္ဍာရီပါ စစ်သူရဲတစ်ဦးအမည်ကို အစွဲပြုပေးထားသော ပျူစောထီးအမည်ရ အဖွဲ့အစည်းတစ်ခုသည် မေလလယ်ခန့်မှစ၍ လူသိများလာသည်။ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမူ အဆိုပါအဖွဲ့သည် ၎င်းတို့၏လှုပ်ရှားမှုများကို အများပြည်သူအထင်အမြင်လွဲမှားအောင် ပုံဖျက်ရန် စစ်ကောင်စီက ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဆိုကြသည်။

စစ်ကောင်စီကို ထောက်ခံသူများ

ပျူစောထီးအဖွဲ့များသည် ယခုမှပေါ်ပေါက်လာခြင်းမဟုတ်ပါ။

၁၉၅၆၊ ဦးနုအစိုးရလက်ထက်၊ ပြည်တွင်းစစ်ဖြစ်ပွားချိန်ကာလတွင် ပျူစောထီးအမည်ရှိ လက်နက်ကိုင်အရံတပ်များကို မြို့ရွာကာကွယ်ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖွဲ့စည်းခဲ့သည်။ ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြားတော်လှန်ရေးအင်အားစုများကို ဖြိုခွင်းရာတွင်လည်း အသုံးပြုခဲ့ဖူးသည်။

နောက်ပိုင်းတွင် ပျူစောထီးအဖွဲ့အချို့သည် နိုင်ငံရေးသမားအချို့၏ ခါးပိုက်ဆောင်တပ်များအဖြစ် ပြောင်းလဲသွားခဲ့ကြောင်း အာရှဖောင်ဒေးရှင်းက ၂၀၁၆တွင်ထုတ်ဝေပြီး ဂျွန်ဗျူနန်ခန်ရေးသားသော မြန်မာနိုင်ငံမှ ပြည်သူ့စစ်အဖွဲ့များအစီရင်ခံစာတွင်ဖော်ပြထားသည်။

ယခုပေါ်ပေါက်လာသော ပျူစောထီးအဖွဲများကိုမူ မည်သည့်ရည်ရွယ်ချက်၊ မည်သူကဦးဆောင်ဖွဲ့စည်းသည်ကို ယခုထိတိုင် တရားဝင်တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

သို့သော် မေလလယ်မှစ၍ သတင်းဌာနအများအပြားက ပျူစောထီးအဖွဲ့အကြောင်းသတင်းများ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာကြသည်။ စစ်ကောင်စီက ခန့်အပ်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးမှူးရုံးများ တိုက်ခိုက်ခံရမှုများ ခပ်စိတ်စိတ် ဖြစ်လာချိန်တွင် ပျူစောထီးတပ်ဖွဲ့များမှာ ပိုမို၍ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

မေ ၁၄ရက် နေ့စွဲဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ပျူစောထီးအဖွဲ့(ဗဟို) အမည်ဖြင့် အဖွဲ့ဝင်များထံ ညွှန်ကြားသည့် စာတစ်စောင် ပျံ့နှံ့ခဲ့သည်။ အဆိုပါညွှန်ကြားချက်တွင် အဖွဲ့၏အမှတ်တံဆိပ်အဖြစ် ဗုဒ္ဓဘာသာအလံပေါ်တွင် အမျိုး၊ ဘာသာ၊ သာသနာ စာသားရေးသားထားပြီး ပျူစောထီးရုပ်တု အမှတ်တံဆိပ်ပါရှိသည်။

အဆိုပါစာအရ မိမိတို့ဒေသများတွင် စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားနေသူများ၏ သတင်းများကို စုဆောင်းရယူပြီး အာဏာသိမ်းစစ်ကောင်စီကို သတင်းပေးရန် ပျူစောထီးအဖွဲ့ခေါင်းဆောင်များက အဖွဲ့ဝင်များကို ညွှန်ကြားထားသည်။ ထို့ပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် အစိုးရဝန်ထမ်းများ စစ်ကောင်စီနှင့်ပြန်လည်ပူးပေါင်းလာပါက ကူညီရန်နှင့် CDM လှုပ်ရှားမှုအားပျော့လာရေးအတွက် ဆောင်ရွက်ရန် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ပျူစောထီးအမည်ခံယူထားသည့် စာမျက်နှာများနှင့် ဖေ့စ်ဘွတ်အဖွဲ့များ အလျှိုလျှို ပေါ်ပေါက်လာသည်။ ပျူစောထီးအဖွဲ့အချို့ကမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များနှင့် CDM လှုပ်ရှားမှုကို ထောက်ပံ့နေသူများကို အသက်အန္တရာယ် ခြိမ်းခြောက်သည့်စာများ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် ထုတ်ပြန်ကြေညာလာသည်။

ဇူလိုင်၂ရက်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အင်န်အယ်လ်ဒီပါတီဝင် လင်မယားနှစ်ဦး နေအိမ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။​ ဒေသခံများကမူ အဆိုပါမြို့ခံနှစ်ဦးကို ပျူစောထီးအဖွဲ့များက သတ်ဖြတ်သည်ဟု ပြောဆိုကြသည်။ အသတ်ခံရသူ ဇနီးမောင်နှံသည် စစ်တပ်နှင့်ပတ်သက်သူများ လူမှုကွန်ရက်တွင် တိုက်ခိုက်ခံရမှု၊ CDM လှုပ်ရှားမှုများကို ပံ့ပိုးမှုတို့ကြောင့် အန္တရာယ်ပေးမည်ဟု မြင်းခြံအခြေစိုက် ပျူစောထီးအဖွဲ့က ခြိမ်းခြောက်ထားသော လူပုဂ္ဂိုလ် ၃၈ဦးတွင် ပါဝင်သည်။ အဆိုပါ၃၈ဦးတွင် အင်န်အယ်လ်ဒီပါတီဝင်များနှင့် ပါတီထောက်ခံသူ အမာခံများပါဝင်သည်။

ထို့တူ ဇူလိုင်၅ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ အင်န်အယ်လ်ဒီပါတီဝင်တစ်ဦးဖြစ်သူ ဦးခင်ကျော်သည် နေအိမ်တွင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။ ယင်းသတ်ဖြတ်မှုကိုလည်း ပျူစောထီးအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေသည်။ ပစ်ခတ်မှုအတွင်း ဦးခင်ကျော်၏ ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့သည်။

ယင်းသို့တိုက်ခိုက်မှုများကြောင့် အင်န်အယ်လ်ဒီပါတီဝင်များနှင့် ထောက်ခံသူများအကြား စိုးရိမ်စိတ်များ မြင့်တက်လာခဲ့သည်။ ယင်းသို့စိုးရိမ်သူများတွင် မရမ်းကုန်းမြို့နယ်က အသက်၂၈အရွယ် ကိုရန်အောင်လည်း ပါဝင်သည်။

ပျူစောထီးအဖွဲ့၏ အင်န်အယ်လ်ဒီပါတီဝင်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ပါတီဝင်တစ်ဦးဖြစ်သူ မိခင်၏လုံခြုံရေးကို အထူးစိုးရိမ်ကြောင်း ကိုရန်အောင်က ဆိုသည်။

ရပ်ကွက်ထဲနဲ့ အနီးတစ်ဝိုက်မှာ လူတော်တော်များများက ကျနော့်အမေကို တက်ကြွတဲ့ အင်န်အယ်လ်ဒီ ပါတီဝင်မှန်း သိကြတယ်။ ဒီတော့ သူ့ကို ပျူစောထီးတွေ ပစ်မှတ်ထားလာမှာကို အရမ်းစိုးရိမ်တယ်ဟု ၎င်းက ပြောသည်။

ပျူစောထီးတွေ ဟာအရမ်းအန္တရာယ်ကြီးတယ်ဟု အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် Generation Wave အဖွဲ့၏ ဥက္ကဋ္ဌ ကိုမိုးသွေးကပြောသည်။ စစ်အုပ်စုခေါင်းဆောင်တွေက ပြည်သူတွေကြားထဲမှာပဲ ပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တဲ့နေရာမှာသုံးဖို့လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ကို ဖန်တီးလိုက်တာ။ ဒါဟာ ပြည်သူတွေ အကုန်လုံးကိုဒုက္ခပေးနိုင်တယ်ဟု ၎င်းက မှတ်ချက်ပြုသည်။

ပျူစောထီးအဖွဲ့ဝင်များကို တပ်မတော်ထောက်ခံသည့် အမျိုးသားရေးအစွန်းရောက်အုပ်စုများ၊ အမျိုး၊ ဘာသာ၊ သာသနာကာကွယ်စောင့်ရှောက်ရေးအတွက် ဖွဲ့စည်းခဲ့သည်ဆိုသော ‘မဘသ’ အဖွဲ့ဝင်အချို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်နိုင်ကြောင်း ကိုမိုးသွေးက သုံးသပ်သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၂၀၁၇တွင် ဖျက်သိမ်းခဲ့သည့် မဘသအဖွဲ့သည် မွတ်စလင်ဆန့််ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိပြီး မြန်မာနိုင်ငံအတွင်း ဘာသာရေးပဋိပက္ခများဖြစ်ပွားရန် လှုံ့ဆော်သည့် အဖွဲ့တစ်ခုအဖြစ် ထင်ရှားသည်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်ရှိ ပျူစောထီးအမည်ခံစာမျက်နှာများနှင့် ဖေ့စ်ဘွတ်ခ်အကောင့်များသည် အမျိုး၊ ဘာသာ၊ သာသနာနှင့် စစ်တပ်၏ အရေးပါပုံများကို ရေးသားဖော်ပြလျက်ရှိကြောင်း ကိုမိုးသွေးက ထောက်ပြသည်။ အဆိုပါအချက်များသည် တပ်မတော်ထောက်ခံသော အမျိုးသားရေးအစွန်းရောက် လှုပ်ရှားသူများ၏ လက်သုံးစကားများပင်ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မကြာခဏဆိုသလိုပင် အမျိုးသားရေးအစွန်းရောက်လှုပ်ရှားသူများနှင့် စစ်တပ်ထောက်ခံသူ များက စစ်တပ်ကိုထောက်ခံခြင်းသည် အမျိုးသားရေး၊ ဘာသာတရားနှင့် နိုင်ငံကို ကာကွယ်ပေးခြင်းဖြစ်ကြောင်း ပုံဖော်လေ့ရှိသည်။

 “ဒီပျူစောထီးဆိုတာလဲ တပ်မတော်ထောက်ခံသူတွေပဲ။ သူတို့ကပဲ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ၊ ၉၆၉အဖွဲ့တွေအဖြစ် အခြေအနေအချိန်အခါကိုလိုက်ပြီးတော့ အမျိုးမျိုးပုံပြောင်းလှုပ်ရှားနေတာပါဟု မိုးသွေးက ပြောသည်။

PDF အဖွဲ့ဝင်တွေကို စုံစမ်းပေး

ဖရွန်းတီးယားမြန်မာသည် လူမှုကွန်ရက်ပေါ်ရှိ ပျူစောထီးအဖွဲ့(ရန်ကုန်)စာမျက်နှာကို ဆက်သွယ်ရန် ကြေညာထားသည့် ဖုန်းတစ်ခုကို ဆက်သွယ်ခဲ့ရာ အဖွဲ့ဝင်တစ်ဦးက ဖုန်းလက်ခံဖြေဆိုခဲ့သည်။ သို့သော် ဖုန်းလက်ခံဖြေကြားသူသည် ၎င်း၏ အမည်၊ တာဝန်များကို ပြောဆိုရန်ငြင်းဆန်ခဲ့သည်။ ထို့ပြင် အဖွဲ့၏ ရည်မှန်းချက်၊ အဖွဲ့ဝင်များနှင့် ပတ်သက်သည့် အကြောင်းအရာများကိုမေးမြန်းရာတွင် ဖြေဆိုရန်မရှိပါဟုသာ တုံ့ပြန်ခဲ့သည်။

သို့သော် လူမှုကွန်ရက်ပေါ်က ပျူစောထီးအဖွဲ့တိုင်းမှာ စစ်မှန်ခြင်းမရှိဘဲ ၎င်းတို့ကို မလိုလားသူများက အတုအယောင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖုန်းလက်ခံဖြေဆိုသည့် အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

 “ပျူစောထီးအဖွဲ့တွေက အများအပြားဖြစ်နေတယ်။ တချို့အဖွဲ့တွေက အနီ(အင်န်အယ်လ်ဒီ)တွေဘက်ကလည်း အယောင်ဆောင်အဖွဲ့တွေ ဖွဲ့ထားတယ်ဟု​ ၎င်းကပြောသည်။

စာသင်ကျောင်းများကို ဗုံးဖောက်ခွဲခြင်းများနှင့် မီးရှို့ခြင်းများကို ပျူစောထီးများက ဆောင်ရွက်ကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်၍ ၎င်းက ငြင်းဆန်ခဲ့သည်။

အကြမ်းဖက်မှုတွေကို ဘယ်သူကလုပ်တယ်ဆိုတာကို ပြည်သူတွေသိတယ်။ အချိန်ကြာလာရင် ဘယ်သူက လုပ်တယ်ဆိုတာသိလိမ့်မယ်ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

သတင်းထောက်တစ်ဦးက ပျူစောထီးအဖွဲ့ဝင်ဖြစ်လိုသည့်ပုံစံ ဟန်ဆောင်၍  ပဲခူးမြို့အခြေစိုက်၊ ပျူစောထီး အဖွဲ့ခေါင်းဆောင်ကို ဆက်သွယ်မေးမြန်းထားသော အသံဖိုင်တစ်ခုကို ဖရွန်းတီးယားမြန်မာအပါအဝင် မီဒီယာအချို့က ဇွန် ၁၄ရက်တွင် လက်ခံရရှိခဲ့သည်။

အသံဖိုင်တွင် ပဲခူးပျူစောထီးအဖွဲ့ခေါင်းဆောင်ဆိုသူက အဖွဲ့သို့ ဝင်ရောက်လိုသူများသည် ရပ်ကွက်များတွင် သိုသိုသိပ်သိပ်နေထိုင်၍ အမျိုးသားညီညွတ်ရေးအစိုးရ(အင်န်ယူဂျီ) နှင့် ပူးပေါင်းဆောင်ရွက်နေသူများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေများမှ ပြန်လာသည်ဟု ယူဆရသူများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ စုဆောင်းရန် ညွှန်ကြားထားသည်။

ကိုယ်နေတဲ့နေရာမှာပဲ သိုသိုသိပ်သိပ်လှုပ်ရှားဖို့လိုမယ်။ ပြီးရင် တောထဲသွားပြီး ပြန်လာတယ်လို့ ယူဆရတဲ့ သူတွေတွေ့ရင် ကျနော်တို့ကို အကြောင်းကြားဖို့ လိုတယ်ဟု အဆိုပါ ပျူစောထီးခေါင်းဆောင်က ပြောဆိုထားသည်။ ယင်းပြောဆိုချက်များသည် မေ ၁၄ရက်က ပျံ့နှံ့ခဲ့သည့် ပျူစောထီး(ဗဟို)အဖွဲ့၏ ညွှန်ကြားချက်များနှင့်လည်း ထပ်တူကျသည်။

ကျနော်တို့က အကြောင်းကြားရင် သက်ဆိုင်ရာ(စစ်တပ်)တာဝန်ရှိသူတွေက ဆက်လက်ဆောင်ရွက်လိမ့်မယ် ဟု ပဲခူးပျူစောထီးအဖွဲ့ ခေါင်းဆောင်ဆိုသူက ပြောဆိုသည်။ 

ရန်ကုန်နှင့် ပဲခူးအခြေစိုက် ပျူစောထီးအဖွဲ့များမှ အဖွဲ့ဝင်နှစ်ဦးစလုံးသည် ပျူစောထီးအဖွဲ့ကို တိုင်းပြည်တည်ငြိမ်အေးချမ်းရေးလိုလားသူများက ဦးဆောင်ဖွဲ့စည်းခြင်းဖြစ်သည်ဟု အသီးသီးဆိုကြသည်။ ယင်းသို့ပြောဆိုချက်အရ ၎င်းတို့နှစ်ဦးသည် ဇာတ်တိုက်ထားသကဲ့သို့ဖြစ်ပြီး ယင်းသို့ဖြေကြားရန်လည်း ညွှန်ကြားခံထားရသကဲ့သို့လည်း ဖြစ်နေသည်။

မြင်းခြံအခြေစိုက် ပျူစောထီးအဖွဲ့က အန္တရာယ်ပြုမည်ဟု ဇွန်၂၆ရက်က ခြိမ်းခြောက်ခဲ့သော အင်န်အယ်လ်ဒီပါတီဝင်များနှင့် ထောက်ခံသူများ၏ အမည်စာရင်းကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

“ဒလန်တွေကို ရှင်းမယ်”

အထက်မြန်မာပြည်ဒေသတွင် ပါဝင်သော စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသများတွင်မူ ပျူစောထီးအဖွဲ့များ လူသိများလာပြီး မကြာမီ ပျူစောထီးအဖွဲ့ဝင်များအား တန်ပြန်တိုက်ခိုက်သည့် လှုပ်ရှားမှုများ တော်လှန်ရေးအဖွဲ့များက စတင်လာသည်။

မြေအောက်လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သော မိမိကိုယ်ကိုယ် ကြေညာထားသည့် နယ်စည်းမခြားမိုးကြိုးမုန်တိုင်း အဖွဲ့သည် စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းအတွင်းရှိ မြို့ကြီးများတွင် ပျူစောထီးများ၊ ဒလန်များကို စုံစမ်း၍ ရှင်းလင်းမည်ဟု ကြေညာခဲ့ရုံမက လက်တွေ့တွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ အဖွဲ့သည် ဇူလိုင် ၇ရက်အထိ ပျူစောထီးအဖွဲ့ဝင်နှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသူ ရှစ်ဦးခန့်ကို ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒေသခံများပေးပို့လာသော သတင်းများကို ထပ်မံစုံစမ်းထောက်လှမ်း၍ မည်သူမည်ဝါသည် ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်ဟု အတည်ပြုခဲ့ကြောင်း နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့ဝင်များက ဆိုသည်။

ဒီပျူစောထီးတို့၊ ဒလန်တို့ကြောင့် လူတွေအများအပြား ထိခိုက်ရတယ်။ နာကျင်ရတယ်။ အဖမ်းခံရတယ်။ သေချာရင် အဲဒီဒလန်တွေ၊ ပျူစောထီးတွေကို ကျနော်တို့ရှင်းတယ်ဟု နယ်စည်းမခြားမိုးကြိုးမုန်တိုင်း အဖွဲ့ခေါင်းဆောင်ဆိုသူ အသက် ၃၇နှစ်အရွယ် အရည်းဧက,က ပြောသည်။

ဇွန် ၃ရက်က မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ဒေသရှိ ကျေးရွာတစ်ခုတွင် ပျူစောထီးအဖွဲ့ဝင် သုံးဦးနှင့် ဇွန် ၁၆ ရက်တွင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ပျူစောထီးအဖွဲ့များကို ငွေကြေး ထောက်ပံ့နေသူတစ်ဦးတို့အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အရည်းဧက,က သူတို့အဖွဲ့သည် ဒေသခံများ၏ သတင်းပေးပို့ချက်များအပြင် မျက်မြင်သက်သေများ အပါအဝင် အထောက်အထား အခိုင်အလုံရယူ၍ ပျူစောထီးများနှင့် ဒလန်များကို ရှင်းလင်းခြင်းဖြစ်ကြောင်း ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပျူစောထီးအဖွဲ့ဝင်ဦးရေ အနည်းဆုံး ၅၀ကျော်ရှိပြီး အဖွဲ့ဝင်အများစုမှာ လူလတ်ပိုင်းနှင့် လူကြီးပိုင်းအရွယ်များဖြစ်ကာ စစ်မှုထမ်းဟောင်းများလည်းပါဝင်ကြောင်း အရည်းဧက,က ပြောဆိုသည်။ ဖရွန်းတီးယားမြန်မာအနေဖြင့် ၎င်းပြောဆိုသည့် အချက်အလက်များကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ပြည်ခိုင်ဖြိုးပါတီ အားကောင်းတဲ့ဒေသတွေမှာ ပျူစောထီးတွေ အားကောင်းတယ်ဟု သူက ထောက်ပြသည်။

မင်းကင်း PDF အဖွဲ့ဝင် ကိုမျိုးအောင်(အမည်လွှဲ)က မင်းကင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်များ၏ လှုပ်ရှားမှုများသည် ပိုမိုသိသာထင်ရှားပြီး ယင်းသို့လှုပ်ရှားနိုင်ခြင်းမှာ မင်းကင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အားကောင်းခြင်းနှင့်လည်း သက်ဆိုင်ကြောင်း ပြောဆိုသည်။

ဒီမှာက ကြံ့ခိုင်ရေး အားကောင်းတယ်။ ဒီတော့ ပျူစောထီးတွေ ပိုလှုပ်ရှားတယ်ဟု ၎င်းက ဆိုသည်။

မင်းကင်းတွင် ကြံ့ခိုင်ရေးပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး (အမှတ်-၂) မဲဆန္ဒနယ်များတွင် အနိုင်ရရှိခဲ့သည်။ သို့သော် စစ်တပ်က အသိအမှတ်မပြုခဲ့သည့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင်မူ အန်အယ်လ်ဒီပါတီက အဆိုပါမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိခဲ့သည်။

ထို့ပြင် မင်းကင်းမြို့နယ်တွင် ပျူစောထီးအဖွဲ့များကို စစ်ကောင်စီလက်အောက်က အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ပြန်ကြားရေးနှင့်ဆက်ဆံရေးဦးစီးဌာနတာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် အမာခံလုပ်ငန်းရှင်များက နောက်ကွယ်က ထောက်ပံ့နေသည်ဟု မင်းကင်း−PDF က တာဝန်ရှိသူက ဆိုသည်။ သို့တိုင် ယင်းသို့ပြောဆိုချက်ကိုလည်း ဖရွန်းတီးယားမြန်မာက သီးခြားအတည်မပြုနိုင်ပေ။

ဖရွန်းတီးယားမြန်မာသည် ပျူစောထီးအဖွဲ့တွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်ပတ်သက်မှုရှိ၊ မရှိ သိရှိနိုင်ရန် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်ကို ဇွန် ၁၆ရက်တွင် ဆက်သွယ်မေးမြန်းခဲ့သည်။ သို့သော် ခရီးထွက်နေသောကြောင့် မဖြေကြားနိုင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

“တော်လှန်ရေးကို ပုံဖျက်လိမ့်မယ်”

စစ်ကောင်စီ၏ အာဏာသိမ်းခြင်းကို ကျိုးကြောင်းမှန်ကန်ကြောင်း သက်သေပြနိုင်ရေးအတွက် အများပြည်သူ အချင်းချင်းအကြား အကြမ်းဖက်မှုများဖြစ်ပွားစေရန် ပျူစောထီးအဖွဲ့များ ပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်ဟု အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်သော တက်ကြွလှုပ်ရှားသူများက တညီတညွတ်တည်းပြောဆိုသည်။

အရပ်သားပြည်သူတွေ တစ်ဘက်နဲ့တစ်ဘက် အကြမ်းဖက်မှုတွေဖြစ်လေ၊ စစ်အုပ်စုအတွက် အမြတ်ထွက်လေပဲဟု မိုးသွေးက ပြောသည်။ အကြမ်းဖက်မှုတွေဖြစ်မှ သူတို့က အာဏာသိမ်းမှုက လိုအပ်လို့ လုပ်ရတာပါလို့ အကြောင်းပြနိုင်မယ်ဟု ၎င်းကပြောသည်။

၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုအတွင်းသို့ အကြောက်တရားသွတ်သွင်းရန်နှင့် ဆူပူမှုများကြောင့် အာဏာသိမ်းရသည်ဆိုသော အချက်ကို စစ်တပ်ခေါင်းဆောင်များက အခိုင်အမာ သက်သေပြချင်နေသည်ဟု ၎င်းကဆိုသည်။

ညသန်းခေါင်ယံ စာသင်ကျောင်းများကို မီးရှို့ခြင်းနှင့် ဗုံးခွဲခြင်း စသည့်လုပ်ရပ်များမှာလည်း ပျူစောထီးအဖွဲ့များ၏ လုပ်ရပ်ပင်ဖြစ်ပြီး တော်လှန်ရေအင်အားစုများနှင့် PDFများကို ပုံဖျက်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း တောင်ဥက္ကလာပမြို့ခံတစ်ဦးဖြစ်သူ ကိုလင်းမောင် (အမည်လွှဲ)က ဆိုသည်။ ၎င်းသည် အသက်၃၈နှစ်အရွယ်ရှိပြီဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။

ညဘက်တွေက မာရှယ်လောလည်း ထုတ်ထားတယ်။ ဘယ်သူမှ အပြင်ထွက်လို့မရဘူး။ အဲဒီအချိန် မီးရှို့လို့ရတာ တခြားသူမရှိနိုင်ဘူး။ စစ်တပ်အပေါင်းအပါ ပျူစောထီးပဲဟု ၎င်းက ပြောသည်။

ထို့ပြင် အများပြည်သူ သွားလာလှုပ်ရှားသည့် နေရာများဖြစ်သော စျေး၊ ကျောင်း၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများကို ပျူစောထီးများက ပစ်မှတ်ထား တိုက်ခိုက်လာမည်ကိုလည်း ဒေသခံများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများက အလွန်အမင်း စိုးရိမ်နေကြသည်။

စစ်ကောင်စီက တော်လှန်ရေးကို ပုံဖျက်စေချင်လို့ ပျူစောထီးကို ထောင်ထားတာ။ သူတို့က PDF တွေယောင်ဆောင်ပြီး တိုက်ခိုက်လာရင် တော်လှန်ရေးအင်အားစုတွေအပေါ် ထိခိုက်နိုင်တယ်ဟု ကိုလင်းမောင်က ပြောဆိုသည်။ ထို့ပြင် စစ်တပ်သည် ပြည်သူလူထု လမ်းမပေါ်တက် ဆန္ဒပြလှုပ်ရှားမှုများ အားကောင်းစဉ် အခါကလည်း တန်ပြန်တပ်မတော်ထောက်ခံဆန္ဒပြပွဲများဖြင့် အဓိကရုဏ်းများဖြစ်ပွားအောင် လုပ်ဆောင်ခဲ့ကြောင်း သူက ထောက်ပြသည်။

RFA သတင်းဌာန၏ ဖော်ပြချက်အရ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင်း ဗုံပေါက်ကွဲမှုပေါင်း အကြိမ် ၃၀၀ ကျော်ဖြစ်ပွားခဲ့သည်။ ပျောက်ကျားတိုက်ခိုက်ရေးအဖွဲ့များက အချို့ဗုံးပေါက်ကွဲမှုများသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာသော်လည်း လက်သည်မပေါ်သည့် ပေါက်ကွဲမှုဖြစ်စဉ် အများအပြား ကျန်ရှိနေသည်။

လူထုအနေနဲ့က  PDFs နဲ့ Gen Z တော်လှန်ရေးအဖွဲ့တွေရဲ့ လုပ်ရပ်အပေါ်မှာ စိုးရိမ်စရာမလိုအပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဖွဲ့တွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပေါ်ပေါက်လာတာ။ တစ်ဘက်က ပျူစောထီးကျတော့ အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး ပေါ်ပေါက်လာတာ။ အဲဒါက ပြဿနာရှိတယ်”ဟု ကိုလင်းမောင်က ပြောသည်။

PDF အဖွဲ့များသည် စစ်ပွဲဆိုင်ရာကျင့်ဝတ်များကို လိုက်နာရသည့်အတွက် အများပြည်သူဧရိယာများဖြစ်သည့် ကျောင်းနှင့် ဆေးရုံများကို တိုက်ခိုက်မည်မဟုတ်ကြောင်း ၎င်းက ယုံကြည်ထားသည်။

ပျူစောထီးက ပုံဖျက်ဖို့ သူကကျောင်းတွေကို တိုက်ခိုက်မယ်။ ပြီးတော့ အင်န်ယူဂျီ၊  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်လို့ စွပ်စွဲမယ်။ ပြီးတဲ့အခါ အရပ်ထဲက မကျေနပ်တဲ့သူတွေကို လက်နက်နဲ့ အနိုင်ကျင့်မယ်။ ဒါဆို  ဘယ်လိုလုပ်မလဲ။ ဘယ်သူတာဝန်ယူမလဲဟု ၎င်းက မေးခွန်းထုတ်သည်။

အရည်းဧက,ကမူ ၎င်းတို့စုဆောင်းရရှိထားသော အချက်အလက်များအပေါ် အခြေခံ၍ ပျူစောထီးများသည် သတင်းပေးသည့် အလုပ်တစ်ခုတည်းကို လုပ်ကိုင်ခြင်းမဟုတ်ကြောင်း ပြောသည်။

သူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ရေးလေ့ကျင့်ပေးတယ်။ တချို့ ပျူစောထီးတွေဆီမှာ လက်ပစ်ဗုံးတွေနဲ့ M-16 တွေပါ ပိုင်ဆိုင်ထားတယ်လို့သိထားတယ်ဟု ၎င်းက ပြောသည်။

 ဇွန် ၁၃ရက်နှင့် ၁၆ရက်၊ ညများတွင်  မန္တလေးနှင့်ရန်ကုန်ရှိ အင်န်အယ်လ်ဒီပါတီရုံးများ လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရသည်။ ထို့ပြင် ဇွန် ၁၄ရက်၊ ညပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၏ နေအိမ်ရှေ့တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။

ဘယ်တော်လှန်ရေးအဖွဲ့ကမှ အင်န်အယ်လ်ဒီရုံးတွေကို တိုက်ခိုက်စရာမရှိဘူး။ ဒါတွေကို တိုက်ခိုက်မှာ ပျူစောထီးနဲ့ စစ်တပ်ပဲ ရှိတယ်ဟု ရန်ကုန်မြို့တွင်း မြို့ပြပျောက်ကျားတော်လှန်ရေးအဖွဲ့တစ်ခုတွင် ပါဝင်နေသူ အသက်၂၈နှစ်အရွယ်ရှိ ကိုကျော်ကျော်ဦး (အမည်လွှဲ)က ပြောသည်။

ပျောက်ကျားတော်လှန်ရေးအဖွဲ့များကမူ ပျူစောထီးအဖွဲ့များ ပိုမိုအားကောင်းလာလျှင် ၎င်းတို့ကိုပစ်မှတ်ထား၍ တိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ တိုးမြှင့်လုပ်ဆောင်မည်ဟု ဆိုသည်။

“ဘာသာရေးအဓိကရုဏ်း လှုံ့ဆော်မှာစိုးတယ်”

ဇွန် ၁၀ရက်က ရန်ကုန်တိုင်း၊ ဒလမြို့၊ ကမာကသွယ်ရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေးကျောင်းတစ်ခု မီးလောင်ကျွမ်းခဲ့သည်။ ကနဦးတွင် ပျူစောထီးများလက်ချက်ဟု သတင်းများပေါ်ထွက်ခဲ့သော်လည်း ဝါယာရှော့ခ်ကြောင့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနအချို့က ဆိုသည်။

အချို့ အမျိုးသားရေးအစွန်းရောက်သူများ၏ လူမှုကွန်ရက် စာမျက်နှာများတွင်မူ မီးလောင်မှုမှာ ဘာသာရေးအဆောက်အအုံအတွင်း သိုဝှက်ထားသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် လောင်ကျွမ်းခြင်းဖြစ်ကြောင်း လှုံ့ဆော်ရေးသားကြသည်။ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များသည် ၎င်းတို့၏ ဝတ်ပြုကျောင်းအဆောက်အအုံများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ လက်နက်များ သိုဝှက်ထားသည်ဆိုသော စွပ်စွဲချက်ကို အမျိုးသားရေးအစွန်းရောက်များနှင့် စစ်တပ်ထောက်ခံသူများက ပဋိပက္ခများဖြစ်ပွားရန် မကြာခဏ လှုံ့ဆော်ပြောဆိုလေ့ရှိသည်။

မီးလောင်ကျွမ်းမှုများနှင့် ကောလဟလများကြောင့် ပျူစောထီးအဖွဲ့ဝင်များက ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားလာအောင် လှုံ့ဆော်မည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြောင်း အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ကိုမင်းဦး(အမည်လွှဲ)က ပြောသည်။

အဲဒါဖြစ်ပြီးတဲ့နောက် ကျနော်တို့အကုန်လုံး အတော်လန့်နေကြတယ်။ ကျနော်တို့ဆီက တခြားဗလီတွေ မှာလည်း လုံခြုံရေးသတိ တိုးမြှင့်ထားတယ်ဟု ၎င်းက ပြောသည်။

မင်းကင်း PDFအဖွဲ့၏ ထုတ်ပြန်ချက်အရ ဇွန် ၁၂ရက်က မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ တိုက်ခိုက်မှုတွင် ပျူစောထီးအမည်ခံ ကြံ့ခိုင်ရေးပါတီဝင် အမာခံသုံးဦး စစ်ဝတ်စုံများဝတ်ဆင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူ တိုက်ပွဲတွင် ပါဝင်ခဲ့သည်။ ဇွန်၁၆ရက်က မင်းကင်းနှင့် ကနီအကြား နယ်စပ်ဒေသဖြစ်သော တောင်တွင်းနှင့် မြစ်ရိုးဒေသ တိုက်ပွဲတွင်လည်း ပျူစောထီးအဖွဲ့ဝင်အချို့ အရပ်ဝတ်များဖြင့် စစ်ကောင်စီဘက်မှနေ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း မင်းကင်း PDF အဖွဲ့က ထုတ်ပြန်သည်။

တိုက်ပွဲတွေမှာ ဝင်တိုက်တဲ့ပျူစောထီးတွေက ဒေသခံတွေပဲ။ မြို့မှာက လူဦးရေမများတော့ တစ်ဦးနဲ့တစ်ဦး  ဘယ်သူ၊ ဘယ်ကဆိုတာသိတယ်ဟု ၎င်းက ပြောသည်။

မည်သည့်ဒေသတွင်မဆို ပျူစောထီးအဖွဲ့များ ပိုမိုအားကောင်းလာပါက ၎င်းတို့သည် တော်လှန်ရေးသမားများ၏ ပစ်မှတ်ဖြစ်လာနိုင်ပြီး ပျူစောထီးနှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သည်။ ယင်းသို့ တင်းမာမှုကို စစ်တပ်က အကြောင်းပြ၍ အာဏာသိမ်းမှုသည် တိုင်းပြည်အတွင်းက ယိုယွင်းနေသော အခြေအနေကို ထိန်းသိမ်းရန်လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးလာနိုင်ကြောင်း အရည်းဧက,က သတိပေးသည်။

အဲဒါဆို တော်လှန်ရေး အဆုံးသတ်သွားနိုင်တယ်ဟု သူက သတိပေးသည်။

ကိုမင်းဦးကမူ စစ်တပ်၊ ပျူစောထီး၊ PDF နှင့် ပျောက်ကျားတပ်ဖွဲ့ဝင်များအပါအဝင် လက်နက်ကိုင်အဖွဲ့ အားလုံးသည် ဘာသာရေးအဆောက်အဦးများ၊ စျေး၊ ကျောင်းနှင့် ဆေးရုံများကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ရှောင်ရှားရန် လိုအပ်ကြောင်း ဆိုသည်။

ဘယ်အဖွဲ့မဆို အဲဒီနေရာတွေကို မတိုက်ခိုက်စေချင်ဘူး။ ဒါပေမဲ့ တိုက်ရင်လည်း ကျနော်တို့ ဘာမှ မတတ်နိုင်ဘူးဟု ကိုမင်းဦးက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar