အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီး ပုံမှန်မရတဲ့ ကွန်ပျူတာတက္ကသိုလ်

မအူပင်ကွန်ပျူတာတက္ကသိုလ်အား ဖွင့်လှစ်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအကြာတွင် အတော်အသင့် တိုးတက်မှုများ ရှိလာသော်လည်း လျှပ်စစ်မီးမကြာခဏပျက်ခြင်း၊ မီးစက်ပျက်ခြင်းနှင့် အင်တာနက်လိုင်းမရရှိသေးခြင်းစသည့် အခက်အခက်များကို ရင်ဆိုင်နေရဆဲဖြစ်သည်။

ဟိန်းကိုစိုး ရေးသားသည်။ 

တက္ကသိုလ်၏ ဝင်ပေါက်တွင် ကွန်ပျူတာတက္ကသိုလ် (မအူပင်) ဟု ရေးသားထားသည်။ ကျောင်းဝင်းအတွင်းသို့ ဝင်လိုက်ချိန်တွင်မူ အထက်တန်းကျောင်းတစ်ခုနှင့် သဏ္ဍာန်တူသော နှစ်ထပ် သစ်သားအဆောက်အဦးကို တွေ့ရလေသည်။ ကျောင်းဝင်း အပြင်ဘက် လက်ဖက်ရည်ဆိုင်တွင်မူ ကျောင်းသားတစ်ချို့က မုန့်စားရင်း စကားပြောနေကြသည်။ 

၂၀၀၇ ခုနှစ်တွင် ကွန်ပျူတာကောလိပ်မှ တက္ကသိုလ်အဖြစ် အဆင့်မြင့်တင်ခဲ့ခြင်းဖြစ်သည်။ ကွန်ပျူတာ ကောလိပ်ကိုမူ ၂၀၀၇ ခုနှစ် မတိုင်မီ လေးနှစ်ခန့်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုကွန်ပျူတာတက္ကသိုလ်တွင် ကွန်ပျူတာ သိပ္ပံ နည်းပညာများ သင်ကြားပေးကာ ဘွဲ့နှင့် ဒီပလိုများ ပေးအပ်နေသည်။

မအူပင်မြို့နယ်ရှိ ထိုကွန်ပျူတာတက္ကသိုလ်သည် ရန်ကုန်မြို့၏ အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်တွင် တည်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာ တက္ကသိုလ် သုံးခုအနက် တစ်ခုဖြစ်သည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

မအူပင်မြို့ခံများမူ ထိုတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကွန်ပျူတာများ လုံလောက်စွာ မပေးနိုင်သည့်အပြင် လျှပ်စစ်မီး မကြာခဏပျက်ခြင်းနှင့် အင်တာနက်လိုင်း မရရှိနိုင်ခြင်းကြောင့် အရည်အချင်းပြည့်ဝသည့် ဘွဲ့ရများ မွေးထုတ်နိုင်ရန် ခက်ခဲသည်ဟု ပြောကြားကြသည်။ 

ထိုအထဲတွင် ၂၀၁၁ ခုနှစ်တွင် တက္ကသိုလ်မှ Bachelor of Computer Sciences ဘွဲ့ ရရှိခဲ့သည့် ကိုမျိုးမြင့်အောင်လည်း ပါဝင်သည်။ သူက နောက်ပိုင်းတွင် ရန်ကုန်သို့ ပြောင်းရွှေ့လာပြီး ဂျာနယ်လစ်တစ်ဦး ဖြစ်လာခဲ့သည်။ 

“မအူပင် ကွန်ပျူတာတက္ကသိုလ်က ဘွဲ့ရလာတဲ့ ကျောင်းသားအများစုက သူတို့ရဲ့ ဘွဲ့နဲ့ သက်ဆိုင်တဲ့ အလုပ်အကိုင်တွေ မရရှိကြဘူး။ မအူပင်တက္ကသိုလ်က ထွက်လာပြီးချင်း အိုင်တီကဏ္ဍမှာ အလုပ်အကိုင် ချက်ချင်းရရှိသူ မရှိသလောက်ဘဲ” ဟု ကိုမျိုးမြင့်အောင်က ဆိုသည်။ 

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

သူတက္ကသိုလ် တက်နေစဉ်ကာလအတွင်း ကျောင်းရှိ ကွန်ပျူတာအနည်းငယ်က အိုဟောင်းနေပြီး ကောင်းကောင်းပင် သုံး၍ မရတော့ဟု ကိုမျိုးမြင့်အောင်က ပြောသည်။ လျှပ်စစ်မီးကလည်း အမြဲတမ်းလိုလို ပျက်နေသောကြောင့် ကျောင်းတက်ခဲ့သည့်သုံးနှစ်တာ ကာလတွင် ကွန်ပျူတာကို ကောင်းကောင်း မသုံးလိုက်ရဟု ဆိုသည်။ “ကျွန်တော်တို့က အတွက်အချက်တွေကို စာရွက်နဲ့ ကျောက်သင်ပုန်းပေါ်မှာပဲ လုပ်ရတယ်” ဟု သူကဆိုသည်။ 

မအူပင် ကွန်ပျူတာတက္ကသိုလ်တွင် စက်ပစ္စည်းများ ပိုမို လာရောက်တပ်ဆင်ပေးခဲ့သော်လည်း ကျောင်းသားများ ကိုင်တွယ်ရသော ကွန်ပျူတာ အလုံး ၂၀၀ မှာ အိုဟောင်းနေပြီ ဖြစ်သည်။ အသစ်လာရောက်တပ်ဆင်သော ကွန်ပျူတာအလုံး ၂၀ ကိုလည်း ပညာရေးဝန်ထမ်းများကသာ ကိုင်တွယ်ကြသည်ဟု ဆိုသည်။ 

သို့သော် အခြားသော တိုးတက်မှုများလည်း ရှိလာသသည်။ ဘွဲ့ရယူရန် ငါးနှစ် တက်ရသည့်အနက် နောက်ဆုံးနှစ်ကို အလုပ်သင်အဖြစ် လုပ်ကိုင်ခွင့်ရခြင်း ဖြစ်သည်။ ထိုအလုပ်သင် အစီအစဉ်ကို ပြီးခဲ့သောနှစ်က စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၄၂ ယောက်သည် ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ရလာခဲ့သည်။ 

မအူပင်မြို့နယ်တွင် အခြေခံအဆောက်အအုံများ မကောင်းသောကြောင့် လျှပ်စစ်မီးကလည်း ဗို့အား မပြည့်ဝပေ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မအူပင်မြို့၏ တောင်ဘက်ရှိ ကျိုက်လတ်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ကို ဆက်သွယ်သည့် ၂၃၀ ကေဗီ ဓါတ်အားလိုင်း သွယ်တန်းပေးခဲ့သောကြောင့် ဇူလိုင်လကစတင်ကာ လျှပ်စစ်မီးအားလည်း သိသိသာသာကောင်းလာခဲ့သည်။

ကျောင်းအပ်နှံသူအရေအတွက်မှာမူ တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာခဲ့သည်။ တက္ကသိုလ်က လိုအပ်သည့် အထောက်အပံ့များ ကောင်းစွာပေးအပ်နိုင်ခြင်း မရှိသောကြောင့် ကျောင်းတက်လိုသူ နည်းပါလာခြင်းလည်း ဖြစ်သည်။ တက္ကသိုလ်က တစ်နှစ်လျှင် ကျောင်းသား ၁၂၀ လက်ခံနိုင်သော်လည်း ၂၀၁၇-၁၈ ပညာသင်နှစ်တွင်မူ ကျောင်းသား၊ ကျောင်းသူ ၉၀ သာ လာရောက်အပ်နှံခဲ့သည်ဟု တက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါ်ခင်မြမြသက်က ပြောကြားသည်။ တစ်ကျောင်းလုံးတွင် လက်ခံထားသော ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ ၄၂၀ ဦးသာ ရှိသည်။ 

ထို့ပြင် တက္ကသိုလ်၏ ဝန်ထမ်းအင်အားမှာလည်း နည်းပါးနေသည်။ ထားရှိမည့် ဝန်ထမ်းအရေအတွက် ဇယားတွင် ပညာရေးနှင့် အုပ်ချုပ်စီမံရေး ဝန်ထမ်း ၃၅၇ ဦး ရှိရမည်ဟု ပြသထားသော်လည်း အမှန်တကယ်တွင် ၈၇ ဦးသာ ရှိသည်။ ထိုအထဲမှ ၆၆ ဦးမှာ ဆရာ၊ ဆရာမများ ဖြစ်ကြသည်။ 

တက္ကသိုလ်၏ ကျောင်းသားရေးရာဌာန အကြီးအကဲ ဒေါ်ဝင်းမာက ကျောင်းတွင် ဝန်ထမ်းနည်းပါးသဖြင့် ဆရာ၊ ဆရာမများသည် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စများတွင်ပါ ဝင်ရောက်လုပ်ကိုင်နေရသည်ဟု ဆိုသည်။ 

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

“ကျောင်းကို ဆရာ၊ ဆရာမတွေ ပိုမိုချ စေလွှတ်ပေးစေချင်တယ်။ ဒါမှ သင်ကြားမှုနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ပညာရေး တိုးတက်လာမယ်။ ကျောင်းလည်း နာမည်ရလာနိုင်မယ်” ဟု သူမက ဆိုသည်။ 

မအူပင် ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စိတ်ပျက်ရသည့် နောက်တစ်ချက်မှာ မီးစက်မရှိခြင်း ဖြစ်သည်ဟု ဒေါ်ဝင်းမာက ဆိုသည်။ 

မီးပျက်ချိန်တွင် ကွန်ပျူတာခန်း ငါးခုအား ဓါတ်အားပေးရသည့် မီးစက် ပျက်နေသည်ကို Frontier က တက္ကသိုလ်ကို သွားရောက် လေ့လာခဲ့ချိန်တွင် တွေ့ခဲ့ရသည်။ ထိုကွန်ပျူတာခန်းများတွင် ကျောင်းသား၊ ကျောင်းသူများက ရက်သတ္တပတ် တစ်ပတ်လျှင် မိနစ် ၂၀၀ ခန့် သင်ယူလေ့ကျင့်ကြရသည်။ 

“ကျွန်မတို့က ဌာနအတွက် 35 kVA မီးစက်အသစ်တစ်လုံး ဝယ်ပေးဖို့ အဆိုပြုထားပါတယ်။ မီးစက်မရှိတော့ မီးပျက်သွားတဲ့အခါ လက်တွေ့သင်ခန်းစာကို ရပ်ထားပြီး စာပဲ သင်ပေးရတယ်” ဟု ဒေါ်ခင်မြမြသက်က ပြောကြားသည်။ 

မီးစက်အတွက် အသုံးပြုရသော ဓါတ်ဆီကလည်း သတ်မှတ်ခွင့်ပြုပေးသော ပမာဏထက် ပိုမိုနေသောကြောင့် မီးစက်အတွက် ဓါတ်ဆီကုန်သောအခါ ကျောင်းအတွက် အသုံးပြုသော မော်တော်ယာဉ်များမှ ဓါတ်ဆီကို ယူသုံးနေရသည်ဟု သူမက ပြောကြားသည်။ 

အင်တာနက်လိုင်း မရရှိခြင်းသည်လည်း ပြဿနာတစ်ခု ဖြစ်သည်။ ကျောင်းတွင် ၉ မဂ္ဂါဘိုက်ရှိသည့် ကွန်ယက်တစ်ခု ချိတ်ဆက်ထားရှိပြီး ကွန်ပျူတာ programming ဘာသာရပ် လေ့လာနေသော ကျောင်းသား ၄၂ ယောက်က မျှဝေ သုံးစွဲနေရခြင်း ဖြစ်သည်။ ကျောင်းတွင် အခမဲ့ အင်တာနက်ဝိုင်ဖိုင်လည်း မရရှိပေ။ စာကြည့်တိုက်မှာပင် ဝိုင်ဖိုင် မရှိသေးကြောင်း ဒေါ်ခင်မြမြသက်က ပြောကြားသည်။ 

“ကျောင်းသားတွေက နည်းပညာ လေ့လာဖို့ အင်တာနက်လိုင်း လိုအပ်တယ်။ ကျွန်တော် ကျောင်းတက်နေတုန်းကဆို ဘာအင်တာနက်လိုင်းမှ မရဘူး” ဟု ကိုမျိုးမြင့်အောင်က ပြောသည်။ 

ကွန်ပျူတာသိပ္ပံနှင့် နည်းပညာများကို ပို့ချနေသော တက္ကသိုလ်များအတွက် ရန်ပုံငွေများကို အစိုးရက ပိုမိုခွင့်ပြုပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ သို့မှသာ နည်းပညာ ကျောင်းသားများသည် ခေတ်မီကိရိယာများနှင့် သင်ကြားနိုင်ကြဟု သူက ဆိုသည်။ မအူပင်ကဲ့သို့ ကွန်ပျူတာတက္ကသိုလ်မျိုးတွင် အင်တာနက်လိုင်း ကောင်းကောင်းနှင့် လျှပ်စစ်မီး ရရှိနိုင်ရန် လိုအပ်သည်။

ခေါင်းစီးဓာတ်ပုံ- မအူပင် ကွန်ပျူတာတက္ကသိုလ်သည် ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တက္ကသိုလ်အဖြစ် အဆင့်မြှင်တင်ခဲ့သည်။ သိုသော် အပြင်ဘက်မှ ကြည့်ရှုပါက အထက်တန်းကျောင်း တစ်ခုနှင့်သာ တူနေသည်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.