တယ်လီနောက 4G စနစ် သုံးနိုင်သည့် ဆင်းကတ်များဖြင့် လဲလှယ်ပေးနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

လက်ရှိ မိုဘိုင်းဖုန်း SIM ကတ်များအား နည်းပညာပိုမိုမြင့်မားသည့် USIM ကတ်များဖြင့် အစားထိုး လဲလှယ်ပေးသည့်အစီအစဉ်အရ တစ်လလျှင် ကတ် တစ်သိန်းကျော် လဲလှယ်ပေးရန်  တယ်လီနောမြန်မာက မျှော်လင့်ထားသည်။ 

၂၀၁၅ ခုနှစ်၊ တတိယသုံးလပတ်အထိ မြန်မာနိုင်ငံတွင် အသုံးပြုသူ ၁၂ သန်းကျော်ရှိနေပြီဖြစ်သည့် နော်ဝေအခြေစိုက် တယ်လီနောက ဆင်းကတ်များကို USIM ကတ်များဖြင့် လဲလှယ်ပေးသည့် အစီအစဉ်ကို ယခုလအစောပိုင်းက စတင်ခဲ့သည်။ အဆိုပါ အစီအစဉ်အရ လက်ရှိ တယ်လီနော ဆင်းကတ်အသုံးပြုသူများအား မြန်နှုန်းမြင့်စွမ်းဆောင်ရည်ရှိသော  USIM ကတ်များဖြင့် အခမဲ့ လဲလှယ်ပေးနေပြီဖြစ်သည်။ အဆိုပါ ကတ်အသစ်များသည် သုံးစွဲသူများအတွက် ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်သည့် လုပ်ဆောင်ချက်များလည်း ရရှိစေမည်ဖြစ်သည်ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူ မနီနီမြင့်က ပြောသည်။

“ဒီဆင်းကတ်အသစ်တွေက အနာဂတ်အတွက် အဆင့်သင့် ဖြစ်စေမှာ ဖြစ်ပြီး တယ်လီနောက 4G စနစ်ကို စတင်ဝန်ဆောင်မှု ပေးတဲ့အခါ အသုံးပြုသူတွေ အလွယ်အကူ ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

သို့သော် မြန်မာနိုင်ငံတွင် 4G စနစ်အသုံးပြုနိုင်ရေးအတွက်မူ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမည်ဟု ၎င်းကပြောသည်။

“လက်ရှိအချိန်မှာတော့ အစိုးရက 4G စနစ်အတွက် လှိုင်းနှုန်းဆိုင်ရာ လိုင်စင်တွေ မပေးသေးပါဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ ဆင်းကတ်များ လဲလှယ်ရမည့် အစီအစဉ်ကို တယ်လီနောက ၎င်း၏ ဖေ့ဘုတ်ခ်စာမျက်နှာတွင် ဇန်နဝါရီ ၁ ရက်နေ့က ကြေညာခဲ့သည်။ တယ်လီနောဆင်းကတ်ရှိသူများသည် တယ်လီနော ဆိုင်တိုင်းတွင် မိမိတို့ မှတ်ပုံတင်ပြသကာ အခမဲ့ လဲလှယ်နိုင်ကြမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်း တာဝါတိုင် ၄,၂၀၀ ရှိသော တယ်လီနောသည် မြန်မာနိုင်ငံ၏ အကြီးဆုံး 3G မိုဘိုင်းကွန်ရက် ဖြစ်သည်။ ကျေးလက်နှင့် မြို့ပြဒေသများတွင် လွှမ်းခြုံနိုင်မှု ပိုမိုကောင်းလာစေရန် ယခုနှစ်တွင် တာဝါတိုင် ၃,၀၀၀ တိုးချဲ့တည်ဆောက်ရန်လည်း တယ်လီနောက ကြေညာထားသည်။

၂၀၁၄ ခုနှစ်တွင် အစိုးရက တယ်လီနော်နှင့် အူရီဒူးတို့အား မိုဘိုင်းဖုန်းဝန်ဆောင်မှု လုပ်ကိုင်ခွင့် လိုင်စင်များ ချထားပေးလိုက်ပြီးနောက် ဆက်သွယ်ရေးကဏ္ဍတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)၏ လက်ဝါးကြီးအုပ်ထားမှုကိုလည်း အဆုံးသတ်စေခဲ့သည်။

ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုမှာ ၂၀၁၃ ခုနှစ်တွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာတွင် ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

သတင်း – ဆန်းဦး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.