ကွန်ဒိုအခန်းများကို နိုင်ငံခြားသားများ ဝယ်ယူနိုင်ပြီ

ရန်ကုန်မြို့လယ်ရှိ အိမ်ယာအဆောက်အအုံများကို တွေ့ရစဉ်။ ဓာတ်ပုံ- အန်းဝမ်

ရန်ကုန်မြို့လယ်ရှိ အိမ်ယာအဆောက်အအုံများကို တွေ့ရစဉ်။ ဓာတ်ပုံ- အန်းဝမ်

နေပြည်တော်

ခြောက်ထပ်နှင့် အထက်မြင့်သော အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများကို ဝယ်ယူခွင့်ပြုထားသည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီ ၂၂ ရက်တွင် အတည်ပြုခဲ့သည်။

ဥပဒေ၏ ပုဒ်မ ၁၅ (ခ)၊ ၃၅(ခ)၊ ၃၆(ဃ) (၂) တို့တွင် “စုပေါင်းပိုင် အဆောက်အအုံ၏ ၄၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဤဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့် ရှိသည်။” ဟူသော အချက်နှင့် ပုဒ်မ ၂(က) တွင် “စုပေါင်းပိုင် အဆောက်အအုံဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင် စုပေါင်း အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော ခြောက်ထပ်နှင့် အထက်ရှိသည့် အထပ်မြင့် အဆောက်အအုံကို ဆိုသည်။” ဟူသည့် အချက်များကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ထပ်မံ ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“အိမ်ခန်းတွေကို နိုင်ငံခြားသားတွေ ဝယ်ခွင့်ရတာမှန်ပေမယ့် ကွန်ဒိုမီနီယမ်ဖြစ်လို့ မြေညီထပ်မှာ အိမ်ခန်းတွေ မရှိပါဘူး။ မြေပိုင်ဆိုင်မှု ပြသနာတွေ ဖြစ်လာမလားဆိုတဲ့ အမျိုးသားဝါဒီတွေစိုးရိမ်နေတာမျိုးလည်း ဖြစ်မလာနိုင်ပါဘူး။ နောက်ပိုင်းမှာ apartment ခေါ်တဲ့ တိုက်ခန်းတွေနဲ့ဆိုင်တဲ့ ဥပဒေတွေ၊ Flat လို့ခေါ်တဲ့ အလွှာလိုက် Hall type နဲ့ ဆိုင်တဲ့ ဥပဒေတွေ ဆက်ပြီး ပေါ်ပေါက်လာမှာဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး” ဟု ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီဝင် ဦးဝင်းဦးက Frontier ကို ပြောသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အကြား သဘောကွဲလွဲချက် ၆၂ ချက်ရှိခဲ့ပြီး လွှတ်တော်တွင် သုံးနှစ်ကြာ အချိန်ယူ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဥပဒေကြမ်းပူးပေါင်း ကော်မတီအနေဖြင့် ပညာရှင်များနှင့် အစည်းအဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးမှ ဥပဒေကြမ်းအား ပြင်ဆင်ပြဌာန်းခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီဝင် ချောင်းဦးမြို့နယ် ကိုယ်စားလှယ် ဦးစောလှထွန်းကပြောသည်။

“၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ရောင်းချခွင့် ဥပဒေပုဒ်မ(၃) မှာ နိုင်ငံခြားသားတွေကို အိမ်ခန်းရောင်းခွင့်ကို တားမြစ်ခဲ့ပါတယ်၊ အဲဒီ မဆလခေတ်က ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကျင့်သုံးနေတာဖြစ်လို့ တားမြစ်ခဲ့တာပါ။ ဒါတောင်မှ အဲဒီဥပဒေရဲ့ ပုဒ်မ (၁၅) မှာ နိုင်ငံတော်နှင့် အကျိုးတူကိစ္စရပ်များအတွက် စာချုပ်ချုပ်ဆိုထားသော နိုင်ငံခြား အဖွဲ့အစည်းများနှင့် မသက်ဆိုင်ရလို့ ပြဌာန်းခဲ့ပါတယ်။ အခုက ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေချိန်၊ နိုင်ငံခြားသားများကို စီးပွားရေးလုပ်ငန်းတွေ လာရောက် လုပ်ကိုင်ခွင့် ပြုထားတဲ့ အချိန်လည်းဖြစ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေနဲ့ သက်ဆိုင်ရာ ပညာရှင်အဖွဲ့တွေနဲ့ အကြိမ်ကြိမ် အစည်းအဝေးတွေ ပြုလုပ်ခဲ့ပြီး အခုလို ပြင်ဆင် ပြဌာန်းရတာပါ” ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။

၁၉၉၇ ခုနှစ် အာရှ စီးပွားရေးကပ်ဆိုက်စဉ်က ထိုင်းနိုင်ငံသည် စုပေါင်းအဆောက်အအုံများရှိ အိမ်ခန်းများအား နိုင်ငံခြားသားများကို ရောင်းချခွင့် ၄၀ ရာခိုင်နှုန်းကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ခြင်းဖြင့် အမေရိကန် ဒေါ်လာများရရှိပြီး စီးပွားရေး အကျပ်အတည်းမှ ခြောက်လအတွင်း ပြေလည်သွားခဲ့သည့် သာဓကရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီဝင် ဒေါက်တာခင်ရွှေက ပြောသည်။

“နိုင်ငံခြားသားကို ၄၀ ရာခိုင်နှုန်း ရောင်းခွင့် ရှိပြီဆိုရင်တော့ ရန်ကုန်မြို့မှာ ကရိန်းတွေ ပြန်လှုပ်လာမယ်။ အလုပ်လက်မဲ့ ပြဿနာတွေ နည်းလာမယ်။ လမ်းဘေးက ကျူးကျော်တွေလည်း အလုပ်ရပြီး ကျူးကျော်ပြသနာတွေ လျော့လာမယ်။ နောက်ပြီး နိုင်ငံအတွက် လိုနေတဲ့  အမေရိကန်ဒေါ်လာတွေ ဖြည့်ဆည်းနိုင်မယ်။

“မြန်မာနိုင်ငံကတော့ အဲဒီ ၁၉၉၇ ကနေ ဖြစ်လာတဲ့ စီးပွားရေးကပ်ဆိုက်မှုက ဒီနေ့အထိ မပြေလည်ဘူး။ ဈေးကွက်စီးပွားရေးဆိုတာက အခြေအနေပေါ် မူတည် စဉ်းစားရမယ်။ သူများတွေ ဘာလုပ်သလဲ၊ ကိုယ် ဘယ်လိုလုပ်မလဲ။ အဲဒီလို လိုက်လုပ်နိုင်ဖို့လိုတယ်” ဟု ဇေကမ္ဘာဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာခင်ရွှေက ပြောသည်။

ယခင်က နိုင်ငံခြားသားများ အိမ်ခန်း ဝယ်ယူခွင့်မရှိသဖြင့် ဝယ်ယူလိုသော နိုင်ငံခြားသားသည် မြန်မာနိုင်ငံသူ တစ်ဦးဦးနှင့်  လက်ထပ်ပြီး ဇနီးဖြစ်သူ၏ အမည်ဖြင့် ဝယ်ယူခဲ့ကြရသဖြင့် နောက်ပိုင်းပိုင်ဆိုင်မှု ပြဿနာအရှုပ်အရှင်း ပေါ်ပေါက်ခဲ့မှုများ ရှိခဲ့သည်။

သတင်း- စိုးသန်းလင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.