ယခင်အစိုးရ ထိပ်တန်းခေါင်းဆောင်အချို့ကိုပါ စွပ်စွဲထားသည့် ကျောက်မျက်ငွေကြေးအရှုပ်တော်ပုံ

ကျော်ဖုန်းကျော်နှင့် ဉာဏ်လှိုင်လင်း ရေးသားသည်။

ကျောက်မျက်လုပ်ငန်းရှင်များ၏ ရတနာရောင်းချရငွေများမှ တစ်ရာခိုင်နှုန်းစီ ဖြတ်တောက်ကာ သိမ်းဆည်းထားသော ရန်ပုံငွေ ယူရို ၉၃ သန်း (ကျပ်သန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်)နှင့် ပတ်သက်၍ အရှုပ်အထွေးများဖြစ်ပွားနေသည့်ကိစ္စကို ကျောက်မျက်လုပ်ငန်းရှင်များအသင်းဝင် အချို့က ယနေ့ ဇွန် ၂ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ဖွင့်ချလိုက်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရသူများတွင် သမ္မတဟောင်း ဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းတို့၏ အမည်များလည်း ပါဝင်နေသလို ယခင်အစိုးရလက်ထက်က တာဝန်ယူခဲ့သည့် အခြားသူများလည်း ဆက်နွယ်ပါဝင်နေနိုင်သေးသည်ဟု သတင်းစာရှင်းလင်းပွဲတွင် တာဝန်ခံရှင်းလင်း ပြောကြားခဲ့သည့် ကျောက်မျက်လုပ်ငန်းရှင်အသင်း၏ အမှုဆောင် ဦးကျော်ကျော်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

“အခုက ၉၃ သန်းမှာ ခုနစ်သန်းပဲ ကျန်တော့တယ်လို့ ပြောတယ်။ ၈၆ သန်းက ကုန်ပြီဆိုတဲ့ သဘောပေါ့။ ခုနစ်သန်းတောင် အထောက်အထားနဲ့ မပြောနိုင်သေးဘူး။ ကျွန်တော်တို့ ၉၃ သန်းနဲ့ ပတ်သက်တဲ့ စာရင်းတွေအကုန်လုံး တောင်းထားတုန်းပါ။ ပေးမယ်လို့လည်း ပြောပါတယ်။ စာရင်းတွေသိရလို့ စစ်ချလိုက်ရင် အကုန်ပေါ်လာမှာ ဖြစ်ပါတယ်”ဟု သူကဆိုသည်။

သမ္မတဟောင်း ဦးသိန်းစိန်သည် ရန်ပုံငွေထဲမှ ယူရိုခုနစ်သန်းကို ရုပ်ရှင်အနုပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဆိုသည့် အကြောင်းအရင်းဖြင့် ယူငင်ခဲ့ပြီး၊ ဝန်ကြီးဦးစိုးသိန်းကလည်း ယူရို ငါးသန်း ထုတ်ယူသွားခဲ့သည်ဟု ကျောက်မျက်လုပ်ငန်းရှင်များက စွပ်စွဲထားကြသည်။

ယခုငွေကြေးအရှုပ်တော်ပုံကိစ္စကို စစ်ဆေးနေသည့် ခုံအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ဝင်းထိန်က ဦးသိန်းစိန်သည် ရန်ပုံငွေထဲမှ ယူရိုတစ်သန်းသာယူခဲ့ပြီး ကျန်ခြောက်သန်းကို အခြားလုပ်ငန်းရှင်များက ထည့်ဝင်ပေးလိုက်ခြင်းဖြစ်သည်ဟု ပြောကြောင်း ဦးကျော်ကျော်ဦးက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့မှာ သူ(ဗိုလ်မှူးကြီး ဝင်းထိန်)ပြောတဲ့ဟာကို ဖမ်းထားတဲ့ အသံဖိုင်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ တခြားသက်သေအထောက်အထားတော့ မရှိသေးပါဘူး”ဟုလည်း သူကဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အစိုးရအရာရှိကြီးများက ခုံဖွဲ့စစ်ဆေးနေပြီဖြစ်သော်လည်း ထိုခုံအဖွဲ့၏ စစ်ဆေးမှုကို စိတ်ချလက်ချ မယုံကြည်နိုင်ဟုဆိုကာ ကျောက်မျက်လုပ်ငန်းရှင် ၈၇ ဦးက လက်မှတ်ရေးထိုး၍ သူရဦးရွှေမန်းခေါင်းဆောင်သည့် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာစမ်းစစ်ရေး ကော်မရှင်သို့ ထပ်မံတိုင်ကြားထားသည်။

ယခင်အစိုးရလက်ထက်က သတ္တုတွင်းဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာမြင့်အောင်ကလည်း ကျောက်မျက်လုပ်ငန်းရှင်များဘက်မှဖွင့်ချသည့် ရန်ကုန် သတင်းစာရှင်းလင်းပွဲမတိုင်မီ နံနက်ပိုင်းတွင် အပြိုင်သတင်းစာရှင်းလင်းပွဲတစ်ခုကို နေပြည်တော်တွင် ကျင်းပခဲ့ရာ ဦးသိန်းစိန်အနေနှင့် ရန်ပုံငွေထဲမှ မည်သည့်ငွေကိုမျှ ရယူခဲ့ခြင်းမရှိဟု တုန့်ပြန်ရှင်းလင်းထားသည်။

“စွပ်စွဲချက်တွေကို ပစ်စာသဘောမျိုးပဲ ကျွန်တော်ယူဆပါတယ်” ဟု ၎င်းက သတင်းထောက်များကို နေပြည်တော်၌ပြောကြားခဲ့သည်။

ထို့သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်စာရွက်တွင် အဆိုပါငွေများကို လူမှုရေးနှင့် ဖွံ့ဖြိုးရေးကိစ္စများတွင် အများဆုံးသုံးစွဲခဲ့သည်ဟု စာရင်းဇယားများဖြင့် ရှင်းလင်းချက် ပေးထားသလို လုပ်ငန်းရှင်များ၏ စွပ်စွဲချက်များကိုလည်း ငြင်းဆိုထားသည်။

သို့သော် အနုပညာစင်တာတည်ဆောက်ရန်အတွက် ထိုငွေထဲမှ ယူရိုတစ်သန်းကို သမ္မတ(ဟောင်း) ဦးသိန်းစိန်ထံ လှူခဲ့သည်ဟုမူ ဆိုထားပြီး ဦးစိုးသိန်းယူသည့်ဆိုသည့် ငွေကိစ္စကိုမူ ငြင်းဆိုထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက်က သမ္မတ၏ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကမူ ယခုကိစ္စတွင် နိုင်ငံရေးကစားကွက်များပါနေနိုင်သည်ဟု မီဒီယာများကို ပြောကြားထားသည်။

ဦးကျော်ကျော်ဦးကမူ မည်သည့်နိုင်ငံရေးကိစ္စမှမပါဝင်ကြောင်း ငြင်းဆိုလိုက်ပြီး ဦးသိန်းစိန်နှင့် ပတ်သက်သည့်ကိစ္စကို ဦးရွှေမန်းဦးဆောင်သည့် ကော်မတီထံသို့ ရည်ရွယ်ချက်ဖြင့် တိုင်ကြားခြင်းမဟုတ်ပဲ ဥပဒေချိုးဖောက်မှုလည်းဖြစ်၊ အထူးကိစ္စလည်းဖြစ်သည်ဟု ယူဆသောကြောင့် သက်ဆိုင်သည့် အဖွဲ့ထံသို့တိုင်ကြားသည့် သဘောသာဖြစ်သည်ဟု ရှင်းပြသည်။

“အရင်အစိုးရလက်ထက်တုန်းက ကျွန်တော်တို့ကလည်း ပြန်မပြောရဲပါဘူး။ ပြောလည်း သူတို့လူတွေနဲ့ သူတို့မို့ အကျိုးထူးမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီကိစ္စကို အခုအစိုးရလက်ထက်ကျမှ ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စတွေမပါပါဘူး”ဟု ၎င်းက ဆိုသည်။

၎င်း၏အဆိုအရ ရတနာရောင်းချရငွေများထဲမှ တစ်ရာခိုင်နှုန်းကို ဖြတ်တောက်ခြင်းသည်ပင် တရားဝင်လုပ်ရပ် မဟုတ်ကြောင်း၊ ထို့ပြင် ထိုငွေများကို မည်သည့်ဌာနက ကိုင်တွယ်စီမံပြီး မည်သူ့တွင် သုံးစွဲခွင့်အာဏာ ရှိသည်ဆိုသည်မှာလည်း ရေရာသည့် စည်းကမ်းသတ်မှတ်ထားခြင်း မရှိကြောင်း၊ ယခုကိစ္စသည်ပင် ကျောက်မျက်လုပ်ငန်းရှင်အသင်း၏ လက်ရှိဥက္ကဌ ဦးရုံးမူကို မကျေနပ်သဖြင့် ကျန်သူများက လိုက်လံစစ်ဆေးရင်း မထင်မှတ်ပဲ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ပြောသည်။

“၉၃ သန်းကို သုံးစွဲတဲ့စာရင်းထွက်လာရင် နှစ်ပိုင်းခွဲပြီးလုပ်ပါမယ်။ ကျောက်မျက်လုပ်ငန်းရှင် အသင်းက သုံးစွဲထားတဲ့ဟာတွေကို ပြန်စစ်ပြီး မသမာမှုတွေတွေ့ရင် ဥပဒေအတိုင်းဆောင်ရွက်ပါမယ်။ ဒါပေမဲ့ နေပြည်တော် ကျောက်မျက်ပြပွဲကျင်းပရေး ကော်မတီက သုံးထားတဲ့အပိုင်းတွေကိုတော့ လက်ရှိအစိုးရကပဲ စီမံပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

စုံစမ်းစစ်ဆေးမှုများကြာမြင့်နေလျှင်မူ လုပ်ငန်းရှင်များက ၎င်းတို့ကိုယ်တိုင် ဥပဒေအရ ရင်ဆိုင်ဖြေရှင်း သွားမည်ဟုဆိုသည်။

ကျောက်မျက်လုပ်ငန်းရှင်များက တိုင်တန်းစာပေးပို့ထားသည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ကော်မရှင်မှ ဦးသိန်းလွင်ကမူ ယခုကိစ္စကို အစိုးရထံသို့ လွှဲပေးဖို့ဆုံးဖြတ်ထားသည်ဟု မကြာသေးမီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကမူ ယခုကိစ္စနှင့် ပတ်သက်ပြီး မည်သည့် သဘောထားမှတ်ချက်မျှ ယခုအချိန်အထိ မထုတ်ပြန်သေးပေ။ ထို့အပြင် စွပ်စွဲခံထားရသည့် ဦးသိန်းစိန်နှင့် ဦးစိုးသိန်းတို့ကလည်း မည့်သည့်တုန့်ပြန်ပြောဆိုမှုကိုမှ ပြုလုပ်ခြင်း မရှိသေးပေ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.