လုပ်ငန်းအသစ်တိုင်းအား အခွန်ကင်းလွတ်ခွင့် တပြေးညီ ပေးတော့မည် မဟုတ်

ကျော်ဖုန်းကျော် ရေးသားသည်။

ယခုလက်ရှိတွင် နိုင်ငံအတွင်းရှိ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်း အသစ်များအားလုံးကို လုပ်ငန်း စတင်လည်ပတ်သည့် ကနဦးငါးနှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးထားသော်လည်း ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပြဌာန်းပြီးချိန်တွင်မူ ထိုစနစ်အား ပယ်ဖျက်၍ အခွန်ကင်းလွတ်ခွင့်ပုံစံသစ်ဖြင့် အစားထိုးမည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက သြဂုတ် ၂ ရက်နေ့က ပြောကြားလိုက်သည်။

လတ်တလောတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုအား ဥပဒေတစ်ခုတည်းအဖြစ် ပေါင်းစပ်ရန် အစိုးရက စီစဉ်ဆောင်ရွက်နေပြီး ဥပဒေသစ်ပေါ်ထွက်လာချိန်တွင် အဆိုပါ အခွန်ကင်းလွတ်ခွင့် စနစ်သစ် ပါဝင်လာမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

အခွန်ကင်းလွတ်ခွင့် ပုံစံသစ်မှာ ယခုလက်ရှိပုံစံအတိုင်း လုပ်ငန်းသစ်အားလုံးကို အခွန်ကင်းလွတ်ခွင့် မပေးတော့ဘဲ အစိုးရက နိုင်ငံအတွက် လိုအပ်သည်ဟု ယူဆသဖြင့် ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ထားသည့် အမျိုးအစားများတွင် ပါဝင်သည့် လုပ်ငန်းများကိုသာ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးမည် ဖြစ်သည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် နယ်နိမိတ် သတ်မှတ်ချက်ကိုအခြေပြုကာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကိုလိုက်၍ ဇုံသုံးခု ခွဲခြားဦးမည် ဖြစ်သည်။ ဖွံ့ဖြိုးမှုအနည်းဆုံးဇုံထဲတွင် အစိုးရ၏ ဦးစားပေးကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းကို လုပ်ကိုင်မည်ဆိုလျှင် အခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်အထိ ပေးမည်ဖြစ်ပြီး ဖွံ့ဖြိုးမှုပိုမြင့်သည့် ကျန်ဇုံများတွင်လည်း လုပ်ငန်းအမျိုးအစား ကဏ္ဍအလိုက် အခွန်သက်သာခွင့်များ ပေးသွားမည်ဖြစ်သည်ဟု ဦးအောင်နိုင်ဦးက ရှင်းပြသည်။

“အခုလက်ရှိစနစ်အရ လုပ်ငန်းသစ်တွေကို အခွန်ကင်းလွတ်ခွင့်ပေးတော့ အခွန်ကင်းလွတ် သက်သာခွင့် မပေးသင့်တဲ့ဟာတွေပါ၊ ဥပမာ အရက်ဘီယာ ယမကာနဲ့ ဆေးလိပ်လို လုပ်ငန်းမျိုးတွေပါ ပေးနေရတဲ့သဘော ဖြစ်နေတယ်။ ဒါတွေကတော့ အခွန်ကင်းလွတ်ခွင့် မပြုသင့်ဘူးလို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွေမှာ တညီတညွတ်တည်း ယူဆကြတယ်။ ဒါကြောင့် အခွန်ကင်းလွတ်ခွင့်ပုံစံကို ပြန်ပြင်တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာအောင်ဆွဲဆောင်ဖို့ အခွန်ကင်းလွတ်ခွင့်တွေ ပေးခဲ့တာပါ။ အခုတော့ တိုင်းပြည်ထဲမှာ အတိုင်းအတာတစ်ခုအထိ ရင်းနှီးမြှုပ်နှံမှုတွေလဲ ရောက်လာပြီဆိုတော့ ပြန်လည်သုံးသပ် ပြင်ဆင်တဲ့သဘောလဲ ဖြစ်ပါတယ်”ဟုလည်း ၎င်းကပြောသည်။

ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူဖြစ်စေ၊ နိုင်ငံသားလုပ်ငန်းရှင်ဖြစ်စေ ပြည်တွင်းတွင် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ပြီး ရရှိလာသည့် ကုန်ချောအားလုံးကို ပြည်ပသို့ တင်ပို့မည်ဆိုလျှင် ပြည်ပမှ တင်သွင်းရသည့် ကုန်ကြမ်းအားလုံးအတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်ဟု ဆိုသည်။

ထုတ်ကုန်အားလုံးကို ပြည်ပသို့ ပြန်မပို့ဘဲ အချို့ကိုသာ တင်ပို့မည်ဆိုပါက ပို့ကုန်ပမာဏ အချိုးအစားအတွက် ကုန်ကြမ်းသွင်းကုန်ပေါ်တွင် ကောက်ခံထားသည့် ကုန်သွယ်ခွန်ကို ပြန်အမ်းပေးမည်ဟုလည်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်သည့် လုပ်ငန်းစဉ်မှာ ဝန်ကြီးဌာနတွင်းရေးဆွဲမှု အပြီးသတ်သွားပြီဖြစ်ပြီး သမ္မတဦးထင်ကျော်ထံ မကြာမီ တင်ပြတော့မည့်အဆင့်သို့ ရောက်နေပြီဖြစ်ရာ သမ္မတ၏ သဘောထားမှတ်ချက်ပေးသည်များကို ပြန်လည်ပြင်ဆင်၍ အစိုးရအဖွဲ့တစ်ခုလုံး၏ အတည်ပြုချက်လည်း ရရှိပြီဆိုလျှင် လွှတ်တော်သို့ တင်ပြတော့မည်ဖြစ်ကြောင်းလည်း ဦးအောင်နိုင်ဦးက သတင်းထောက်များကို ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ စီးပွားရေး မူဝါဒတွင် လုပ်သားအင်အားအများအပြား ခန့်ထားနိုင်သည့် လုပ်ငန်းများကို ကနဦးနှစ်များတွင် ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်မည်ဟု ပါဝင်သည်။

“အလုပ်အကိုင် အခွင့်အလမ်းတွေ အများအပြားဖန်တီးနိုင်တဲ့ လုပ်ငန်းတွေကို ဦးစားပေး သတ်မှတ်ထားပါတယ်။ [ဦးစားပေးကဏ္ဍ] ထိပ်ဆုံး အခု ၂၀ (Top 20) လောက်အထိကို labor-intensive လုပ်ငန်းအမျိုးအစားတွေ သတ်မှတ်ထားပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ထိုမူဝါဒထုတ်ပြန်သောနေ့က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဦးတည်ချက်က ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှုကို ခံစားနေရပါတယ်။ ဒီပြည်သူတွေအများစု လတ်တလော နေ့စဉ်စားသောက်ဖို့ ဝင်ငွေတွေရနိုင်ရင် အခိုက်အတန့်အားဖြင့် အချိန် အတိုင်းတာတစ်ခုအထိ ထိန်းပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို လုပ်နိုင်မယ်ဆိုတဲ့ အချက်ကြောင့် စီးပွားရေးမူဝါဒမှာ အလုပ်အကိုင်ဖန်တီးရေးကို ထိပ်တန်းထားပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.