ကားထုတ်လုပ်သူများကို ဆွဲဆောင်သင့်တဲ့ မြန်မာ့ကားဈေးကွက်

ကားထုတ်လုပ်သူများကို ပိုမိုဆွဲဆောင်နိုင်ပြီး ယှဉ်ပြိုင်မှုကောင်းကောင်း၊ ကားဈေးများလည်း သင်တင့်စေမည့် ဈေးကွက်တစ်ခုကို ဖော်ဆောင်နိုင်သော ကားတင်သွင်းမှုဆိုင်ရာ မူဝါဒတစ်ရပ် လိုအပ်လျက်ရှိသည်။

စည်သူအောင်မြင့် ရေးသားသည်။

နေပြည်တော်က လာတဲ့ သတင်းတွေအရ သိပ်မကြာခင် ရက်ပိုင်းလောက်မှာပဲ ၂၀၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်အသစ်တွေ ထုတ်ပြန်တော့မယ်လို့ သိရပါတယ်။

ကားအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူတွေကတော့ ခါတိုင်းလို ဘယ်နှခုနှစ် ထုတ်တဲ့ မော်ဒယ်ကားတွေကို သွင်းခွင့်ပြုမယ်၊ အဲဒီကားတွေကို ဈေးနှုန်းဘယ်လောက် သတ်မှတ်ပြီး အခွန်ဘယ်လောက် ကောက်ခံမယ်ဆိုတဲ့ စည်းကမ်းချက်မျိုးတင်မက မြန်မာနိုင်ငံက လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်းကားတွေ တင်သွင်းခွင့် ရပ်ဆိုင်းပြီး ဘယ်ဂိုင်းကားတွေကိုပဲ တင်သွင်းခွင့်ပေးမယ့် မူဝါဒဆိုင်ရာ အပြောင်းအလဲမျိုးလည်း ရှိနိုင်တယ် ဆိုပြီး ခန့်မှန်းနေကြပါတယ်။

ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကားတင်သွင်းခွင့် ပိတ်ပင်ထားတာကို ဖြေလျှော့လိုက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံအတွင်းကို တင်သွင်းခဲ့တဲ့ ကားအစီးရေဟာ တစ်နှစ်ကို တစ်သိန်းသုံးသောင်း ပတ်ဝန်းကျင် ရှိပါတယ်။ ပြောရရင် မြန်မာ့ကားဈေးကွက်ဟာ အတော်လေးကို ကြီးမားတဲ့ ဈေးကွက်လို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ ဒီလောက် ကားလိုအပ်ချက် ကြီးမားနေတဲ့ ဈေးကွက်ထဲမှာ နိုင်ငံတကာ ကုမ္ပဏီကြီးတွေက ကားထုတ်လုပ်စက်ရုံတွေ လာတည်ထောင်တာ၊ အတန်အသင့် ကြီးမားတဲ့ ကားတပ်ဆင်စက်ရုံတွေ လာထောင်တာမျိုးလည်း မတွေ့မြင်ကြရသေးပါဘူး။ ဘာကြောင့် အဲလို ဖြစ်နေရတာလဲ၊ မြန်မာ့ ကားတင်သွင်းခွင့် ပေါ်လစီ ဘာမှားနေသလဲဆိုတာ လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။

လက်ရှိ မြန်မာနိုင်ငံက ကားတင်သွင်းခွင့် ပေးထားတဲ့ပုံစံဟာ ဘယ်နိုင်ငံမှာမှ မရှိလောက်တော့တဲ့ တစ်ဦးချင်း တင်သွင်းခွင့်ပုံစံ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကားတစ်စီး ပိုင်ချင်တယ်ဆိုရင် သူ့ဖာသာသူ အချက်အလက် အထောက်အထားတွေ၊ ထောက်ခံစာတွေနဲ့တကွ လျှောက်ရပါမယ်၊ ကိုယ် ဘယ်နိုင်ငံက ဘာကားတင်သွင်းမလဲဆိုတာ ကိုယ်ကိုယ်တိုင် စုံစမ်း၊ ရွေးချယ်၊ နိုင်ငံခြားအထိ ငွေပေးချေဝယ်ယူရပါမယ်။

တစ်ဘက်က ကားကို သင်္ဘောတင်ပေးပြီးရင်လည်း ဆိပ်ကမ်းကနေ ကိုယ့်လက်ထဲရောက်အောင် အခွန်ပိုင်းဆိုင်ရာ ရှင်းလင်းတာတွေ၊ မှတ်ပုံတင်တာတွေအားလုံး ကိုယ့်ဖာသာကိုယ် လုပ်ရမယ်ဆိုတဲ့ သဘောပါ။ ဒါဟာ အရင်အစိုးရ လက်ထက်ကတည်းက ချမှတ်ထားတဲ့မူဝါဒ ဖြစ်ပြီး ဘယ်လောက် အဓိပ္ပာယ်မဲ့တဲ့ မူဝါဒလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ပြောရရင် အစိုးရက အဲဒီမူဝါဒ ချမှတ်ထားပေမဲ့ ဘယ်နိုင်ငံသား ပြည်သူကမှ နိုင်ငံခြားက ကားတစ်စီး ကိုယ့်လက်ထဲ ရောက်လာအောင် လုပ်ငန်းစဉ်အားလုံးကို မလုပ်တတ်ကြပါဘူး။ လုပ်လည်း မလုပ်ကြပါဘူး။ အားလုံးဟာ ပုံစံအမျိုးမျိုးရှိတဲ့ အကျိုးဆောင် ကုမ္ပဏီတွေ၊ ပွဲစားတွေကနေတဆင့် တင်သွင်းရတာ၊ ဒါမှမဟုတ် ဝယ်ရောင်းတွေဆီကနေ ဝယ်ရတာချည်းပါ။

ဒီလို ရှုပ်ထွေးပြီး အဓိပ္ပာယ်မဲ့တဲ့ မူဝါဒကြောင့် ကားဝယ်ရခက်တာ၊ ဈေးနှုန်းကြီးမြင့်တာကို ပြည်သူတွေ ခံရတဲ့အပြင် လာဘ်ပေးလာဘ်ယူမှုကိုလည်း အားပေး အားမြှောက်ရာ ရောက်စေပါတယ်။ ပြောရရင် အင်န်အယ်လ်ဒီ အစိုးရဟာ အရင်အစိုးရက မှားမှားယွင်းယွင်း လုပ်ထားခဲ့တဲ့ အဲဒီ ကားတင်သွင်းခွင့် ပေါ်လစီကို ပြင်ဆင်သင့်ပါတယ်။

ပြည်သူတွေအနေနဲ့ ကားအရောင်းကုမ္ပဏီတွေကနေ ကားကို လွယ်လင့်တကူ ဝယ်ယူလို့ရအောင်၊ အခြားတစ်ဘက်မှာ ကားတင်သွင်းတာကို အစိုးရက စည်းကမ်းနဲ့ အခွန်အခ သတ်မှတ်ပြီး ကုမ္ပဏီတွေကို လွတ်လွတ်လပ်လပ် ယှဉ်ပြိုင် လုပ်ကိုင်ခွင့်ပြုတာ၊ ကားတပ်ဆင်စက်ရုံတွေ တည်ထောင်မှာကို အားပေးတာ၊ ကားထုတ်လုပ်မယ့် စက်ရုံမျိုးဆိုရင်တော့ အခွင့်ထူးအမျိုးမျိုးပေးတဲ့ မူဝါဒမျိုး ချမှတ် ဆောင်ရွက်သင့်ပါတယ်။

အထူးအခွင့်အရေးအနေနဲ့ အခွန်လျှော့ပေါ့ပေးတာ၊ တချို့ ပိုပြီး ခေတ်နောက်ကျတဲ့ မော်ဒယ်နိမ့် တစ်ပတ်ရစ် ကားတင်သွင်းခွင့် အခွင့်အရေးရတာကြောင့် အဲဒီ ကားဟောင်းအပ် စလစ် တစ်စောင် လက်ရှိ ကျပ် သိန်း ၁၀၀ ကျော် ပေါက်ဈေး ရှိနေတာကလည်း အတော့်ကို မသင့်တော်တဲ့ကိစ္စပါ။

နောက်ပြဿနာ တစ်ခုက အရင်အစိုးရလက်ထက်က ကျင့်သုံးခဲ့ပြီး လက်ရှိ အစိုးရကလည်း ဆက်ကျင့်သုံးနေတဲ့ အိုဟောင်းယာဉ်အပ်ရင် ကားတင်သွင်းခွင့် လက်မှတ်တစ်စောင်ပေးတဲ့ စနစ်ကို ဖျက်သိမ်းဖို့ပါ။ ဒါကလည်း နိုင်ငံတကာမှာ ကျင့်သုံးလေ့မရှိတဲ့ သိပ်ပြီး အဓိပ္ပာယ်မရှိတဲ့ မူဝါဒ တစ်မျိုးပါ။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အဲဒီ မူဝါဒ ကျင့်သုံးခဲ့တာကတော့ မှန်ပါတယ်။ အဲဒီအချိန် ပြည်တွင်းမှာ သုံးနေတဲ့ ကားအများစု အလွန့်အလွန်ကို အိုမင်းဟောင်းနွမ်း စုတ်ပြတ်၊ လမ်းပေါ်ကိုတောင် မထွက်ခိုင်းသင့်တဲ့၊ သံရည်ကြိုစက်ရုံ ပို့သင့်တဲ့ ကားအများစုကြီး ရှိနေတဲ့အချိန်ပါ။ အခုဆို အဲလိုကားဟောင်းနဲ့ တစ်ပတ်ရစ်ကား တင်သွင်းခွင့် စလစ်တစ်စောင် လဲတဲ့စနစ် ကျင့်သုံးလာတာ ၆ နှစ်လောက် ရှိပါပြီ။

လက်ရှိနိုင်ငံထဲမှာ သုံးနေတဲ့ကား အများစုကြီးဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တင်သွင်းခဲ့တဲ့ ဂျပန်တစ်ပတ်ရစ် ကားတွေချည်းပဲ ဖြစ်နေပါပြီ။ အဲဒီစနစ် ကျင့်သုံးမှုကြောင့် အဂတိလိုက်စားမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါပြီ။ အထူးအခွင့်အရေးအနေနဲ့ အခွန်လျှော့ပေါ့ပေးတာ၊ တချို့ ပိုပြီး ခေတ်နောက်ကျတဲ့ မော်ဒယ်နိမ့် တစ်ပတ်ရစ် ကားတင်သွင်းခွင့် အခွင့်အရေးရတာကြောင့် အဲဒီ ကားဟောင်းအပ် စလစ် တစ်စောင် လက်ရှိ ကျပ် သိန်း ၁၀၀ ကျော် ပေါက်ဈေး ရှိနေတာကလည်း အတော့်ကို မသင့်တော်တဲ့ကိစ္စပါ။ ဒါကြောင့် ဒီစနစ်ကို လုံး၀ ဖျက်သိမ်းသင့်ပါပြီ။ ပြည်သူတွေ သူတို့သုံးတဲ့ကားတွေဟာ လမ်းပေါ်တက်မောင်းလို့ အန္တရာယ် မဖြစ်နိုင်ဘူးဆိုရင် ဘယ်နှခုနှစ်က ကားဖြစ်ဖြစ် အသုံးပြုခွင့်ပေးတဲ့စနစ်ကို ကျင့်သုံးစေသင့်ပါတယ်။

နောက်ထပ် ပြဿနာကြီးတစ်ခုက လက်ရှိအစိုးရသစ်လက်ထက် တိုင်သည်အထိ မြန်မာနိုင်ငံက ညာကပ်မောင်း လမ်းစနစ်နဲ့ လုံး၀ မကိုက်ညီ၊ အန္တရာယ်လည်း အလွန်များ၊ ဘယ်နိုင်ငံမှာမှလည်း မကျင့်သုံးတဲ့ ညာဂိုင်းကားတွေကို တင်သွင်းခွင့်ပေးနေခြင်းပါ။ မြန်မာနိုင်ငံနဲ့ လမ်းစနစ်ချင်းတူ၊ ဆင်းလည်းဆင်းရဲတဲ့ ကမ္ဘောဒီးယားတောင် ညာဂိုင်းကားတွေ တင်သွင်း အသုံးပြုခွင့် ပေးမထားပါဘူး။

မြန်မာနိုင်ငံရဲ့ ညာကပ်မောင်း လမ်းစနစ်ကို ပြင်ဖို့မရှိတော့ဘူးဆိုရင် အဲဒီလမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်းကား တင်သွင်းခွင့် လုံး၀ ပိတ်ပင်ပြီး ဘယ်ဂိုင်းကားတွေကိုချည်းပဲ တင်သွင်းခွင့်ပေးမယ့် မူဝါဒအသစ် ပြောင်းလဲသင့်ပါပြီ။ ဒီလို မူဝါဒ ပြောင်းမယ်ဆိုရင် ဂျပန်ကနေ တစ်ပတ်ရစ် ညာဂိုင်းကားတွေ တင်သွင်းနေတဲ့ ကုမ္ပဏီတွေက သူတို့အကျိုးစီးပွား ထိခိုက်မှာစိုးလို့ ကန့်ကွက်နိုင်ပေမဲ့ အများပြည်သူ အကျိုးအတွက် ဘယ်ဂိုင်း တစ်မျိုးတည်းကိုပဲ တင်သွင်းခွင့်ပေးတဲ့မူဝါဒ ပြောင်းလဲ ချမှတ်သင့်နေပါပြီ။

အရေးအကြီးဆုံးကတော့ အစိုးရအနေနဲ့ ကားတင်သွင်းခွင့် ပေါ်လစီကို စဉ်းစားရာမှာ တိုင်းပြည်စီးပွားရေးနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အဓိကထား စဉ်းစားရမှာပါ။ ဒုတိယ စဉ်းစားရမှာက ပြည်သူတွေ သူတို့ဒေသ၊ သူတို့လိုအပ်ချက်နဲ့ သင့်တော်တဲ့ကားကို ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်ဖို့ လိုသလို၊ တိုင်းပြည်တွက်လည်း ထိုက်သင့်တဲ့ အခွန်ရဖို့ လိုပါတယ်။

လက်ရှိ ဆူဇူကီး Suzuki လို ကားတပ်ဆင်စက်ရုံလေးတွေ ရှိပေမဲ့ တစ်နှစ်တစ်နှစ် အစီးရေ နည်းနည်းလောက်ပဲ ထုတ်လုပ်ပေးနိုင်ပါတယ်။ အလားတူ Ford, Mazda, Toyota, Nissan လို ကားအရောင်းပြခန်း လာတည်တဲ့ ကုမ္ပဏီတွေ ရှိပေမဲ့လည်း ဈေးကွက်ကို လေ့လာတဲ့ သဘောသာသာလောက်ပဲ တွေ့မြင်ရပါတယ်။

ဒီလိုအခြေအနေမျိုး တိုင်းပြည်ထဲမှာ စီးပွားရေး၊ ပြည်သူ့လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကားအမျိုးအစားတွေ ထုတ်လုပ်တဲ့စက်ရုံတွေ လာပြီးရင်းနှီးမြှုပ်နှံချင်လာအောင် နည်းအမျိုးမျိုးနဲ့ မက်လုံးပေး ဆွဲဆောင်သင့်ကြောင်းပါ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar