ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်သူများထံမှ တစ်ဦးလျှင် ပျမ်းမျှ ကျပ် ၁,၀၀၀ သာ အခွန်ရရှိ

ဟိန်းကိုစိုး

ပဲခူးတိုင်းဒေသကြီးတွင် နေထိုင်ကြသူများအနေဖြင့် တစ်ဦးလျှင် ပျမ်းမျှ ကျပ် ၁,၀၀၀ ကိုသာ အစိုးရထံ အခွန်အဖြစ် ပေးဆောင်နေသည်ဟု ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၇-၁၈ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းနေထိုင်သူ ငါးသန်းနီးပါးက အခွန်ငွေ ကျပ် သန်း ၅,၀၀၀ (ကျပ်ငါးဘီလျံ) သာ ပေးဆောင်မည်ဖြစ်ပြီး ထိုပမာဏသည် တိုင်းဒေသကြီးအစိုးရ တစ်နှစ်တာ ရရှိသည့်ဘတ်ဂျတ်ငွေ၏ သုံးရာခိုင်နှုန်းသာ ရှိနေသည်။

ထိုအခွန်ကောက်ရရှိငွေ ကျပ်သန်း ၅,၀၀၀ ၏ ၅၂ ရာခိုင်နှုန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံသည့် မြေ၊ သတ္ထုနှင့် ယစ်မျိုးတို့မှ ရရှိခြင်းဖြစ်သည်။ ဒုတိယအများဆုံးအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနက ကောက်ခံသည့် အင်း၊ အိုင်ခွန်များမှ ရရှိခြင်းဖြစ်ကာ အခွန်ကောက်ခံရရှိငွေ၏ ၂၅ ရာခိုင်နှုန်းဖြစ်သည်။

ယခုနှစ်အတွက် ကောက်ခံရရှိသည့် အခွန်ငွေပမာဏသည် ၂၀၁၆-၁၇ ခုနှစ်က ကောက်ခံရရှိခဲ့သည့် အခွန်ငွေစုစုပေါင်း၏ နှစ်ဆကျော် လျော့နည်း ကောက်ခံရရှိခဲ့ခြင်းလည်းဖြစ်သည်။ ၂၀၁၆-၁၇ ခုနှစ်က ပဲခူးတိုင်းအတွင်း အခွန်ငွေ ကျပ်သန်း ၁၂,၀၀၀ ကျော် (၁၂ ဒသမ ၁ ဘီလျံ) အထိ ရရှိခဲ့သည်။

အဆိုပါအချက်အလက်များ ပါဝင်သည့် ၂၀၁၇-၁၈ ခုနှစ် ရသုံးခန့်မှန်းငွေစာရင်းစာအုပ် မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပဲခူးမြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

၂၀၁၇-၁၈ ခုနှစ်အတွက် အခွန်ရငွေ ကျဆင်းရသည့်အကြောင်းရင်းကို ပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် ပဲခူးတိုင်း ရသုံးခန့်မှန်းခြေ ငွေစာရင်းဌာန ညွှန်ကြားရေးမှူးတို့ထံ အဆိုပါ မိတ်ဆက်ပွဲတွင် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပေ။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်နှင့်သာ ကြုံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖြစ် တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်၊ မတ်လကစတင်ကာ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီနှင့် ကရင်ပြည်နယ်စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် အာရှဖောင်ဒေးရှင်းနှင့် Renaissance Institute တို့က တိုင်းဒေသကြီး ပြည်နယ်အစိုးရများနှင့် ပူးပေါင်းကာ ရသုံးမှန်းခြေ ငွေစာရင်း စာအုပ်များကို ပြည်သူများထံ ထုတ်ဝေဖြန့်ချိခဲ့သည်။

ဘတ်ဂျတ်အသုံးပြုမှုများ ပွင့်လင်းမြင်သာမှု ရှိလာစေရန် အာရှဖောင်ဒေးရှင်းနှင့် Renaissance Institute တို့က ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ၂၀၁၇-၁၈ ခုနှစ် ရသုံးခန့်မှန်း ငွေစာရင်းထုတ်ပြန်မှုသည် ပဲခူးတိုင်းဒေသကြီးအစိုးရအတွက် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုသို့ ထုတ်ပြန်ရန် ပူးပေါင်းအဖွဲ့က အချိန်လေးလယူကာ ပြင်ဆင်ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ရသုံးခန့်မှန်းငွေစာရင်းဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် ခွင့်ပြုထားသည့် လုပ်ငန်းများအပေါ်တွင်သာ အခွန်ကောက်ခံခွင့်ရှိခြင်း ကြာင့် အခွန်အနည်းငယ်သာ ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ အဲဒီအခွန်အကောက်ကို ဖော်ပြထားတဲ့ အပိုင်းလေးခုကနေပဲ ကောက်ခံရရှိတာပါ။ ဒါကလည်း စာအုပ်ထဲမှာပါပြီးသားပါ” ဟု ၎င်းကပြောသည်။

ထိုကဏ္ဍလေးခုမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယစ်မျိုး၊ မြေယာ၊ သတ္ထုတွင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ အင်းအိုင်ခွန်၊ သစ်တောဦးစီးဌာနမှ သစ်တောထွက်ပစ္စည်းခွန်နှင့် စည်ပင်သာယာမှ ပစ္စည်းခွန်၊ ဘီးခွန်တို့မှ ကောက်ခံရရှိခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံက လူအများစုက သူတို့အခွန်တွေ အများကြီးပေးနေရတယ်လို့ နားလည်မှုလွဲနေကြတယ်” ဟု အာရှဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Kim Ninh ကဆိုသည်။

“တကယ်စစ်တမ်းထုတ်လိုက်တော့ အခွန်ပေးတာအရမ်းနည်းတယ်။ ကျွန်မအထင် ဒါကလည်း အစိုးရနဲ့ နိုင်ငံသားတွေအကြားက ယုံကြည်မှုကြောင့်ပါ။ သူတို့ယုံကြည်မှုမြင့်လာရင် အခွန်များများပေးမယ်။ အဲဒီအခါ အစိုးရက ကောင်းတဲ့အလုပ်တွေ လုပ်ပေးနိုင်မယ်။ ကျွန်မတို့ ဒါကိုလုပ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်မာလာကျော်ကလည်း “အရင်တုန်းကအခြေအနေ တွေမှာဆိုရင် အစိုးရရဲ့ ဘတ်ဂျတ်သုံးစွဲမှုတွေကို ဘယ်လိုပြည်သူမျိုးကမှ မသိရှိကြရဘူး” ဟု ပြောကြားသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက အရပ်ဖက်အဖွဲ့တွေကိုဖိတ်ပြီး အခွန်နဲ့ဘတ်ဂျတ်ဆိုင်ရာ အချက် အလက်တွေကို ပြည်သူတွေထံ အခုချပြပြီ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.