အစိုးရအား စေတနာဖြင့် အပြုသဘောဝေဖန်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အစိုးရနှင့် ဝန်ထမ်းများ၏ လုပ်ရပ်အား ဝေဖန်ရာတွင် စေတနာဖြင့် အပြုသဘော ဝေဖန်ကြရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

“ပြည်သူများဟာ အစိုးရရဲ့လုပ်ရပ်တွေ၊ ဝန်ထမ်းတွေရဲ့လုပ်ရပ်တွေကို ဝေဖန်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် ဒီဝေဖန်နိုင်တဲ့ အခွင့်အရေးကို သုံးတဲ့အခါမှာ ကျွန်မတို့ နိုင်ငံရဲ့ ညီညွတ်ရေး၊ စည်းလုံးရေး၊ တည်ငြိမ်ရေးကို ဦးတည်ပြီးတော့ စေတနာနဲ့ ဝေဖန်ပါ။ အပြုသဘောနဲ့ဝေဖန်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်” ဟု မတ် ၁၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီးရှိ ပြည်သူများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားသည်။

“ဒါကြောင့် စေတနာ၊ မေတ္တာနဲ့ ပြုပြင်ပေးချင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အစိုးရပိုင်းကိုရော ဝန်ထမ်းအပိုင်းကိုရော ပြည်သူလူထုကနေပြီး ပြုပြင်ဖို့ကြိုးစားပေးကြပါ” ဟုလည်း ၎င်းကပြောကြားသည်။

အစိုးရနှင့် ဝန်ထမ်းများကလည်း ပြည်သူများအပေါ်တွင် မေတ္တာ၊ စေတနာ အပြည့်အဝဖြင့် ပြည်သူများ၏ အကျိုးအတွက် လုပ်ပေးကြရန်လည်း ၎င်းက ထပ်မံတိုက်တွန်းခဲ့သည်။

“တကယ် စေတနာမှန်မှန်နဲ့ ပြည်သူအပေါ်မှာ လုပ်ပေးတဲ့ပုဂ္ဂိုလ်များဟာ ဘာတစ်ပြားမှမရှိဘဲနဲ့ ဒီလောကကြီးထဲကနေ ထွက်သွားရပေမယ့် ကျန်ခဲ့တဲ့ အမွေအနှစ်တွေက လူတွေ သုံးလို့၊ ဖြုန်းလို့ မကုန်ပါဘူးဆိုတာ ကျွန်မအမြဲ သတိပေးပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေအတွက် သုံးလို့၊ ဖြုန်းလို့ မကုန်တဲ့ အမွေတွေ ထားပစ်ခဲ့ချင်ရင် အစိုးရ တာဝန်ယူနေတဲ့သူများ၊ နိုင်ငံဝန်ထမ်းများအားလုံး ဟာ မှန်မှန်ကန်ကန်နဲ့ နိုင်ငံအပေါ်မှာ စေတနာထားပြီး လုပ်ပေးစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူကြားထဲဆင်းကာ ပြည်သူလူထုနှင့် တချိန်လုံး ထိတွေ့နေရန်လိုအပ်သည်ဟု ၎င်းကပြောသည်။

“ပြည်သူလူထုရဲ့အသံ တွေကိုနားထောင်ရမယ်။ သိချင်တဲ့ မေးခွန်းတွေကိုပြန်ဖြေရမယ်။ အရေးကြီးတာက ပြည်သူကို တာဝန်ခံတဲ့အစိုးရတစ်ခုဆိုတာ ဘာပဲလုပ်လုပ်၊ ဘာကြောင့် လုပ်တယ်ဆိုတာ ပြည်သူကို ရှင်းပြနိုင်တဲ့ အခြေအနေတွေရှိရမယ်” ဟု ၎င်းကပြောသည်။

“အစိုးရတာဝန်ကိုထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်များအားလုံး ဟာ ပြည်သူတွေရဲ့မေးခွန်းကိုဖြောင့်ဖြောင့်မတ်မတ် ဖြေနိုင်ရမယ်….။ ပြည်သူကို တစ်ပတ်ရိုက်ဖို့၊ လှည့်ဖျားဖို့မစဉ်းစားပါနဲ့။ ပြည်သူကလည်း သိပါတယ်လို့ ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar