ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၅၄,၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရ

အေအက်ဖ်ပီ

မြန်မာနိုင်ငံအနှံမှာ ဖြစ်ပေါ်နေတဲ့ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ ၁၀ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာဟာ အိုးအိမ်တွေကို စွန့်ခွာခဲ့ကြရတယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ဇူလိုင် ၂၉ ရက်နေ့က ပြောပါတယ်။

ရေကြီးနေတဲ့ဒေသတွေမှာ မုတ်သုံမိုးက ပြင်းပြင်းထန်ထန် ဆက်လက်ရွာသွန်းနေပါတယ်။ စိုက်ပျိုးမြေဧရိယာ များစွာကို နောက်ကျိနေတဲ့ရေတွေက ဖုံးလွှမ်းထားတာကို မျက်စိတဆုံး မြင်တွေ့နေရပြီး ကြိုကြား ကြိုကြားမှာ ရေထဲကနေ ခေါင်မိုးလေးတွေသာ ပေါ်နေတဲ့ အိမ်တွေကိုလည်း မြင်တွေ့နေရပါတယ်။

သောင်တင်နေတဲ့လူတချို့ကို ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့ လိုက်လံ ကယ်ဆယ်နေပါတယ်။ လုပ်အားပေးကူညီသူတွေကတော့ စည်ပိုင်းတွေ၊ သစ်သားတွေနဲ့ပြုလုပ်ထားတဲ့ ဖောင်တွေကို အသုံးပြုနေကြပါတယ်။

အခြားသော ရေဘေးသင့်သူတွေကတော့ သူတို့ရဲ့ ကလေးငယ်တွေကို ပုခုံးပေါ်ထမ်းကာ ပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေကို ရေလွတ်အောင် သယ်ဆောင်ရင်း ရင်ဘတ်အထိနက်တဲ့ ရေထဲကနေ ဖြတ်သန်းကာ လွတ်မြောက်ရာကို သွားနေကြပါတယ်။

“ရေကြီးမှုကြောင့် သေဆုံးသူ ၁၀ ဦး ရှိသွားပါပြီ” လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ အဲဒီထဲမှာ တပ်မတော်သား သုံးဦးလည်း ပါဝင်ပါတယ်။ တပ်မတော်သားတွေ သေဆုံးမှုကို ဇူလိုင် ၂၉ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။

“တစ်နိုင်ငံလုံးမှာ ရေဘေးကြောင့် အိုးအိမ်စွန့်ခွာနေရသူ ၅၄,၀၀၀ ကျော် ရှိပါတယ်” လို့ အဆိုပါအရာရှိက ပြောပါတယ်။

နေအိမ်တွေကို စွန့်ခွာကြဖို့ ညွှန်ကြားချက်ကို နေရာဒေသအတော်များများမှာ ထုတ်ပြန်ထားပါတယ်။ နိုင်ငံရဲ့ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၁၆၃ ခုကို ဖွင့်လှစ်ထားပါတယ်။

“ရေကတော့ ပုံမှန်ကြီးနေတာပဲ။ ဒါပေမယ့် ဒီနှစ်လိုတော့ မဟုတ်ဘူး။ ဒီနှစ်က အဆိုးဆုံးပဲ” လို့ ပဲခူးမြို့ရှိ ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေကြသူ ရာပေါင်းများစွာထဲက တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။

အာဏာပိုင်တွေက သတိပေးနေပေမယ့် တချို့တွေကတော့ နေအိမ်တွေကို မစွန့်ခွာလိုတဲ့အတွက် သူတို့ နေအိမ်တွေမှာ ဆက်လက်နေထိုင်နေကြပါတယ်။

“ကယ်ဆယ်ရေးစခန်းကိုတော့ မသွားတော့ဘူး။ ဘာလို့လဲဆိုတော့ တချို့စခန်းတွေမှာ နေရာမရှိတော့ဘူး။ ဒါပေမယ့် ရေက ဒီထက်ဆိုးလာရင်တော့ ကျွန်မတို့ ထွက်ပြေးရမှာပဲ” လို့ မခင်မာရီက ရေနစ်မြုတ်နေတဲ့ နေအိမ်အပေါ်ထပ် ပြတင်းပေါက်ကနေ အေအက်ဖ်ပီကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပြင်းထန်တဲ့ရေကြီးမှုတွေကို နှစ်စဉ် ခံစားရလေ့ရှိပါတယ်။ ပြင်းထန်တဲ့ရာသီဥတုတွေကို ခံစားရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးက ရှိနေတယ်လို့ ရာသီဥတုဆိုင်ရာ ပညာရှင်တွေက ၂၀၁၅ ခုနှစ်က ပြောကြားခဲ့ပါတယ်။

အဲဒီနှစ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုတွေမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး သိန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ကြရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.