ကျယ်ပြန့်လာတဲ့ တစ်ပတ်ရစ် ဖုန်းဟန်းဆက် ဈေးကွက်

ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးလာပြီး မိုဘိုင်းဖုန်းဆင်းကတ်တွေ ပေါများလာမှုနဲ့အတူ Second Hand လို့ခေါ်တဲ့ တစ်ပတ်ရစ်ဟန်းဆက် ဈေးကွက်ဟာ ကျယ်ပြန့်လာပါတယ်။

သီရိဟန် ရေးသားသည်။

ခေါင်းစီးဓာတ်ပုံ-သိမ့်မွန်စိုး (J)

အမြဲစည်ကားနေတတ်တဲ့ ရန်ကုန်မြို့လယ်မှာ ထူးထူးခြားခြား စည်ကားတဲ့ နေရာတစ်ခု ရှိပါတယ်။ အဲဒီနေရာကတော့ ရွှေဘုံသာလမ်းအထက်ဘလောက်ပါ။

ညနေရုံးဆင်းချိန်လောက်ဆိုရင် ရွှေဘုံသာလမ်း အထက်ဘလောက်မှာရှိတဲ့ လမ်းဘေးဆိုင်တန်းလေးတွေဟာ စည်ကား နေတတ်ပါတယ်။  “ရောင်းမလား၊ ဝယ်မလား။ ပြောကြည့်လိုက်လေ အစ်ကိုတို့ အစ်မတို့” ဆိုပြီး အာဝဇွန်းရွှင်ရွှင်နဲ့ အော်ခေါ်တတ်တဲ့ အရောင်းအဝယ်သမားတွေကို တွေ့မြင်နိုင်ပါတယ်။

မျက်မှန်၊ ဖုန်း၊ ဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရရှိနိုင်တဲ့ နေရာဖြစ်သပါတယ်။ ဒါပေမယ့် ပစ္စည်းတွေရဲ့ အရည်အသွေးကတော့ အာမခံချက်မရှိပါဘူး။ Apple အမှတ်တံဆိပ်တပ်ထားတဲ့ 6 plus ပုံစံ ဖုန်းဟန်းဆက်တစ်လုံးကို  ကျပ်တစ်သိန်းလောက်နဲ့ ရရှိနိင်ပါတယ်။ ဒီလိုဖုန်းတွေကို Clone လို့ ခေါ်ဝေါ် ကြပြီး ဖုန်းရဲ့ ပြင်ပ သွင်ပြင်လက္ခဏာတွေက အစစ်နဲ့မခြား တစ်ပုံစံတည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ပြန်လည်ပြုပြင်ထားတဲ့ ဖုန်းဟန်းဆက်တွေ၊ ပြန်လည်ရောင်းချတဲ့ ဟန်းဆက်တွေကိုလည်း ရွှေဘုံသာလမ်းမှာ ဈေးပေါပေါနဲ့ လိုက်ရှာဝယ်လို့ရပါတယ်။

ဆင်းကတ်တွေ ဈေးပေါပေါနဲ့ ရရှိလာလို့ မိုဘိုင်းဖုန်း အသုံးပြုသူတွေ များပြားတာနဲ့အတူ ဒီလိုဟန်းဆက်တွေကလည်း ဈေးကွက်တစ်ခုအနေနဲ့ ရှိနေပါတယ်။

“သုံးတဲ့သူတွေကလည်း အဓိကကတော့ ငွေကြေးပေါ့ဗျာ။ အချို့ကလည်း ကြွားချင်လို့ သုံးတယ်။ တချို့ကျတော့လည်း ငွေကြေးမတတ်နိုင်လို့ သုံးကြတယ်” လို့ ရန်ကုန်မြို့နေ ကိုဖြိုးဝေစိုးက ဆိုင်တွေက ဟန်းဆက်တွေကို ကြည့်နေရင်း ဆိုပါတယ်။ သူလက်ရှိ အသုံးပြုနေတဲ့ ဖုန်းကတော့ Samsung J series ဖြစ်ပြီး မိတ်ဆွေတစ်ဦးဆီကနေ ပြန်ဝယ်ထားတာလို့ ပြောပါတယ်။

ရွှေဘုံသာလမ်းက တစ်ပတ်ရစ်ဖုန်းတွေရောင်းတဲ့ လမ်းဘေးဆိုင်ငယ်တစ်ခု။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရွှေဘုံသာလမ်းက တစ်ပတ်ရစ်ဖုန်းတွေရောင်းတဲ့ လမ်းဘေးဆိုင်ငယ်တစ်ခု။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“အစ်ကိုအနေနဲ့ကတော့ second hand သုံးတယ်ပေါ့။ ကိုယ်လိုချင်တဲ့ အမျိုးအစားကို လက်လှမ်းမှီသလောက် အနေအထားနဲ့ ရတာ second hand ပဲရှိတယ်” လို့ သူက ဆိုပါတယ်။ အရောင်းပြခန်းမှာ သွားဝယ်ခဲ့မယ်ဆိုရင် ကျပ်သုံးသိန်းလောက်ကျမယ့် ဒီဟန်းဆက်ကို သူ့မိတ်ဆွေဆီက ကျပ်နှစ်သိန်းနှစ်သောင်းနဲ့ ဝယ်ယူခဲ့တာလို့ သူကပြောပါတယ်။

ရွှေဘုံသာလမ်းက အဟောင်းဈေးကွက်သာမက အခြားဆိုင်တွေမှာလည်း Second Hand လို့ခေါ်တဲ့ တစ်ပတ်ရစ်ဟန်းဆက်ဈေးကွက်ဟာ ကျယ်ပြန့်လှပါတယ်။

“ဒီစနစ်က ကြာပါပြီ။ ကျွန်တော်တို့ လုပ်လာတာကြာပြီ။ အရင်ကတော့ အခုလိုတောင် ပစ္စည်း သိပ်များများစားစား မရှိသေးဘူး။ လက်ဖက်ရည်ဆိုင်မှာ စတာပေါ့။ ပစ္စည်းများလာတော့မှ ဆိုင်ခန်းဖွင့်ဖြစ်တယ်” လို့  လသာလမ်း မိုဘိုင်းလ်ဖုန်းဆိုင် ပိုင်ရှင် ကိုပဲလေးကဆိုပါတယ်။

တစ်ပတ်ရစ်ဖုန်း အရောင်းအဝယ်တွေကို အွန်လိုင်းမှာလည်း တွေ့နိုင်ပါသေးတယ်။ Facebook မှာ တစ်ဦးချင်း ပြန်ရောင်းလိုတာတွေ၊ ဆိုင်တွေအပြင် အချင်းချင်း ပြန်ရောင်းဝယ်နိုင်မယ့် Group page များကိုလည်း တွေ့နိုင်ပါတယ်။ ရောင်းလိုတဲ့သူက ရောင်းလိုတဲ့ ဖုန်းအကြောင်း သတင်းအချက်တွေ၊ ဆက်သွယ်ရနိင်တဲ့ ဖုန်းနံပါတ် အပါအဝင်ရေးသားပြီး ဓာတ်ပုံတင်ကာ ကြေငြာရောင်းဝယ်ကြပါတယ်။ လသာလမ်း မိုဘိုင်းလ်အနေနဲ့လည်း အဆိုပါ နည်းလမ်းအသုံးပြုပြီး အရောင်းအဝယ်လုပ်သလို လသာလမ်းမှာလည်း ဆိုင်ဖွင့်ထားတယ်လို့ ဆိုပါတယ်။

လသာလမ်းတစ်လျှောက်မှာ ဖုန်းဆိုင်တွေကို အများအပြားတွေ့နိုင်ပြီး ဖုန်းအသစ်တွေကိုပဲ ရောင်းချကြတဲ့ အရောင်းပြခန်းတွေ၊ ဆိုင်တွေ ဖြစ်ပါတယ်။ အဲဒီဆိုင်တွေကြားထဲမှာတော့ လသာလမ်းမိုဘိုင်းဆိုင်က second hand ဆိုင်ဖြစ်ပါတယ်။

“အဓိက Second hand ကို အားပြုပြီးရောင်းတယ်။ သူတို့ အသစ်လိုချင်တယ်ဆိုရင်လည်း ဝယ်ပေးတယ်” လို့ ကိုပဲလေးက ပြောပါတယ်။

အခုအချိန်မှာ ဖုန်းမော်ဒယ်အသစ်တွေက အမြဲတမ်းပေါ်ထွက်နေတာမို့ သုံးဆွဲသူတွေကလည်း အမြဲတမ်းအသစ်အဆန်းတွကို ပြောင်းလဲသုံးဆွဲချင်ကြလေ့ ရှိပါတယ်။ ဒီအတွက် သူတို့ ဖုန်းအဟောင်းကို ပြန်လည်ရောင်းချပြီး အသစ်ဝယ်ကြတဲ့သူတွေရှိသလို တချို့ကလည်း အသစ်ဝယ်ဖို့ မတတ်နိုင်တာကြောင့် တစ်ပတ်ရစ်ဖုန်းတွေထဲက ရွေးချယ်ဝယ်ယူကြလေ့ ရှိပါတယ်။ သူတို့အတွက် တစ်ပတ်ရစ်ဖုန်း အရောင်းဆိုင်တွေက ကူညီပေးနေပါတယ်။

“တချို့ကျတော့ ဖုန်းအသစ်ဆိုင်တွေကို လိုက်ကြည့်တယ်။ လိုက်ကြည့်ပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းကတော့ ဟုတ်ပြီ။ ပိုက်ဆံမပြည့်တဲ့အခါ ကျွန်တော်တို့ second hand ဆိုင်မှာ သူတို့လိုချင်တဲ့ ပစ္စည်းတွေ ရှိနေတယ်။ ဈေးကလည်း အသစ်ဈေး မဟုတ်ဘူး။ ပစ္စည်းကလည်း အမှန်ဖြစ်တယ်ဆိုတော့ သူတို့ လိုချင်တာနဲ့ ကွက်တိဖြစ်တယ်” လို့ ကိုပဲလေး က ဆိုပါတယ်။

လသာလမ်း မိုဘိုင်းအနေနဲ့ Apple၊ Samsung၊ Huawei၊ OPPO နဲ့ ViVO တို့လို လက်ရှိဈေးကွက်မှာ လူကြိုက်များနေတဲ့ ဖုန်းအမှတ်တံဆိပ်တွေကိုပဲ အရောင်းအဝယ် လုပ်တယ်လို့ ကိုပဲလေးက ဆိုပါတယ်။

“Lenovo တို့လို့ကျတော့ အဆင်မပြေဘူး။ အရောင်းအဝယ် မလုပ်ဘူး။ ဒီအပြင် ကျွန်တော်တို့မဝယ်တဲ့ တံဆိပ်တွေ ရှိသေးတယ်။ မဝယ်ဘူးဆိုတာက လူတွေကလည်း မကြိုက်ဘူး” လို့ သူက ဆက်ပြောပါတယ်။

jtms_phhandset-9.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

Second hand ဖုန်းဆိုင်တွေမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ခိုးလာတဲ့၊ လုလာတဲ့၊ ဆိုင်ဖောက်လာတဲ့လူတွေ လာရောက်ရောင်းချခြင်းမျိုး ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ရပ်တွေကို ခဏခဏ ကြုံတွေ့ရပြီး ဆုံးရှံးမှုတွေလည်း ရှိခဲ့တယ်လို့ ကိုပဲလေးက ပြောပါတယ်။

“အဲဒါမျိုး ခဏခဏဖြစ်တယ်။ အစကတော့ မသိတော့ ပေါက်ဈေးအတိုင်း ပေးလိုက်တယ်။ ပြီးလည်းပြီးရော ရဲစခန်းက လိုက်လာတယ်။ ခိုးရာပါပစ္စည်းဆိုတော့ ပြန်အပ်လိုက်ရတယ်။ လက်မှတ်ထိုးပေးလိုက်ရတယ်။ ဖုန်းကလည်း ပြန်ရောင်းထွက်သွားပြီဆိုရင်လည်း အသစ်ပြန်ဝယ်ပေးလိုက်ရတာတွေရှိတယ်။ တရားရုံးကို လိုက်ပြီး ထွက်ချက်ပေးရတယ်။ ကိုယ်က ပစ္စည်းဆုံးတာပေါ့။ အလုပ်ရှုပ်တယ်” လို့ သူကဆိုပါတယ်။

ဒါကြောင့် အခုနောက်ပိုင်းမှာတော့ ဖုန်းလာရောင်းတဲ့သူတွေကို ပိုင်ဆိုင်မှု အထောက်အထား တစ်ခုခု ပြသခိုင်းပြီး အထောက်အထားခိုင်လုံမှသာ အရောင်းအဝယ်လုပ်တော့တယ်လို့ သူကပြောပါတယ်။

“အရင်ဆုံးလာရောင်းရင် ဘောင်ချာပေး၊ ခိုးလာတဲ့သူတစ်ယောက်က ဘောင်ချာတော့ ယူမလာနိုင်ဘူးလေ။ ဘူးခွံလည်းမပါနိုင်ဘူးဆိုတော့ ဖုန်းအလုံးလိုက် လာရောင်းတယ်။ အထောက်အထားလည်း ပြစရာမရှိဘူူးဆိုရင် ခြွင်းချက် အနေနဲ့ ရပ်ကွက်လူကြီး အထောက်အထားတစ်ခုခုဖြစ်ဖြစ်၊ ရဲစခန်း အထောက်အထားစသည်ဖြင့် တစ်ခုခုယူလာတယ် ဆိုမှသာ ဝယ်တော့တယ်” လို့ ကိုပဲလေးက ရှင်းပြပါတယ်။  

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.