ဒေါ်လာသန်းချီတန် မြေကွက်များကို စီမံနေသည့် MICA တစ်ခန်းရပ်ပြီ

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

အစိုးရပိုင် မြေဧကများစွာကို ပုဂ္ဂလိကသို့ ငှားရမ်းစီမံခန့်ခွဲခွင့် ရထားတဲ့ မြန်မာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (မိုက်ကာ/MICA) ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့ဖက်ကလည်း လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖျက်သိမ်းနိုင်ဖို့ စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဖွဲ့စည်းထားတဲ့ မိုက်ကာအဖွဲ့ရဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ လုပ်ငန်းတွေကို ပွင့်လင်း မြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးဖို့ဆိုတဲ့ အဆိုတစ်ရပ်ကို ယနေ့ အမျိုးသားလွှတ်တော်က ရာနှုန်းပြည့်နီးပါး ထောက်ခံမဲနဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ 

ဒီအဆိုကိုတော့ ကရင်ပြည်နယ်၊ အမှတ် ၇ မဲဆန္ဒနယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအာကာမိုးက တင်သွင်းခဲ့တာဖြစ်ပါတယ်။

အစိုးရအဖွဲ့ဖက်က အမျိုးသားလွှတ်တော်ကို လာရောက်ရှင်းပြတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်ကလည်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်း မိုက်ကာကို ဖျက်သိမ်းဖို့ သမ္မတရုံးထံက ညွှန်ကြားချက်ရပြီးပြီဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြင်ဆင်မှုများ ပြုလုပ်နေပြီလို့ ပြောပါတယ်။

အဆိုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့၊ လွှတ်တော်တွင်းဆွေးနွေးမှုမှာ ပါဝင်တဲ့ ကိုယ်စားလှယ် ၁၄ ဦးစလုံးက ထောက်ခံဆွေးနွေးကြပြီး ထူးခြားတာက ဆွေးနွေးသူအားလုံးဟာ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် အမတ်တွေ ဖြစ်နေပါတယ်။

ယနေ့ ဆွေးနွေးမှုမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ မကွေးတိုင်း၊ အမှတ် ၁ မဲဆန္ဒနယ်အမတ် ဦးလှဆန်းက “ဘာတွေ ဆောင်ရွက်လို့ ဘာတွေ အောင်မြင်ခဲ့ပါသလဲ” ဟု မေးခွန်းထုတ်ခဲ့ပြီး ကချင်ပြည်နယ်၊ အမှတ် ၁၁ မဲဆန္ဒနယ် အမတ် ဒေါက်တာခွန်ဝင်းသောင်းကတော့ “စာရင်းစစ်အဖွဲ့တွေ၊ ဥပဒေပညာရှင်တွေ၊ ပြင်ပက အကြံပေးနိုင်တဲ့ မွေးမြူရေးဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ လွှတ်တော်ကိုယ်စားလှယ်များ အစရှိတဲ့ သင့်တော်တဲ့ ဘုတ်အဖွဲ့ဖွဲ့၍ စစ်ဆေးပေးပါ” လို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

အမတ်တွေရဲ့ ဆွေးနွေးမှုများအပြီးမှာ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေရှင်းရာမှာတော့ မိုက်ကာအဖွဲ့ကို ဖျက်သိမ်းနိုင်ဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံကနေ ဥပဒေရေးရာရှုထောင့် လေ့လာမှုဆိုင်ရာ သဘောထားမှတ်ချက်များ တောင်းခံထားပြီးဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မိုက်ကာအဖွဲ့ဟာ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်ထားပါက ယင်းဥပဒေနဲ့ အညီ စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်မည်ဖြစ်ကာ ထိုသို့ မှတ်ပုံမတင်ထားပါက တရားဝင် အဖွဲ့အစည်းလို့ မယူဆနိုင်တဲ့အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ ပါအတိုင်း စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်မှာ မဟုတ်တဲ့အကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးထံက အကြံပြုချက်ရထားတယ်လို့ ဦးလှကျော်က ပြောခဲ့ပေမယ့် မိုက်ကာဟာ မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း ဟုတ်မဟုတ်ကိုတော့ အတည်ပြု ပြောဆိုသွားခြင်းမရှိပါဘူး။

ဒါ့အပြင် ဖျက်သိမ်းခြင်းမပြုမီ ချုပ်ဆိုထားတဲ့ စာချုပ်များနဲ့ စပ်လျဉ်းပြီး ယင်းစာချုပ်များချုပ်ဆိုခဲ့တဲ့ မိုက်ကာနဲ့ ကုမ္ပဏီလုပ်ငန်းရှင်တို့အကြား ပေးရန်ရရန်ကိစ္စများ ရှင်းလင်းပြီးဖြစ်ဖို့ လိုအပ်ကြောင်း၊ လွှဲပြောင်း လက်ခံမယ့် ဌာနများသို့ ချုပ်ဆိုခဲ့ပြီး စာချုပ်များပါ တာဝန်နှင့် ဝတ္တရားအားလုံးကို ပြန်လည်လွှဲပြောင်းပေးသည့် သဘောတူ စာချုပ်များချုပ်ဆိုရန် လိုအပ်ကြောင်းတို့ကိုလည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက အကြံပြုထားတယ်လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

နောက်တစ်ချက်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန (စိုက်၊ မွေး၊ ဆည်မြောင်း) က MICA အား ဖွဲ့စည်း တည်ထောင်ပြီးတဲ့နောက် စာချုပ်များချုပ်ဆိုဆောင်ရွက်ရေး လုပ်ပိုင်ခွင့် အာဏာများ အပ်နှင်းခဲ့တဲ့ ကိစ္စများရှိခဲ့ပါက အဆိုပါကိစ္စတွေကိုလည်း ရှင်းလင်းဆောင်ရွက်ရန် လိုအပ်တဲ့အကြောင်း အကြံပြုချက်ကိုလည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးထံက ရထားတယ်လို့ ဦးလှကျော်က အမျိုးသားလွှတ်တော်ကို ရှင်းပြပါတယ်။

ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ဦးလှကျော်ရဲ့ လွှတ်တော်သို့ ရှင်းပြချက်တွေမှာတော့ “အဖွဲ့ဖျက်သိမ်းခြင်း၊ သက်ဆိုင်ရာ ခြံစက်ရုံ မြေယာများကို သက်ဆိုင်ရာဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖျက်သိမ်းတဲ့ ကိစ္စမှာ ငွေကြေးစီမံခန့်ခွဲမှုအပိုင်း ရှင်းလင်းရန်အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ အကြံဉာဏ်များရယူ၍ ပူးပေါင်းဆောင်ရွက်သွားမှာပါ” လို့ ပါဝင်ပါတယ်။ 

အမျိုးသားလွှတ်တော်အစည်းအဝေးပြီးချိန်မှာ ဒုတိယဝန်ကြီး ဦးလှကျော်နဲ့ သတင်းမီဒီယာများ တွေ့ဆုံစဉ် မိုက်ကာ ဖျက်သိမ်းခြင်းလုပ်ငန်းများကို ဘယ်အချိန် အပြီးဆောင်ရွက်သွားဖို့ရှိပါသလဲလို့ Frontier က မေးမြန်းရာမှာတော့ “ ဘယ်ကာလမှာ အပြီးလုပ်မလဲဆိုတာတော့ ပြောလို့မရသေးဘူး။ လုပ်ငန်းစဉ်က တစ်ခုတည်းမှ မဟုတ်။ အဖွဲ့အစည်း ဖွဲ့စည်းမှုကို စစ်ဆေးရမယ်။ ဘဏ္ဍာငွေကြေးဆိုင်ရာ၊ စာချုပ်စာတမ်းဆိုင်ရာကိစ္စတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လုပ်သွားရမှာပေါ့” လို့ပဲ သူက ပြန်ဖြေပါတယ်။။

မိုက်ကာဟာ ၂၀၁၂ ခုနှစ်ကတည်းက လုပ်ငန်းတွေစတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်ကျမှ တရားဝင် တည်ထောင်လိုက်တဲ့အဖွဲ့ဖြစ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့က လွတ်လပ်စွာ အုပ်ချုပ်လုပ်ကိုင်သော တစ်ဝက်တစ်ပျက် နိုင်ငံပိုင်အေဂျင်စီတစ်ခုအဖြစ် ကြေညာထားပါတယ်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ သမ္မတရုံးဝန်ကြီး တစ်ဦးဖြစ်တဲ့ ဦးစိုးသိမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာပါ။

ဒီကနေ့ အဆိုကို ဆွေးနွေးဆုံးဖြတ်ချိန်မှာတော့ လက်ရှိအမျိုးသားလွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင် နေတဲ့ ဦးစိုးသိန်းဟာ ခွင့်ယူထားခဲ့တဲ့အတွက် သူ့ရဲ့ သဘောထားကို သိရှိခွင့်မရခဲ့ပါဘူး။

Frontier ကရရှိထားတဲ့ စာရင်းတွေအရ မိုက်ကာဟာ ယခုအစိုးရသစ်လက်ထက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလိုက်တဲ့ အရင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနပိုင် လယ်မြေများ၊ ငါးကန်များ၊ စက်ရုံများအပါအဝင် နိုင်ငံပိုင်ခြံမြေနှင့် စက်ရုံဝင်း ၆၆ ခုထက်မနည်းကို ပုဂ္ဂလိကထံ ငှားရမ်းထားပါတယ်။

ထိုအထဲက ၂၀ ခန့်က ရန်ကုန်မှာတည်ရှိပြီး ကြီးမားကျယ်ဝန်းတဲ့ ခြံမြေကြီးတွေ ဖြစ်ကြပါတယ်။

ရရှိထားတဲ့ စာရင်းတွေအရဆိုရင် မိုက်ကာရဲ့ စီမံမှုနဲ့ မြေဧရိယာ ၁၈၉၉ ဒသမ ၉၄ ဧကထက်မနည်းကို ဦးသိန်းစိန်အစိုးရသက်တမ်း ပြီးကာနီး ကာလအတွင်းမှာပဲ ပုဂ္ဂလိကကုမ္ပဏီတွေထံ အငှားချထားလိုက်တာ တွေ့ရပါတယ်။

စာရင်းတွေအရ ဒီမြေတွေမှာ လုပ်ပိုင်ခွင့်ရ ကုမ္ပဏီကိုးခုရှိပါတယ်။ စက်သုံးဆီအရောင်းဆိုင်၊ တန်ဖိုးနည်းအိမ်ယာ စီမံကိန်းနဲ့ ဈေးဆိုင်ခန်းတွေ၊ မွေးမြူရေး၊ ရေထွက်ပစ္စည်းလုပ်ငန်း၊ အသင့်ဖျော် ကွန်ကရိစက်ရုံ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းစက်ရုံစတဲ့လုပ်ငန်းတွေကို မင်းမဟာစံ၊ ဦးစောကျော်သန်းမင်း၊ C.P၊ အောင်ဖြိုးမြတ်၊ First Golden Dragon Construction၊ Rich Farm၊ Golden Green Gate၊ Glory Heyday Services၊ Win Lily Mining ကုမ္ပဏီတွေက ကာလရှည် ငှားရမ်း လုပ်ကိုင်ခွင့် ရရှိထားပါတယ်။

အခြေခံအဆောက်အဦးအချို့ ပါဝင်ပြီးဖြစ်တဲ့ အဲဒီမြေတွေကို ငှားရမ်းထားတဲ့ နှုန်းထားကို ကြည့်မယ်ဆိုရင်လည်း ဥပမာ၊ ဧရာဝတီတိုင်းဒေသကြီးမှာ မြေတစ်ဧက (အလျား ၂၀၈ ဒသမ ၇၁ပေ၊ အနံ ၂၀၈ ဒသမ ၇၁ပေ) ကို ကျပ်တစ်သိန်းနှုန်း၊ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်း နေရာကောင်းဖြစ်တဲ့ ဒညင်းကုန်းက မြေကွက်ကို တစ်ဧကလျှင် ကျပ် သိန်း ၃၀ နှုန်း စသဖြင့် နှုန်းထားအမျိုးမျိုးနဲ့ ငှားရမ်းထားသလို အကျိုးအမြတ် ရာခိုင်နှုန်းအလိုက် ခွဲဝေတဲ့စနစ်နဲ့ ငှားရမ်းထားတာကိုလည်း တွေ့ရပါတယ်။

ငှားရမ်းထားတဲ့ဈေးနှုန်းတွေကို မြန်မာပြည်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ နာမည်ရ ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ iMyanmar House ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဈေးကွက်ပေါက်ဈေးတွေနဲ့ ဒီဇင်ဘာလအတွင်းမှာ Frontier က အကြမ်းဖျဉ်း နှိုင်းယှဉ်ကြည့်ခဲ့ပါသေးတယ်။

မိုက်ကာက တစ်ဧက ကျပ်သိန်း ၃၀နဲ့ ငှားရမ်းထားတဲ့ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်းမှာဘဲ ပေ ၈၀၊ ၁၂၀ အကျယ်ရှိ ဂိုထောင်တစ်လုံးကို ငှားရမ်းမယ်ဆိုရင် ကျပ်သိန်း ၁၀၀ ပေးရမယ်လို့ iMyanmar House ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဈေးခေါ်ထားတာတွေ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြေငှားရမ်းလုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် မအောင်မြင်သေးပါဘူး။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.