ဧရာဝတီမြစ်ဆုံစီမံကိန်းအား တရုတ်က စွန့်လွှတ်သွားဖွယ်ရှိ

ရန်ကုန်၊ ဧပြီ ၇

စီးပွားရေးနှင့် အခြားသော နည်းဗျူဟာအရ အရေးကြီးသည့် အခွင့်အရေးများအား မြန်မာနိုင်ငံမှ ရယူနိုင်ရေးအတွက် ဧရာဝတီ မြစ်ဆုံစီမံကိန်းက တရုတ်နိုင်ငံက စွန့်လွှတ်သွားဖွယ်ရှိသည်ဟုလည်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။

ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံဒေသတွင် တည်ဆောက်မည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန် မြစ်ဆုံရေအားလျှစ်စစ်စီမံကိန်းကို မြန်မာပြည်သူများ၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ရပ်နားထားခဲ့သည်။ အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အာဏာရလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် တရုတ်အစိုးရနှင့် ပြန်လည် ဆွေးနွေးမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စီမံကိန်း၏ ရှေ့အလားအလာမှာ မရေမရာ ဖြစ်နေဆဲဖြစ်သည်။

လျှစ်စစ်ဓာတ်အား ကီလိုဝပ် ၆,၀၀၀ ထုတ်လုပ်ပေးနိုင်မည့် အဆိုပါစီမံကိန်းအား ပြန်လည် စတင် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်ပြီး မကြာသေးမီအချိန်အထိ တရုတ်နိုင်ငံက တွန်းအားပေးမှုများ ရှိခဲ့သည်ဟု ယခုလ ၅ ရက်နေ့က ရိုက်တာသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

သို့သော်ယခုအခါ အဆိုပါစီမံကိန်းကြီးကို ဖျက်သိမ်းပစ်ကာ ပိုမိုသေးငယ်သည့် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန်နှင့် အချက်အချာကျသည့် ဆိပ်ကမ်းအား အသုံးပြုခွင့်ကဲ့သို့ အခြားရွေးချယ်စရာ နည်းလမ်းများကို ဆွေးနွေးနေသည်ဟု သတင်းအရင်းအမြစ် ခုနစ်ခုကို ကိုးကားကာ ရိုက်တာက ရေးသားထားသည်။

အဆိုပါသတင်းအရင်းအမြစ်များတွင် စီမံကိန်း၏ မူလသဘောတူညီချက်နှင့် အကျွမ်းတဝင်ရှိသည့် မြန်မာအစိုးရ အဆင့်မြင့် အရာရှိများအပြင် ဆည်ဆောက်လုပ်မည့် တရုတ်ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးလည်း ပါဝင်သည်ဟု ရေးသားထားသည်။

တရုတ်နိုင်ငံအနေဖြင့် စီမံကိန်းအား ပူးပေါင်းဆောင်ရွက်ရာတွင် ပေါ်ပေါက်လာမည့် အခက်အခဲများအား ကိုင်တွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် ဆက်သွယ်မှု ထားရှိသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါမြစ်ဆုံစီမံကိန်းမှ ထွက်ရှိမည့် လျှစ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပေးပို့သွားရန် စီစဉ်ထားသည်။ သို့သော် မကြာမီလများအတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား လိုအပ်မှု နည်းပါးသည့် လုပ်ငန်းများအား ပြောင်းလဲ လုပ်ကိုင်လာမှုကြောင့် လျှပ်စစ်ဓာတ်အားများ ပိုလျှံနေသည့်အတွက် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ စိတ်အားထက်သန်မှုများ ပျောက်ကွက်လာသည်ဟု ရိုက်တာက ဆက်လက် ရေးသားထားသည်။

မြစ်ဆုံစီမံကိန်းအား ဖျက်သိမ်းခဲ့ပါက အခြားသော စီးပွားရေး အကျိုးစီးပွားများ ရရှိရေးကဲ့သို့ မျက်နှာမပျက်စေမည့် ဖြေရှင်းမှုများကို တရုတ်နိုင်ငံက လိုလားနေသည်ဟုလည်း သတင်းတွင် ဆက်လက်ရေးသားထားသည်။

စီမံကိန်းအား ဖျက်သိမ်းခဲ့ပါက စီမံကိန်းဆောင်ရွက်ရန် လက်ရှိအချိန်အထိ ကုန်ကျထားမှုများကို မြန်မာနိုင်ငံက တရုတ် ကုမ္ပဏီထံ ပေးလျော်ရဖွယ်ရှိနေသော်လည်း အဆိုပါ လျော်ကြေးမှာ ငွေကြေးဖြစ်ရန်မလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ တွေးခေါ်ပုံအား အကျွမ်းတဝင်ရှိသည့် တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကားကာ ရိုက်တာက ရေးသားထားသည်။

“ဆည်အသေးလေးတွေအပါအဝင် အခြားသော အခြေခံအဆောက်အဦးစီမံကိန်းတွေကို တရုတ်နိုင်ငံက စိတ်ဝင်စားနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းအား ဦးစားပေးအသုံးပြုခွင့် ရရှိရေးကိုလည်း တရုတ်နိုင်ငံက လိုလားနေသည်ဟု အစိုးရနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်နှစ်ခုကို ကိုးကားကာ ဆက်လက် ရေးသားထားသည်။

တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် သမ္မတဦးထင်ကျော်အနေဖြင် ရပ်နားထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဖြစ်နိုင်ဖွယ်ရှိမည့် သဘောတူညီချက်များ ရရှိရန် ဆွေးနွေးလိမ့်မည်ဟု ရိုက်တာသတင်းတွင် ရေးသားထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.