ပထမနှစ်ဝက်ရလဒ် ဆိုးရွားခဲ့ပြီးနောက် အူရီဒူးက စီအီးအိုသစ် ရှာဖွေနေ

မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း အော်ပရေတာတစ်ခုဖြစ်တဲ့ အူရီဒူးက ယခုနှစ် ပထမနှစ်ဝက်အတွက် စိတ်ပျက်ဖွယ်ရာ ရလဒ်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မကြာမီမှာပဲ အမှုဆောင်အရာရှိချုပ် (စီအီးအို) ဖြစ်သူ မစ္စတာ Rene Meza နဲ့ လမ်းခွဲလိုက်ပါတယ်။

ကာတာအခြေစိုက် အူရီဒူးက ဒီအကြောင်းကို သြဂုတ် ၂၁ ရက်နေ့က သတင်းထုတ်ပြန်ချက်ရာမှာ စာကြောင်းတစ်ကြောင်းထဲနဲ့ ဖော်ပြခဲ့ပါတယ်။

“မစ္စတာ Rene Meza က အမှုဆောင်အရာရှိချုပ်အဖြစ်မှ နုတ်ထွက်သွားခြင်းကို အူရီဒူးမြန်မာက လက်ခံခဲ့ပါသည်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အူရီဒူးမြန်မာရဲ့ စီမံခန့်ခွဲရေးအရာရှိချုပ် (Chief Operation Officer) ဖြစ်သူ Mr Vikram Sinha က Mr Rene Meza ရဲ့ တာဝန်တွေကို လွှဲပြောင်းရယူကာ နောက်ထပ် အမှုဆောင်အရာရှိချုပ်အသစ်အား မခန့်အပ်မီအချိန်အထိ ယာယီ တာဝန်ယူသွားမယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အူရီဒူးကို Frontier က ဆက်သွယ်မေးမြန်းမှုကိုတော့ ပြန်လည်တုန့်ပြန်ခြင်းမရှိခဲပါဘူး။

Meza ကတော့ ဒီလိုထွက်ခွာခဲ့မှုဟာ “ကျွန်တော်အသက် ၁၈ နှစ်အရွယ်ကတည်းက တယ်လီကွန်းကဏ္ဍမှာ စတင်လျောက်လှမ်းခဲ့တဲ့ အံ့သြဖွယ်ရာခရီးလမ်းရဲ့ အထွတ်အထိပ်က အစွန်းအထင်းတစ်ခု” ဖြစ်တယ်လို့ သူ့ရဲ့ LinkedIn စာမျက်နှာမှာ ရေးသားထားပါတယ်။

ပါရာဂွေးနိုင်ငံသားဖြစ်တဲ့ Meza ဟာ သူ့အသက် ၂၈ နှစ်အရွယ်မှာပဲ တန်ဇန်နီးယားနိုင်ငံရဲ့ ဒုတိယမြောက် အကြီးဆုံး မိုဘိုင်းဖုန်းအော်ပရေတာရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်လာခဲ့ပါတယ်။ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍမှာ သူ့ရဲ့အသက်မွေးလုပ်ငန်းနဲ့ ပတ်သက်ပြီး သူက “နှစ်သက်ဖွယ် ကောင်းသူတွေနဲ့ တွေ့ဆုံခွင့်၊ ဦးဆောင်ခွင့်ရရှိပြီး မိတ်ဆွေသူငယ်ချင်းဖွဲ့ကာ ယဉ်ကျေးမှုသစ်တွေကို လေ့လာနိုင်ခွင့်ပေးတဲ့ ခရီးရှည်ကြီး ဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတာကတော့ အသက်မွေးဝမ်းကျောင်းအတွက်သာမက ကိုယ်တိုင်အတွက်ပါ တိုးတက်မှုဖြစ်လာစေတာပဲ ဖြစ်ပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။

အူရီဒူးကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ ရောက်မလာမီက သူဟာ တန်ဇန်နီးယားနိုင်ငံက Vodacom ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကြိုတင်ငွေသွင်းဗောက်ချာအတုတွေ ရောင်းချတယ်လို့ စွပ်စွဲခံရတဲ့ အရှုပ်တော်ပုံကြောင့် Vodacom ကနေ ဧပြီလမှာ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လမှာ အူရီဒူးက မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ စတင်ခဲ့ပြီး တစ်နှစ်ခန့်အကြာမှာ အူရီဒူးကို Meza ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတည်းက အူရီဒူးဟာ သုံးဆွဲသူ အရေအတွက်အရ ပြိုင်ဘက် အမ်ပီတီနဲ့ တယ်လီနောတို့နောက်မှာ ရှိနေခဲ့တာပါ။

Meza လက်အောက်မှာလည်း ဒီအခြေအနေက သိသိသာသာ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်ရဲ့ ပထမနှစ်ဝက်ရလဒ်ကတော့ စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို အူရီဒူးက ရှင်းလင်းတင်ပြမှုမှာ ပထမနှစ်ဝက်အတွက် မီးမောင်းထိုးပြခဲ့တာတော့ “အသုံးစားရိတ်လျှော့ချရေးနဲ့  လုပ်ဆောင်နိုင်စွမ်းရည်မြင့်မားရေး အစီအစဉ်တွေကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်း” ဖြစ်တယ်လို့ ဆိုပါတယ်။

အူရီဒူးရဲ့ ပထမသုံးလပတ် ရလဒ်တွေအရ မြန်မာနိုင်ငံမှာ သုံးဆွဲသူ ၉ ဒသမ ၃ သန်းရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပထမနှစ်ဝက်ရလဒ်တွေကို ထုတ်ပြန်ခဲ့ချိန်မှာတော့ သုံးဆွဲသူ ၈ ဒသမ ၃ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒါကြောင့် ဒုတိယသုံးလပတ်အတွင်းမှာ အူရီဒူးဟာ သုံးဆွဲသူတစ်သန်းလောက် ဆုံးရှုံးသွားခဲ့တယ်လို့ ယူဆရမှာဖြစ်ပါတယ်။

သတင်း-သောမတ်စ်ကင်န်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.