အထူးစီးပွားရေးဇုန် စီမံကိန်းများ၌ ဒေသခံတို့၏ အကျိုးစီးပွားအား ပိုမိုကာကွယ်ပေးရန် အစိုးရကို တိုက်တွန်း

မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံများ၏ အကျိုးစီးပွားများကို ပိုမိုမျှတစွာနှင့် ရေရှည်တည်တံ့စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အပါအဝင် အကြံပြုချက်များကို အောက်တိုဘာ ၂၀ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် တိုက်တွန်းလိုက်သည်။

တစ်နှစ်တာ အချိန်ယူရေးသားပြုစုခဲ့သည့် ယင်းသုတေသန အစီရင်ခံစာအား ပူးပေါင်းပါဝင်ခဲ့သော အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပေါင်းကူးအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာကျော်သူက “SEZ တွေကြောင့် ဒေသခံတွေ ပထမဆုံး လက်တွေ့မြင်ရတဲ့ ရလဒ်က မြေယာနဲ့အတူ လုပ်ငန်းတွေ ဆုံးရှုံးပျက်စီးတာပါ” ဟု ရန်ကုန်မြို့၊ Green Hills ဟိုတယ်တွင် ကျင်းပသည့် အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် ပြောကြားသည်။

ဒီမိုကရေစီကျင့်သုံးနေသည့် အစိုးရများအနေဖြင့် စီမံကိန်းကြီးများနှင့် ငြိမ်းချမ်းရေး၊ ပြည်သူ့ဘဝမျှတရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု အစီအမံများအပေါ် သက်ရောက်မှု ရေရှည်အကျိုးဆက်အား သေချာစွာ ဆန်းစစ်ရန် လိုအပ်ကြောင်း ဒေါက်တာကျော်သူက ဆက်လက် ပြောကြားသည်။

ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံအတွက် အဓိက အကြုံပြုချက်လေးရပ်အဖြစ် ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံများ၏ အကျိုးစီးပွားများကို ပိုမိုမျှတစွာနှင့် ရေရှည်တည်တံ့စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန် SEZ ဥပဒေပြဋ္ဌာန်းမှုနှင့် အုပ်ချုပ်စီမံကွပ်ကဲမှု မူဘောင်များ ပြင်ဆင်ရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအား နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ရန်တို့ ပါဝင်သည်။

ကမ္ဘောဒီယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထူးစီးပွားရေးဇုန် (SEZs) များတွင် လုပ်သားနှင့် မြေယာအမြတ်ထုတ် ထိန်းချုပ်မှု ဖြစ်ရပ်နမူနာများအား သုတေသနပြု လေ့လာထားသည့် ယခုအစီရင်ခံစာတွင် ဒေသခံလူထုနှင့် အလုပ်သမားများ၏ အကျိုးစီးပွားနှင့် သဘာဝပတ်ဝန်းကျင် အကာအကွယ်ပေးရေး ကိစ္စရပ်များကို ဆန့်ကျင်၍ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုရရှိစေရန်ပေးသော ဆွဲဆောင်မှုနှင့် အာမခံချက်များအကြောင်း ဖော်ပြထားသည်။

“ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွား အကာအကွယ်ပေးဖို့ ပြည်သူလူထုနဲ့ ပတ်ဝန်းကျင် အများကြီး ပေးဆပ်နေရတာက တော်တော် ထိတ်လန့်စရာပါ။ သေချာဆန်းစစ်မှုတွေ မလုပ်ဘဲနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မြှင့်တင်နေတာကိုတော့ ဆက်မလုပ်သင့်ပါဘူး” ဟု Focus on the Global South အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ မစ္စစ်ရှယ်မာလီက မှတ်ချက်ပြုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အထူးစီးပွားရေးဇုန်နယ်မြေ သုံးခုရှိရာ ထားဝယ်၊ ကျောက်ဖြူနှင့် သီလဝါတို့ ဖြစ်ကြသည်။ ၎င်းဇုန်တို့အား စောင့်ကြည့်ရန်အတွက် ပြီးခဲ့သည့်နှစ်က အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း ဖွဲ့စည်းထားသည့် Myanmar SEZs Watch (MSW) အနေဖြင့် အဖွဲ့သက်တမ်း တစ်နှစ်ကျော်ကာလအတွင်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အစိုးရတာဝန်ရှိသူများ၊ ကော်မတီများနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခွင့် တောင်းခံခဲ့သော်လည်း  မရရှိခဲ့ပေ။

“SEZ တွေ လုံးဝရပ်သွားအောင် ဆန့်ကျင်နေတာ မဟုတ်ပါဘူး။ ဒေသခံတွေအတွက် ဖြစ်သင့်တဲ့အခြေအနေကို တင်ပြဖို့ ကြိုးစားကြတာပါ။ ဒါပေမယ့် ပြည်သူတွေ ဘာပြောပြော၊ အရပ်ဘက်အဖွဲ့အစည်းတွေ ဘာတင်ပြတင်ပြ ဆက်ပြီး လျစ်လျူရှုနေမယ်ဆိုရင်တော့ ရှေ့လျှောက် ပိုပြီး အခက်အခဲတွေဖြစ်လာနိုင်ပါတယ်” ဟု MSW မှ လုပ်ငန်းအဖွဲ့ဝင် ဦးစိုးရွှေက Frontier Myanmar သို့ ပြောကြားသည်။

SEZ များမှာ နိုင်ငံတကာတွင် ၁၉၆၀ ပြည်လွန်နှစ်များမှ စတင်ပြီး ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သည့် ကုန်သွယ်မှုပြုရာတွင် အထောက်အကူဖြစ်စေရန် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သော်လည်း အရှေ့တောင်အာရှဒေသတွင်မူ မကြာသေးမီ နှစ်များအတွင်းကမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

သတင်း-ကျော်လင်းထွန်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.