Yoma Central နှင့် The Peninsula Yangon တို့တည်ဆောက်ရန် ပြည်ပကုမ္ပဏီကြီးများနှင့် လက်မှတ်ရေးထိုး

ရန်ကုန်မြို့လယ်ရှိ Yoma Central နှင့် The Peninsula Yangon တို့အား တည်ဆောက်ရေးအတွက် နိုင်ငံတကာမှ ထင်ရှားသည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် နိုဝင်ဘာ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု Yoma Strategic က ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့လယ် အချက်အချာတွင်တည်ရှိပြီး ၁၀ ဧကခန့် ကျယ်ဝန်းသော အဆိုပါ စီမံကိန်းနှစ်ခုပေါင်းအတွက် သဘောတူညီခဲ့သည့် စာချုပ်တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် တန်ဖိုးရှိပြီး ရန်ကုန်မြို့၏ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအနက် အကြီးမားဆုံးသော စီမံကိန်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Yoma Central အား Bouygues ဆောက်လုပ်ရေး၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် Dragages Singapore Pte Ltd နှင့် Taisei Corporation တို့ အကျိုးတူပူးပေါင်းထားသည့် BTJV Myanmar Co Ltd. က တည်ဆောက်သွားမည် ဖြစ်သည်။

“အမေရိကန်ဒေါ်လာသန်း ၇၀၀ ကျော်ရင်းနှီးမြှုပ်နှံထားသည့် Yoma Central သည် မြန်မာနိုင်ငံ၏ အိမ်ရာဖော်ထုတ် တည်ဆောက်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုှပ်နှံမှု အများဆုံးဖြစ်သည်။ ထိုကဲ့သို့ ရန်ကုန်မြို့၏ အထင်ကရ စီမံကိန်းအား ကမ္ဘာ့အဆင့်အတန်းမှီ ဆောက်လုပ်ရေးနှင့် ကျွမ်းကျင်မှုရှိသည့် အင်ဂျင်နီယာ နည်းပညာများဖြင့် ဆောက်လုပ်ရန်မှာလည်း အရေးကြီးသည်။ Bouygues ဆောက်လုပ်ရေးသည် ရှေးဟောင်းအမွေအနှစ် လက်ရာများ ထိန်းသိမ်းမှုအပိုင်းတွင် ပြိုင်ဘက်ကင်းသည့် အတွေ့အကြုံများစွာရှိထားပါသည်။ ဥပမာအားဖြင့် ၎င်းလုပ်ဆောင်ခဲ့သော ပြန်လည်ပြင်ဆင်ရေး စီမံကိန်းများတွင် ဥရောပနိုင်ငံရှိ နာမည်ကြီးသမိုင်းဝင်ဟိုတယ်များ ပါဝင်သည်။ Taisei Corporation သည် ဂျပန်နိုင်ငံ၏ သက်တမ်းအရင့်ဆုံးနှင့် အကြီးမားဆုံးသော ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ကာတာရှိ ဒိုဟာအပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်နှင့် ဂျပန်နိုင်ငံရှိ အမျိုးသားအားကစားကွင်းအသစ် ဆောက်လုပ်မှုများတွင်လည်း ပါဝင်ခဲ့သည်” ဟု Yoma Strategic ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Mr Cyrus Pun က ပြောကြားသည်။

The Peninsula Yangon စီမံကိန်းကိုမူ Dragages Singapore Pte Ltd နှင့် The Group တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်သည့် BYMA Pte Ltd က ဆောက်လုပ်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Hong Kong and Shanghai Hotels အုပ်စု၏ ဒါရိုက်တာဖြစ်သူ Martyn Sawyer က “ကျွန်တော်တို့သည် Yoma Central နှင့် The Peninsula Yangon အတွက် ယခုကဲ့သို့ မှတ်တိုင်တစ်ခု ထပ်မံစိုက်ထူနိုင်ခြင်းကြောင့် အလွန်ပင်ဝမ်းမြောက်မိပါသည်” ဟု ပြောကြားသည်။ စီမံကိန်းအား ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Bouygues Batiment International ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Nicolas Borit က စီမံကိန်းနှစ်ခုလုံးသည် နည်းပညာပိုင်းနှင့် တည်နေရာသဘောအရ စိတ်ခေါ်မှုများစွာရှိနေသည်ဟု ပြောကြားသည်။

စီမံကိန်းတွင် ယခင်မီးရထားရုံးချုပ် အဆောက်အအုံဟောင်းအား The Peninsula Yangon ဇိမ်ခံဟိုတယ်အဖြစ် ပြုပြင်မွမ်းမံ ပြောင်းလဲခြင်းလည်း ပါဝင်သည်။ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအဖြစ် ပြတင်းပေါက်များ၊ တံခါးများ၊ လသာဆောင်များ၊ သံထည်ပစ္စည်းများနှင့် အခြားဗိသုကာဆိုင်ရာပစ္စည်းများကို ပြန်လည်ဖြုတ်ယူ စုဆောင်းခဲ့ပြီး ၎င်းတို့အား ယခင်အတိုင်း နေရာတကျ ပြန်လည်တပ်ဆင်သွားမည်ဖြစ်သည်။

“ထိုသမိုင်းဝင်အဆောက်အအုံအား ခေတ်မီအဆောက်အအုံအဖြစ်သို့ ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်မှုတွင် ကျွန်တော်တို့အဖွဲ့သားများ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုလည်း ပြသခွင့်ရရှိနိုင်မည်ဖြစ်ပါသည်” ဟု Nicolas Borit က ပြောကြားသည်။

စီမံကိန်းအတွက် Yoma Strategic သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ပန္နတော်တင် တွင်းတော်ဝန်း အခမ်းအနားကို ကျင်းပခဲ့ပြီဖြစ်သည်။

အဆိုပါစီမံကိန်းတွင် ရုံးခန်းအဆောက်အအုံများ၊ အဆင့်မြင့် လူနေအိမ်ခန်းများ၊ ဈေးဆိုင်ခန်းနေရာများနှင့် ကိုလိုနီခေတ်လက်ရာဖြစ်သည့် မြန်မာ့မီးရထားရုံးချုပ် အဆောက်အအုံဟောင်းအား အဆင့်မြင့် Peninsula Yangon ဟိုတယ်အဖြစ် အသွင်ပြောင်းလဲမည် ဖြစ်သည်။

စီမံကိန်းတစ်ခုလုံးတွင် Yoma Strategic က ရှယ်ယာ ၄၈ ရာခိုင်နှုန်း၊ Mitsubishi Companies က ၃၀ ရာခိုင်နှုန်း၊ FMI က ၁၂ ရာခိုင်နှုန်း၊ International Finance Corporation က ၅ ရာခိုင်နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ်က ၅ ရာခိုင်နှုန်း ထည့်ဝင်ကြမည်ဖြစ်သည်။ Hong Kong and Shanghai Hotels က Peninsula Yangon ဟိုတယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်သွားမည်ဖြစ်ကာ Yoma Strategic က ၂၄ ရာခိုင်နှုန်းနှင့် FMI က ခြောက်ရာခိုင်နှုန်း ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.