ကမ္ဘာ့ တရားမဝင်ကုန်သွယ်မှု အညွန်းကိန်းတွင် မြန်မာက အောက်ဆုံးနား ရောက်ရှိနေ

ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှုများအား နိုင်ငံအသီးသီးက ကိုင်တွယ်ဖြေရှင်းမှုများကို လေ့လ့ာဖော်ပြထားသည့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အောက်ဆုံးအဆင့်နီးပါး ရောက်ရှိနေသည်ကို တွေ့ရသည်။

၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် အဆိုပါအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၈၄ နိုင်ငံကို ဖော်ပြထားရာ မြန်မာက အဆင့် ၈၂ တွင် ရှိနေပြီး မြန်မာ၏အောက်တွင် အီရတ်က အဆင့် ၈၃ နှင့် လစ်ဗျားက အဆင့် ၈၄ တို့၌ ရှိနေသည်။

အုပ်စုဖွဲ့ရာဇဝတ်မှုများ များပြားခြင်း၊ အကျင့်ပျက်မှု များပြားခြင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စွမ်းဆောင်ရည် နိမ့်ကျခြင်း၊ ဥပဒေ စိုးမိုးစေရေးတွင် စွမ်းဆောင်ရည် အကန့်အသတ်ဖြင့်ရှိခြင်း၊ ပြည်သူများ သိနားလည်မှု ကင်းမဲ့ခြင်း၊ တရားမဝင် ကုန်သွယ်မှုနှင့် အကျင့်ပျက်မှု တိုက်ဖျုက်ရေး အပြည်ပြည်ဆိုင်ရာ စာချုပ် ၁၄ ခုအနက် ကိုးခုကိုသာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသဖြင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ လိုက်နာမှု အားနည်းခြင်းတို့ကြောင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံသည် အခြားသော အနိမ့်ဆုံးနိုင်ငံများနှင့်အတူ ရပ်တည်နေကြောင်း အဆိုပါ တရားမဝင် ကုန်သွယ်မှု အခြေအနေကိန်းညွန်းတွင် ဖော်ပြထားသည်။

တရားမဝင် ကုန်သွယ်မှုသည် တစ်ကမ္ဘာလုံးတွင် အမြစ်တွယ်နေသည့် အရေးဖြစ်ပြီး အစိုးရများ၊ လူ့ အဖွဲ့အစည်းများအပေါ် အကျင့်ပျက်မှု၊ ဥပဒေ စိုးမိုးရန် ခက်ခဲမှု၊ အများပြည်သူ ဘေးကင်းရေးနှင့် ကျန်းမာရေးတို့တွင် အနုတ်သဘော သက်ရောက်နေသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က နေပြည်တော်တွင် ကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဖိုရမ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။ ထို့ပြင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် အစိုးရဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

စက်တင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပကုန်သည်ကြီးများအသင်း (မြန်မာ)က စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးအတွက် ဥရောပ ကုန်သည်ကြီးများအသင်းက ကျင်းပသည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဖိုရမ်ကဲ့သို့ လမ်းကြောင်းများမှ တစ်ဆင့် သတင်းအချက်အလက် မျှဝေရန် အရေးကြီးသည်ဟု တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့ (TRACIT) ၏ အထွေထွေဒါရိုက်တာ Mr Jeffery Hardy က ပြောကြားသည်။

ထို့ပြင် နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအဆင့် ပူးပေါင်းရန် လိုအပ်ကြောင်းကိုလည်း ၎င်းက ထောက်ပြခဲ့သည်။ ကုန်သွယ်မှုသည် စီးပွားရေး ဖွံဖြိုးမှုအတွက် ထိသာထင်ရှားသည့် မောင်းနှင်အားဖြစ်ပြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက် အရေးကြီးကြောင်း ၎င်းက ပြောသည်။

ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှု အခြေအနေပြ ကိန်းညွန်း ထုတ်ပြန်နိုင်ရေးအတွက် Economist Intelligence Unit အား TRACIT က ၂၀၁၈ ခုနစ်တွင် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ တရားမဝင် ကုန်သွယ်မှု ဖြစ်စေသည့် စီးပွားရေး ပတ်ဝန်းကျင် အခြေအနေ၊  စည်းမျဉ်းလုပ်ထုံးလုပ်နည်းပိုင်း အခြေအနေကို ပိုမို နားလည်စေရန်၊ အဆိုပါ အခြေအနေများအကြောင်း သိနားလည်မှု တိုးမြှင့်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် တာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ထို့အပြင် ဦးစားပေးရမည့် နယ်ပယ်များနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးရန်လည်း ရည်ရွယ်ထားသည်ဟု ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.