ရွှေနှင့် ဒေါ်လာ ဈေးကစားသူ အနည်းဆုံး ရှစ်ဦးကို စသုံးလုံးက ခေါ်ယူစစ်ဆေးနေ၊ အရောင်းအဝယ်ဈေးကွက် ရပ်တန့်

ဟိန်းကိုစိုး

ဈေးကွက်အတွင်း ရွှေနှင့် ဒေါ်လာဈေးကစားသူများကို အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (စစစ) က ကျော်ကြားစာရင်းဖြင့် ခေါ်ယူ ထိန်းသိမ်း မေးမြန်းနေသောကြောင့် ယနေ့ (စက်တင်ဘာ ၂၅ ရက်နေ့) မှစတင်ကာ အရောင်းအဝယ်ဈေးကွက် ရပ်ဆိုင်းနေကြောင်း Frontier က စုံစမ်း သိရှိရသည်။

ပုံမှန်အားဖြင့် နေ့စဉ် နံနက် ၁၀ နာရီတွင် စတင်ကာ ရောင်းဝယ် ဖောက်ကားမှုပြုလေ့ရှိသည့် ရန်ကုန်ရွှေလုပ်ငန်းရှင်များ အသင်းရုံး ရွှေဈေးကွက်တွင် ရောင်းဝယ်မှုများ မရှိသည့်အပြင် အမေရိကန်ဒေါ်လာ ရောင်းဝယ် ဖောက်ကားလေ့ရှိသည့် မဟာဗန္ဓုလပန်းခြံ အနောက်ဖက်၊ ရန်ကုန်စတော့အိပ်ချိန်းရုံး အနီးတစ်ဝိုက်တွင်လည်း ဒေါ်လာ ရောင်းဝယ် ဖောက်ကားသူများ မရှိသည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁,၀၁၀,၀၀၀ အထိ ရောက်ရှိနေသည်။ သို့သော် ထိုဈေးမှာ စက်တင်ဘာ ၂၄ ရက်နေ့ (တနင်္လာနေ့) တွင် အရောင်းအဝယ် ပြုလုပ်ခဲ့သည့် ဈေးနှုန်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးမှာလည်း တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁,၆၀၀ ဝန်းကျင်၌ ရှိနေသေးသည်။

အမေရိကန်ဒေါ်လာဈေးသည် ပြီးခဲ့သည့် တစ်လအတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၀၀ ခန့် စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် အနည်းငယ် ပြန်လည် ကျဆင်းသွားခြင်းလည်း ဖြစ်သည်။

ရွှေဈေးနှင့် ဒေါ်လာဈေးများ စံချိန်တင် မြှင့်တက်မှုနှင့် ပတ်သက်ပြီး ရောင်းဝယ်ဖောက်ကားသူ အနည်းဆုံး ရှစ်ဦးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စက်တင်ဘာ ၂၄ ရက်နေ့တွင် ခေါ်ယူစစ်ဆေးပြီးနောက် ဈေးကွက်ငြိမ်သက်နေခြင်း ဖြစ်သည်။ ရောင်းဝယ်ဖောက်ကားသူအချို့ကို ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသည်။

“ရှစ်ဦးထက် မနည်းပါဘူး။ ရွှေကော၊ ဒေါ်လာကော ရောင်းဝယ်လုပ်ရာမှာ ကျော်ကြားနေသူတွေကို စစ်ဆေးတာပါ။ အဲဒီလူတွေထဲမှာ တရားဝင်လုပ်တဲ့သူတွေရော၊ တရားမဝင်လုပ်တဲ့သူတွေရော ပါတယ်” ဟု အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက Frontier ကို အတည်ပြု ပြောကြားသည်။

သမရိုးကျမဟုတ်ဘဲ ရည်ရွယ်ချက်တစ်ခုခုကြောင့် ဆောင်ရွက်လျှင်၊ သို့မဟုတ် အခြေအနေ တစ်ခုခုအတွက် လုပ်ခြင်းဖြစ်ပါက တည်ဆဲ ဥပဒေတခုခုနှင့် ငြိခြင်းကြောင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေး ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုသို့ စစ်ဆေးမှုများတွင် ရွှေပိဿာချိန်များစွာ ဝယ်ယူထားမှုများ၊ ဒေါ်လာများကို ဝယ်ယူစုဆောင်းထားမှုများအပြင် ထိုသို့ ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် ငွေကြေး စသည့်တို့၏ ဝင်ငွေရလမ်းများအား စုံစမ်းစစ်ဆေးမှုများကို သက်ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းပေးချက်များဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ခေါ်ယူစစ်ဆေးခံရသူများသည် ရွှေနှင့် အမေရိကန်ဒေါ်လာ ဈေးကစားရာတွင် ပါဝင်ပက်သက်လေ့ရှိသူ အများစုသာ ဖြစ်သည်ဟုလည်း ဦးအောင်မျိုးက အတည်ပြုသည်။

အဆိုပါစစ်ဆေးမှုများအား နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က တာဝန်ပေးချက်ဖြင့် စက်တင်ဘာ ၂၄ ရက်နေ့တွင် စတင် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွှေအရောင်းအဝယ်ဈေးကွက်တွင် တစ်ဦးတည်းက ရွှေပိသာချိန် ၁,၀၀၀ အထိ ဝယ်ယူခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပြီး၊ ဒေါ်လာဈေးကွက်တွင်လည်း ဈေးကွက်အတွင်းရှိ အမေရိကန်ဒေါ်လာငွေများကို အများအပြား ဝယ်ယူ စုဆောင်းမှုများရှိခဲ့သည်ဟု ဈေးကွက်အတွင်းမှ အမည်မဖော်လိုသည့် ပွဲစားတစ်ဦးက Frontier ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သည့် ၁၅ ရက်အတွင်း ရွှေပိဿာ ၁,၀၀၀ ကို ကုန်သည်တစ်ဦးက ဝယ်ယူခဲ့သည်ဟု ၎င်းက ပြောကြားသည်။ ထို့ပြင် ထိုသို့ဝယ်ယူခဲ့သည် ကုန်သည်၏ အမည်ကိုလည်း ၎င်းက Frontier ကို ပြောကြားခဲ့သေးသည်။

အမေရိကန်ဒေါ်လာများကိုလည်း တစ်ဦးလျှင် ဒေါ်လာ သန်း ၅၀ မှ သန်း ၁၀၀ ကြားအထိ ဝယ်ယူကာ သိုလှောင်ထားသူများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၂၄ ရက်နေ့က ရွှေဘုံသာလမ်း ရွှေအရောင်းအဝယ်ဈေးကွက်တွင် ရွှေပိဿာ ၅၀ ကို လူတစ်ဦးတည်းက ဝယ်ယူသွားခဲ့သည်ဟုလည်း ၎င်းပွဲစားကပင် ဆက်လက်ပြောကြားသည်။

၎င်းပြောကြားခဲ့သည့် အချက်အလက်များကို အတည်ပြုရန် အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနသို့ Frontier က မေးမြန်းခဲ့သော်လည်း စုံစမ်းစစ်ဆေးနေသည့် ကာလအတွင်း သတင်းမီဒီယာများအား အတိအကျပြောပေးနိုင်ခြင်း မရှိသေးကြောင်းကိုသာ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက တုန့်ပြန်ဖြေကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.