ကျပ်ငွေတန်ဖိုး ကျဆင်းမှုအတွက် အစိုးရက သင့်တော်သည့် လုပ်ဆောင်မှုများ ဆက်လက် ဆောင်ရွက်မည်

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေမှုကို ကာကွယ်ဖို့အတွက် အစိုးရက သင့်တော်တဲ့ လုပ်ဆောင်မှုတွေ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီက စတင်ပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာမှာ ယခုရက်သတ္တပတ်အတွင်းမှာတော့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၁,၆၀၀ ကျော်အထိ စံချိန်တင် ကျဆင်းသွားခဲ့ပါတယ်။ ဒီလိုကျပ်ငွေတန်ဖိုး ကျဆင်းမှုဟာ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ဒေါ်လာတန်ဖိုး မြင့်တက်လာမှုနဲ့ ဆက်စပ်နေတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာက ပိုမိုဆိုးရွားနေတယ်လို့လည်း အစိုးရတာဝန်ရှိသူတွေက ဝန်ခံထားကြပါတယ်။

အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကတော့ “မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေတဲ့ အကြောင်းရင်းများစွာ ရှိတဲ့အနက် ကျပ်ငွေတန်ဖိုး၊ သို့မဟုတ် ငွေလဲလှယ်နှုန်းကို လွှမ်းမိုးထားတဲ့ အဓိက အချက်တွေကတော့ ကုန်သွယ်မှုလိုငွေ (နိုင်ငံခြားငွေပေးငွေယူ ရှင်းတန်း၏ သာမန်စာရင်းလိုငွေ)၊ အတိုးနှုန်း၊ ငွေဖောင်းပွမှုနှုန်းနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာတို့ပဲ ဖြစ်ပါတယ်” လို့ စက်တင်ဘာ ၁၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကျပ်ငွေတန်ဖိုးကျဆင်းမှုဟာ ပြင်ပနိုင်ငံခြားငွေ လဲလှယ်ရေးဈေးကွက်မှာ ဈေးကစားမှုတွေကြောင့် ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က သမ္မတရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဦးဇော်ဌေးက ဒီလို ငွေကြေးဈေးကစားမှု ပြုလုပ်တာတွေကို အစိုးရက စုံစမ်းနေပြီး အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

”ကောလာဟလတွေကတော့ အများကြီးပဲ။ ဥပမာ ဈေးကွက်ထဲမှာ ဖြစ်နေတာက တမင်သက်သက် အကျိုးစီးပွားအတွက် ဈေးကစားတယ်ဆိုတဲ့ သူတွေရှိတယ်။ တချို့ကြတော့လည်း အကြောင်းအရင်း တစ်စုံတရာ ရှိလိမ့်မယ်ပေါ့။ သူ့ရဲ့ နောက်ခံအကြောင်းကြောင့် လုပ်တာရှိတယ်။ တချို့က တမင်သက်သက်ကို ဝင်ပြီး ကစားနေတဲ့သူတွေလည်း ရှိတယ်ဆိုပြီးတော့ ပြောတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်လာကို အလုံးအရင်းနဲ့ ရောင်းဝယ်နေသူ အနည်းငယ်သာရှိတယ်လို့ သူကပြောပါတယ်။

“အရင်တုန်းကလိုမျိုးဆိုရင် တစ်ခါတည်း ဆွဲစိ လိုက်တာပေါ့ဗျာ။ အဲဒါဆိုရင် ငြိမ်သွားတယ်။ အခုအစိုးရကျတော့ အဲဒီလိုမလုပ်ဘူး။ လုပ်လည်း မလုပ်ချင်ဘူး။ ဘယ်နေရာက ဘယ်လိုဖြစ်နေလဲ စာရင်းဇယား ငွေကြေးစီးဆင်းမှုတွေ စိစစ်နေတယ်။  ပုံမှန်မဟုတ်သော ရောင်းဝယ်မှုတွေကိုလည်း စိစစ်မယ်” လို့ သူကဆက်ပြောပါတယ်။

မည်သည့်နေရာများက ကစားနေတယ်ဆိုတာကို စိစစ်နေသလို၊ ရောင်းဝယ်နေကြသူတွေနဲ့ ငွေကြေးစီးဆင်းရာ လမ်းကြောင်းတွေအပြင် ငွေဖြူငွေမဲ တိတိကျကျ သိရှိစေဖို့ကိုလည်း ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။

“တွေ့ရှိချက်ပေါ် မူတည်ပြီး action တွေလာမယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar