ငွေလဲကောင်တာများမှ မြန်မာငွေစက္ကူအတုများကို စင်ကာပူရဲ သိမ်းဆည်း

စင်ကာပူနိုင်ငံရှိ ငွေလဲကောင်တာ ၁၈ ခုအား စင်ကာပူရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် မြန်မာကျပ်ငွေ တစ်သောင်းတန် ငွေစက္ကူအတုများကို သိမ်းဆည်းခဲ့သည်ဟု Channel News Asia သတင်းဌာနက ဒီဇင်ဘာ ၇ ရက်နေ့တွင် ရေးသားထားသည်။

ရန်ကုန်မြို့တွင် စင်ကာပူနိုင်ငံသားနှစ်ဦးထံမှ ကျပ်ငွေစက္ကူအတုများကို တွေ့ရှိ သိမ်းဆည်းခဲ့ပြီးနောက် စင်ကာပူရဲတပ်ဖွဲ့က ထိုသို့ရှာဖွေသိမ်းဆည်းမှုများ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော စင်ကာပူနိုင်ငံသား စုံတွဲတစ်တွဲထံမှ ကျပ်တစ်သောင်းတန်ငွေစက္ကူအတု ၄၅ ရွက်အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါစင်ကာပူနိုင်ငံသားနှစ်ဦးအား ငွေစက္ကူအတုများ လက်ရှိ တွေ့ရှိမှုဖြင့် ဒဂုံမြို့နယ် ရဲစခန်းက စစ်ဆေး အရေးယူထားသည်။

အဆိုပါငွေစက္ကူများကို စင်ကာပူနိုင်ငံရှိ ငွေလဲကောင်တာမှ ရရှိခဲ့သည်ဟု ၎င်းတို့က ပြောကြားထားကြောင်း သိရသည်။

“ကနဦး စစ်ဆေးမှုများအရ စင်ကာပူနိုင်ငံသားနှစ်ဦးသည် ငွေစက္ကူအတုများအား စင်ကာပူရှိ ငွေလဲကောင်တာမှ ရရှိခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်” ဟု စင်ကာပူရဲတပ်ဖွဲ့က ပြောကြားကြောင်း သတင်းတွင် ရေးသားထားသည်။

ထို့နောက် ရဲများက ငွေလဲကောင်တာ ၁၈ ခုအား ဝင်ရောက်စီးနင်းခဲ့ပြီးနောက် “AG” နှင့် “AE” တို့ဖြင့်စသည့် နံပါတ်များ ပါဝင်သော ငွေစက္ကူအတုများကို သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

“မြန်မာကျပ်ငွေ တစ်သောင်းတန် ငွေစက္ကူအတုများ လက်ဝယ်ပိုင်ဆိုင်ထားရှိမှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသည့် ငွေလဲကောင်တာများကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည်” ဟု စင်ကာပူရဲတပ်ဖွဲ့က ပြောကြားသည်။

စင်ကာပူနိုင်ငံသားနှစ်ဦးက ပြောကြားသည့် ငွေလဲကောင်တာကို ဝင်ရောက်စီးနင်းခဲ့ရာ AG နှင့် AE တို့ဖြင့် စတင်ပြီး တူညီသည့် နံပါတ်များပါဝင်သော ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကို သိမ်းဆည်းခဲ့သည်ဟု ဆက်လက်ပြောကြားထားသည်။

စင်ကာပူနိုင်ငံရှိ ငွေလဲကောင်တာ အနည်းငယ်တွင်သာ မြန်မာကျပ်ငွေကို လဲလှယ်နိုင်ပြီး သံသယဖြစ်ဖွယ် ငွေစက္ကအတုများ တွေ့ရှိပါက သတင်းပေးကြရန် စင်ကာပူရဲတပ်ဖွဲ့က ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar