မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့မှုဟာ ပြင်ပ သက်ရောက်မှုကနေ စတင်ခဲ့ပေမယ့် ပြည်တွင်းမှာလည်း စီးပွားရေးအခြေအနေ မညီမျှမှု ပြဿနာတွေနဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခြေခံအားနည်းချက်တွေ ရှိနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
“မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းစေတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် ကျပ်ငွေတန်ဖိုး၊ သို့မဟုတ် ငွေလဲလှယ်နှုန်းကို လွှမ်းမိုးထားတဲ့ အဓိက အချက်တွေကတော့ ကုန်သွယ်မှုလိုငွေ (နိုင်ငံခြားငွေပေးငွေယူ ရှင်းတန်း၏ သာမန်စာရင်းလိုငွေ)၊ အတိုးနှုန်း၊ ငွေဖောင်းပွမှုနှုန်းနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာတို့ပဲ ဖြစ်ပါတယ်” လို့ ဦးကျော်တင့်ဆွေက စက်တင်ဘာ ၁၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားပါတယ်။
အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ချက်တွေကို လွှတ်တော်သို့ အစီရင်ခံတင်ပြရာမှာ သူက ထည့်သွင်း ပြောကြားသွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်းက စတင်ပြီး အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ မြန်မာငွေတန်ဖိုး သိသိသာသာ ကျဆင်းလာခဲ့ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာတော့ တစ်ဒေါ်လာကို ကျပ် ၁,၆၀၀ အထိ စံချိန်တင် ကျဆင်းသွားခဲ့ပါတယ်။ ဒီလို ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုတွေလည်း ပေါ်ထွက်နေပါတယ်။
အမေရိကန်ဒေါ်လာ အလွန်ခိုင်မာလာတဲ့အတွက် တကမ္ဘာလုံးက ငွေကြေးတန်ဖိုးတွေ ကျဆင်းသလို မြန်မာကျပ်ငွေတန်ဖိုးလဲ ကျဆင်းခဲ့ခြင်းဖြစ်ပေမယ့် မြန်ာမာနိုင်ငံအတွက်ကတော့ ငွေကြေးတန်ဖိုး ကျဆင်းခြင်းက တခြားနိုင်ငံများထက် ပိုပြီး သက်ရောက်မှုရှိနေတယ်လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။
“နိုင်ငံအနေနဲ့ သွင်းကုန်က ပို့ကုန်ထက် ပိုမိုမြင့်မားနေတဲ့အတွက် ကုန်သွယ်မှုလိုငွေရှိနေပြီး ကုန်သွယ်မှု မညီမျှတဲ့ အခြေအနေတွေ ရှိနေပါတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုလိုငွေက ဒေါ်လာ ၃ ဒသမ ၈ ဘီလျံရှိခဲ့တယ်လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ကုန်သွယ်မှုလိုငွေဟာ ဒေါ်လာ ၅ ဒသမ ၂ ဘီလျံရှိခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကတော့ ဒေါ်လာ ၅ ဒသမ ၄ ဘီလျံခန့် ရှိခဲ့ပါတယ်။
“ဒီတန်ဖိုးတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငွေတန်ဖိုးအပေါ် ဖိအားများစွာ သက်ရောက်ကြောင်း တွေ့မြင်နိုင်ပါတယ်” လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလိုအပ်ချက်ဟာ ရာသီအလိုက် ပြောင်းလဲမှုရှိနေတယ်လို့လည်း သူက ပြောပါတယ်။
“အထူးသဖြင့် ဇူလိုင်လကနေ ဒီဇင်ဘာလအထိ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားတဲ့ အချိန်ကာဖြစ်တာကို တွေ့နိုင်ပါတယ်” လို့ သူက ပြောကြားသွားပါတယ်။
ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ဖို့နဲ့ ပြည်တွင်းစီးပွားရေး ဖွဲ့စည်းတည်ဆောက်မှု မှန်ကန်ခိုင်မာပြီး သက်ရောက်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိစေဖို့အတွက် အစိုးရနဲ့ ပုဂ္ဂလိကပိုင်းမှ သက်ဆိုင်သူများ ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတယ်လို့ ဦးကျော်တင့်ဆွေက ပြောကြားပါတယ်။