ပြည်ပအရက်တင်သွင်းမှု ပိတ်ပင်ထားခြင်းက မှန်ကန်သလား

တရားမဝင်တင်သွင်းလာသည့် အရက်များအား ရန်ကုန်မြို့တွင် ပြီးခဲ့သည့်လပိုင်းအတွင်းက နှိမ်နင်းခဲ့မှုကြောင့် အရက်တင်သွင်းမှု ပိတ်ပင်ထားခြင်းအပေါ် မေးခွန်းထုတ်မှုများ ပေါ်ပေါက်လာစေသည်။

သောမတ်စ်ကင်းန်နှင့် ကျော်ရဲလင်း ရေးသားသည်။

ဝီစကီအရက်လုပ်ငန်း သူဌေးကြီး ဦးအောင်မိုးကျော်၏ ရုံးခန်းထောင့်တွင် စာအုပ်တစ်ခုက ရုံးခန်းသို့ ရောက်ရှိလာသူများ၏ အကြည့်ကို ဆွဲဆောင်နေသည်။ David J Rogers ရေးသားသော Waging Business Warfare: Lessons From the Military Masters In Achieving Competitive Superiority ဟူသည့် စာအုပ်ဖြစ်သည်။ 

နိုင်ငံခြားအရက်များ တင်သွင်းမှုကို တားမြစ်ထားသောဥပဒေကို ဖယ်ရှားရေးအတွက် အစိုးရ၏ ဆောင်ရွက်မှုတွင် ဦးအောင်မိုးကျော်က အတားအဆီးဖြစ်နေသည်ဟု ဝေဖန်သူများက ပြောကြားကြသည်။

သို့သော် ဦးအောင်မိုးကျော်ကမူ သူ့ကို လူအများက အမြင်မှားနေကြခြင်း ဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။ သူ၏ Grand Royal ဝီစကီလုပ်ငန်းအား ThaiBev က ရှယ်ယာ ၇၅ ရာနှုန်းကို ဝယ်ယူချိန်တွင် Grand Royal ၏ အင်ပါယာက အမေရိကန်ဒေါ်လာ တစ်ဘီလျံ တန်ကြေးရှိနေပြီဖြစ်သည်။ 

“ကျွန်တော်က အရက်တင်သွင်းမှုကို ဆန့်ကျင်ပြီး ဘာမှ မပြောပါဘူး။ ကျွန်တော်က အစိုးရကို အကြံပေးရတဲ့ လူမှ မဟုတ်တာ” ဟု Frontier နှင့် အင်တာဗျူးတစ်ခုတွင် ဦးအောင်မိုးကျော်က ပြောသည်။ 

သို့သော် အစိုးရအရာရှိ အတော်များများက Frontier ကို ပြောကြားမှုအရ နိုင်ငံခြား အရက်များ တရားမဝင် တင်သွင်းမှုကို ဦးအောင်မိုးကျော်က အမြဲညည်းညူနေသူဖြစ်သည်ဟု ဆိုသည်။ နိုင်ငံခြားအရက်များ တင်သွင်းမှုကို ၁၉၉၅ ခုနှစ်ကတည်းက တားမြစ်ထားခဲ့ခြင်းဖြစ်သော်လည်း တရားမဝင် တင်သွင်းမှု များပြားလွန်းသောကြောင့် နေရာတိုင်းတွင် လွယ်ကူစွာ ရရှိနေသည်။ 

ပြီးခဲ့သည့်နှစ် သြဂုတ်လနှောင်းပိုင်းက နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ဦးအောင်မိုးကျော်က ထိုကိစ္စကို ထည့်သွင်းပြောကြားခဲ့သေးသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အကြီးအကဲ ဦးမြင့်ချိုကဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံခြားဖြစ်အရက်များကို နှိမ်နှင်းခဲ့မှုတွင် Grand Royal အုပ်စုအား တည်ထောင်သူ၏ တိုင်တန်းချက်များက အကြောင်းအချက်တစ်ခုအဖြစ် ပါဝင်ခဲ့သည်ဟု ဦးမြင့်ချိုက ဆိုသည်။ 

သို့သော် ဦးအောင်မိုးကျော်ကမူ အစိုးရအရာရှိများအနေဖြင့် သူ၏ ဆွေးနွေးမှုကို နားလည်မှု လွဲသွားပုံရသည်ဟု ပြောကြားသည်။ “ကျွန်တော်ကတရားမဝင် ကုန်သွယ်မှုတွေကို ဘယ်လိုအရေးယူမလဲလို့ စီးပွားကူးသန်းဝန်ကြီးဌာနကို မေးတာပါ။ အရက်တစ်ခုတည်း မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ အမျိုးသားရေး ပြဿနာပါ။ တရားမဝင် ကုန်သွယ်မှုတွေအပေါ် ထားရှိတဲ့မူဝါဒကို နားလည်ချင်လို့ပါ။ အရက်တင်သွင်းတာကို တားမြစ်ဖို့ အကြံပေးနေတာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။ 

ပြည်ပမှ အရက်များတင်သွင်းမှု ထိန်းချုပ်ထားခြင်းအား ဖယ်ရှားရန် ၂၀၁၄ ခုနှစ်တွင် အစိုးရက အဆိုပြုချိန်တွင် ဦးအောင်မိုးကျော်က ထုတ်ဖော်ဝေဖန်ခဲ့သည်။ ပြည်တွင်းထုတ်လုပ်သူများက အလုပ်အကိုင် အများအပြားကို ဖန်တီးပေးထားသည်ဖြစ်သောကြောင့် ပြည်ပမှ ဈေးပေါပေါနှင့် တင်သွင်းလာမှုများမှ ကာကွယ်မှု ရရှိသင့်သည်ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောကြားခဲ့သည်။ 

သို့သော် ၎င်းထံမှ ထိုစကားမျိုးကြားရန် ခက်ခဲလာသည်။ အရက်တင်သွင်းမှုနှင့် ပတ်သက်ပြီး ၎င်း၏ အမြင်ကို Frontier က ထပ်တလဲလဲ မေးမြန်းခဲ့သည်။ သို့သော် ၎င်းက ဖြေကြားရန် ငြင်းဆိုသည်များ ရှိသလို မေးခွန်းကို ရှောင်လွဲသည်များလည်း ရှိခဲ့သည်။ အရက်ထုတ်လုပ်မှုကဏ္ဍကို လွှမ်းမိုးထားသော ဒေါ်လာဘီလျံတန်လုပ်ငန်းကြီး၏ ပိုင်ရှင်ဖြစ်သူကသည် မိမိအမြင်ကို ထုတ်ဖော်ပြောကြားရန် မည်သည့်အတွက်ကြောင့် ရှောင်လွဲနေခဲ့ပါသလဲ။ 

ဦးအောင်မိုးကျော်က ၎င်းအနေဖြင့် ထုတ်ကုန်အားလုံး တရားဝင်အခွန်ဆောင်ပြီး ညီမျှသော ယှဉ်ပြိုင်မှုရှိသည်ကိုသာ မြင်ချင်သည်ဟု ဆိုသည်။ 

အရက်များကို တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်ပြီး ပြည်ပမှ အရက်ထုတ်လုပ်သူများတွင်လည်း တာဝန်တစ်စိတ်တစ်ပိုင်းရှိသည် ဦးအောင်မိုးကျော်က ပြောကြားသည်။ တရားမဝင် တင်သွင်းလာသော ထုတ်ကုန်များက အခွန်ပေးဆောင်ထားခြင်း မရှိဘဲ တရားဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် ပစ္စည်းများထက် သိသိသာသာ ဈေးသက်သာနေခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ 

“ကျွန်တော်က ယှဉ်ပြိုင်မှုကို လိုချင်တာပါ။ စားသုံးသူတွေက ထုတ်ကုန်အများကြီးထဲက ကြိုက်နှစ်သက်ရာ ရွေးချယ် ဝယ်ယူတာမျိုးပါ။ နိုင်ငံတကာက ထုတ်လုပ်သူတွေကလည်း မြန်မာနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာသင့်ပါတယ်” ဟု ၎င်းက ပြောသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် အကြီးတန်းအရာရှိတစ်ဦးကမူ ဦးအောင်မိုးကျော်အနေဖြင့် ပြည်ပမှ အရက်များ လွတ်လပ်စွာတင်သွင်းရောင်းချမှုကို ဆန့်ကျင်ကြောင်းအား အများပြည်သူရှေ့တွင် ထုတ်ဖော်ပြောကြားရန်မလိုအပ်ဟု ပြောကြားသည်။

“သူ့အမြင်ကို ထုတ်ဖော်ပြောကြားစရာတောင် မလိုဘူး။ သူမှာ ငွေကြေးနဲ့ သြဇာအာဏာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံယမကာ ထုတ်လုပ်ဖြန့်ဖြူးသူများအသင်းကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေသည်ဟု ဦးအောင်မိုးကျော်အား စွပ်စွဲမှုများလည်း ရှိနေသည်။ အသင်းအနေဖြင့် ဦးအောင်မိုးကျော်၏ ခွင့်ပြုချက်မရရှိဘဲ မီဒီယာများနှင့် စကားပြောခွင့်မရှိဟု အသင်းမှ အကြီးတန်းအသင်းဝင်တစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ-အေအက်ဖ်ပီ

ဓာတ်ပုံ-အေအက်ဖ်ပီ

“အင်ပြည့်အားပြည့်နဲ့ တောင်းဆိုခြင်း မရှိဘဲနဲ့ (အရက်တင်သွင်းမှု) မူဝါဒကို ပြောင်းလဲလို့ရမှာ မဟုတ်ဘူး” ဟု ကုန်သွယ်မှုဦးစီးဌာန၏ ဒုညွန်ကြားရေးမှူး ဦးဇော်မင်းက Frontier ကိုမကြာသေးမီက ပြောကြားခဲ့သည်။ “နိုင်ငံခြားက အုပ်စုတစ်ခုကတော့ ထိုမူဝါဒကို ဖယ်ရှားပေးဖို့ တွန်းအားပေးနေတယ်။ ဒါပေမဲ့ သူကလည်း အကျိုးအမြတ်ရဖို့ လုပ်နေတာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ဦးအောင်မိုးကျော်ကမူ အသင်းအပေါ် သူက သြဇာလွှမ်းမိုးထားကြောင်း စွပ်စွဲချက်များက မမှန်ကန်ဟု ပြောကြားသည်။ “ကျွန်တော်က အသင်းရဲ့ ဥက္ကဋ္ဌလည်း မဟုတ်ဘူး။ အရက်တင်သွင်းမှုနဲ့ ပတ်သက်ပြီး သူတို့မှာ သူတို့ မူဝါဒ ရှိပါတယ်။ ကျွန်တော်က အသင်းရဲ့ ပြောခွင့်ရသူလည်း မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

Frontier နှင့် အင်တာဗျူး ပြုလုပ်ရန်အတွက် အသင်းအား သူ့အနေဖြင့် တိုက်တွန်းနိုင်သော်လည်း အင်တာဗျူး လက်ခံခြင်း၊ မခံခြင်းမှာမူ အသင်းက ဆုံးဖြတ်လိမ့်မည်ဟု ၎င်းက ဆိုသည်။

ထို့နောက် အောက်တိုဘာ ၁၈ ရက်နေ့တွင် အသင်း၏ အတွင်းရေးမှူး-၂ ဖြစ်သူ ဦးစိုးလွင်က အင်တာဗျူးရန် Frontier ၏ တောင်းဆိုမှု ခွင့်ပြုလိုက်သည်။ ယခင်က အကြိမ်ကြိမ် ခွင့်မပြုခဲ့သော်လည်း ယခုအကြိမ်တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ လက်လီဆိုင်များတွင် နိုင်ငံခြားအရက်များကို နှိမ်နှင်းခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းကြည့်သောအခါ ထိုကိစ္စနှင့် ပတ်သက်ပြီး ပြောကြားရန် မရှိကြောင်းနှင့် ထိုအရာက အာဏာပိုင်များ လုပ်ရမယ့် ကိစ္စသာဖြစ်ကြောင်း၊ အာဏာပိုင်များက ဥပဒေအရ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ထိုကိစ္စတွင် အသင်းနှင့် ဦးအောင်မိုးကျော်တို့ သဘောထား တူညီသည်ပုံပေါ်နေသည်။ “ဆိုင်တွေအားလုံးနဲ့ လူတိုင်းမှာ သင့်တော်တဲ့လိုင်စင်တွေ ရှိထားဖို့လိုတယ်လို့ ကျွန်တော် ယုံကြည်ထားတယ်” ဟု ဦးအောင်မိုးကျော်က ပြောသည်။ “မြန်မာနိုင်ငံရဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ အရမ်းအရေးကြီးပါတယ်” ဟုလည်း ၎င်းကပြောသည်။

သို့သော် ရန်ကုန်မြို့တွင် လက်လီလိုင်စင်ဖြင့် ယမကာရောင်းချနေသည့်ဆိုင်များအား နှိမ်နင်းရန် ပြီးခဲ့သည့် စက်တင်ဘာလတွင် အာဏာပိုင်များက ကြေညာခဲ့မှုကိုမူ နောက်ပိုင်းတွင် မှန်မှန်ကန်ကန် တင်းကြပ်မှု ပြုလုပ်ခဲ့သည့်ပုံ မပေါ်ခဲ့ပေ။

ယမကာလိုင်စင်ရထားသည့် လက်လီလက်ကား အရောင်းဆိုင်များအနေဖြင့် ၎င်းတို့ ရောင်းချနေသော အရက်များအား တရားဝင်တင်သွင်းထားကြောင်း အထောက်အထား ပြသရန်နှင့် တရားမဝင် တင်သွင်းထားသော နိုင်ငံခြားအရက်များအား မရောင်းချရန် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနက ကြေညာခဲ့သည်။ လိုက်နာမှုမရှိပါက ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်မည်ဟုလည်း ကြေညာခဲ့သည်။

ထို့ကြောင့် ၁၀ စုနှစ်ချီကာ အရက်တင်သွင်းခွင့် ပိတ်ပင်ထားမှုကြောင့် တရားမဝင်တင်သွင်းလာကြသော နိုင်ငံခြားအရက်များကို ဆိုင်များတွင် ရောင်းချခြင်းက ဥပဒေနှင့် ဆန့်ကျင်သည့်လုပ်ရပ်ဖြစ်သွားခဲ့သည်။

အစပိုင်းတွင်မူ လက်လီအရောင်းဆိုင်များက နိုင်ငံခြားအရက်များကို ဆိုင်၏ စင်များပေါ်မှ ဖယ်ရှားထားပြီး လက်သိပ်ထိုးစနစ်ဖြင့် တိတ်တဆိတ် ရောင်းချကြသည်။ သို့သော် ရက်အနည်းငယ်အတွင်းမှာပင် ဆိုင်အများစုက Johnnie Walker၊ Smirnoff နှင့် Jose Cuervo စသည့် နိုင်ငံခြားအရက်များကို ဆိုင်များတွင် ပေါ်ပေါ်ထင်ထင် ပြန်လည်ရောင်းချခဲ့ကြသည်။

ကုန်စည် လွတ်လပ်စွာ တင်သွင်းမှုကို တွန်းအားပေးသော နိုင်ငံခြားနှင့် ပြည်တွင်းမှ ပါဝင်သူများက ပြောကြားရာတွင် မကြာသေးမီက လုပ်ဆောင်ခဲ့သော နှိမ်နှင်းမှုသည် လက်ရှိ တရားမဝင် တင်သွင်းမှုကို တားမြစ်သော ဥပဒေကို ဖယ်ရှားမည့် ကိစ္စကို မလိုလားသော လူများက အားစမ်းကြည့်သည့် သဘောသာ ဖြစ်မည်ဟု ဆိုကြသည်။ 

ထိုသို့ နိုင်ငံခြားအရက်များအား နှိမ်နင်းရန် ကြိုးပမ်းမှုမှာ အရက်များ တရားမဝင်တင်သွင်းမှုကို တားမြစ်ထားသည့် ဥပဒေအား ဖယ်ရှားရန် ကြိုးပမ်းမှုကို ခုခံနေကြသူများအား အားစမ်းကြည့်သည့်သဘောဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

၎င်းတိုက်ပွဲသည် ပြီးခဲသည့် နှစ်အတန်ငယ်ကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော တစ်နှစ်ကာလအတွင်း ပိုမိုပြင်းထန်လာခဲ့သည်။ နိုင်ငံခြား အရက်ထုတ်လုပ်သူများက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း၏ မူဝါဒနှင့်အညီ အစိုးရက ဈေးကွက်ကို လွတ်လပ်စွာ ဖွင့်လှစ်ပေးမည်ဟူသော ကတိအတိုင်း ဖြစ်မလာသည့်အတွက် စိတ်ပျက်နေကြသဖြင့် တွန်းအားပေးမှုများ အပြင်းအထန် လုပ်ဆောင်လာသောကြောင့် ဖြစ်သည်။

အများပြည်သူရှေ့တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဝေဖန်ခြင်းများ မပြုလုပ်ကြသော်လည်း တံခါးပိတ် ဆွေးနွေးပွဲများက တစ်ခါတစ်ရံ ပြင်းထန်ခဲ့ပြီး ခြိမ်းခြောက်မှုများ ပါဝင်လာသည်အထိ ဖြစ်သည်။ 

နိုင်ငံခြားမှ ယမကာလုပ်ငန်းကြီးများက ဥရောပကုန်သည်ကြီးများအသင်း (European Chamber of Commerce in Myanmar-Eurocham) နှင့် Asia Pacific International Wine and Spirits Alliance တို့မှတဆင့် တွန်းအားပေး တိုက်တွန်းမှုများ လုပ်ဆောင်ခဲ့ကြသည်။ 

ဥရောပမှ အရက်နှင့် ဝိုင်ကုမ္ပဏီများနှင့် ပူးပေါင်းပြီး Wine & Spirits Committee ကို ပြီးခဲ့သည့် စက်တင်ဘာလတွင် EuroCham က ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီက EuroCham ၏ White Book 2018 တွင် စာပိုဒ်တစ်ပိုဒ်ကို ထည့်သွင်းခဲ့သည်။ Trade & Investment Policy Recommendations တွင် ထည့်သွင်းထားသည့် ထိုစာကြောင်းမှာ တိုက်ရိုက်တင်သွင်းသော နိုင်ငံခြားအရက်များကို တားမြစ်ထားခြင်းသည် “မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေပြီး အစိုးရနှင့် စားသုံးသူကို ထိခိုက်စေသည်” ဟု ရေးသားထားသည်။  

အစိုးရအနေဖြင့် နိုင်ငံခြားအရက်ဈေးကွက်ကို တရားဝင် ဖွင့်လှစ်ပေးပြီး ရှင်းလင်းထိရောက်ကာ ထိန်းချုပ်မှုရှိသော လိုင်စင်များ ချထားပေးခြင်း၊ သီးခြားဖြန့်ဝေသူများ ခန့်အပ်ပေးခြင်းကို လုပ်ဆောင်သင့်သည်ဟု ၎င်းတို့က အကြံပြုထားသည်။ သို့မှသာ တရားဝင်ကုန်သွယ်မှုကို ဖြစ်ပေါ်စေနိုင်ပြီး လက်လီအရောင်းဆိုင်များနှင့် စားသုံးသူများအနေဖြင့် အခွန်ပေးဆောင်ပြီးသား တရားဝင်ထုတ်ကုန်များကို သုံးဆွဲနိုင်မည်ဟု ဆိုသည်။ 

အရက်တင်သွင်းမှုများကို လက်ရှိအချိန်တွင် ကန့်သတ်ထားသော်လည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကိုမူ ကန့်သတ်မထားပေ။ ပြီးခဲ့သည့်နှစ် မေလတွင် Pernod Ricard က Access Myanmar Distribution Co Ltd ၏ ရှယ်ယာအများစုကို ဝယ်ယူခဲ့သည်။ ပြည်တွင်း အရက်ကုမ္ပဏီဖြစ်သည့် Asia Beverages၊ စင်ကာပူ စတော့စာရင်းဝင် Yoma Strategic Holdings Ltd နှင့် ပုဂ္ဂလိက equity fund manager Delta Capital Myanmar တို့က ၂၀၁၄ ခုနှစ်တွင် Access Myanmar Distribution Co Ltd အစုစပ်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

Pernod Ricard Asia ၏ မြန်မာမိတ်ဖက်လုပ်ငန်းအား ကိုယ်စားပြုသူ Matthieu Glorieux။ ဓာတ်ပုံ-Supply

Pernod Ricard Asia ၏ မြန်မာမိတ်ဖက်လုပ်ငန်းအား ကိုယ်စားပြုသူ Matthieu Glorieux။ ဓာတ်ပုံ-Supply

အောက်တိုဘာ ၅ ရက်နေ့တွင်မူ Access Myanmar Distribution က Seagram ဝီစကီကို စတင်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး ထုတ်လုပ်သော ပြည်တွင်းဖြစ် နိုင်ငံခြားအရက်အဖြစ် ကြေညာခဲ့သည်။ 

“ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်တွေကို မျှော်လင့်နေတဲ့ မြန်မာနိုင်ငံက လူလတ်တန်းစားတွေအတွက် ပြည်တွင်းထုတ် အရည်အသွေးမြင့် အရက်တွေ လိုအပ်တယ်ဆိုတာ မှန်ပါတယ်” ဟု Pernod Ricard Asia ၏ မြန်မာမိတ်ဖက်လုပ်ငန်းအား ကိုယ်စားပြုသူ Matthieu Glorieux က ပြောကြားသည်။ 

သို့သော် ပြည်တွင်းထုတ် အရည်အသွေးမြင့် အရက်များမှာ မူလထုတ်လုပ်သည့်နေရာအား အလေးထားရသည့် နိုင်ငံခြား အကောင်းစားအမှတ်တံဆိပ်များ တင်သွင်းမှုကို အစားထိုးနိုင်ခြင်းမရှိပဲ လိုအပ်ချက်အား ဖြည့်တင်းပေးနိုင်ခြင်းသာဖြစ်သည်ဟု ၎င်းက Frontier ကို ပြောကြားသည်။ စကော့တလန်ရှိ ဒေသတစ်ခုတွင်သာ ထုတ်လုပ်သည့် Glenlivet အမှတ်တံဆိပ် Single malt ဝီစကီအမျိုးမျိုးကို ၎င်းက ဥပမာအဖြစ် ပြသခဲ့သည်။

“ကျွန်တော်ပြောရရင်တော့ နှိမ်နှင်းမှုတွေဟာ ပြဿနာရဲ့ အဖြေမဟုတ်ဘူး။ ဒီတားမြစ်ချက်က မထိရောက်မှန်း အားလုံး သိပါတယ်။ ကျွန်တော်တို့ အာရုံထား လုပ်ဆောင်ရမှာက တင်သွင်းမှု၊ ဖြန့်ချိမှု၊ လက်လီရောင်းချမှုနဲ့ ဝယ်ယူမှုအတွက် တရားဝင်နည်းလမ်း ရှိရမယ်။ လည်ပတ်မှုစနစ်တစ်ခုလုံးကို တရားဝင် လုပ်ပေးရမယ်။ ဒါကသာ ထိရောက်တဲ့ နည်းလမ်းပဲ” ဟု ၎င်းက ပြောကြားသည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.