တပ်မတော်အတွက် ဝင်ငွေမြိုးမြိုးမြတ်မြတ်ရှာပေးနိုင်ခဲ့သည့် မြန်မာဘီယာသည် ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုန်ပစ္စည်းသပိတ်မှောက်မှုဒဏ်ကြောင့် ရောင်းအားအကြီးအကျယ် ထိုးဆင်းသွားခဲ့သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အာဏာသိမ်းမှုကြောင့် အကြီးအကျယ်ဒဏ်ခံလိုက်ရတဲ့ မြန်မာဘီယာ

ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ပြည်သူအများ၏ သပိတ်မှောက်မှုကြောင့် မြန်မာဘီယာသည် ရောင်းအား တဟုန်ထိုးကျဆင်းသွားသည်။ ယင်းကြောင့်ပင် မြန်မာဘီယာထုတ်လုပ်သည့် စစ်တပ်ရှယ်ယာပါဝင်သော မြန်မာဘရူဝါရီကုမ္ပဏီသည် အမေရိကန်ဒေါ်လာတစ်ဘီလျံခန့် တန်ဖိုးကျဆင်းသွားဖွယ်ရှိသည်။

ဖရွန်းတီးယားမြန်မာ

ယမကာချက်စက်ရုံသုံးခုတွင် ရင်းနှီးမြှုပ်နှံထားပြီး ပြည်တွင်းဘီယာဈေးကွက်ဝေစု ၈၀ရာခိုင်နှုန်းခန့် ရရှိထားသော မြန်မာဘီယာသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်အတွက် ငွေပဒေသာပင် တစ်ခုဖြစ်ခဲ့သည်။

မကြာသေးခင်အထိ ပြည်တွင်းဈေးကွက်တွင် ဘီယာအားလုံး၏ ရောင်းအားပမာဏ ၅၀ရာခိုင်နှုန်းကျော် ရရှိထားသော မြန်မာဘီယာသည် စစ်တပ်အတွက် ရောင်းအားအကောင်းဆုံး ထုတ်ကုန်တစ်ခုဖြစ်သည်။ ၎င်း၏ ပင်မကုမ္ပဏီဖြစ်သော မြန်မာဘရူဝါရီလီမိတက်အတွက်လည်း အမြတ်ငွေအမြောက်အမြား ခိုင်ခိုင်မာမာ ရှာပေးနိုင်ခဲ့သည်။

သို့သော် စားသုံးသူများ၏ ဈေးကွက်ကို လွှမ်းမိုးမှု အခြေအနေတစ်ခုကြောင့် လွန်ခဲ့သော နှစ်လတာကာလအတွင်း မြန်မာဘီယာရောင်းအားသည် တဟုန်ထိုး ကျဆင်းခဲ့သည်။

ဖေဖော်ဝါရီ၁ရက်စစ်အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် တက်ကြွလှုပ်ရှားသူများသည် တပ်မတော်၏ ငွေဝင်ရလမ်းများ ပိတ်ဆို့ရန်ရည်ရွယ်၍ စစ်တပ်ပိုင်ကုန်ပစ္စည်းများအား ဝယ်ယူအားပေးခြင်းမပြုရန် သပိတ်မှောက်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်သည်ဟု ဆိုနိုင်သည်။

သပိတ်မှောက်ခံရသည့် စစ်တပ်ထုတ်ကုန်များအနက် အထိနာဆုံးမှာ မြန်မာဘီယာဖြစ်သည်။ မြန်မာဘီယာ၏ ရောင်းအားသည် နှစ်လတာကာလအတွင်း ၈ဝမှ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ဈေးကွက်ကျွမ်းကျင် သတင်းရင်းမြစ်များက ဖရွန်းတီးယားမြန်မာကို ပြောသည်။ အခြားစစ်တပ်ထုတ်ကုန်များ၏ ဈေးကွက်ဝယ်လိုအားမှာလည်း ရုတ်ချည်းကျဆင်းသွားခဲ့သည်။

“သပိတ်မှောက်ဖို့ လှုံ့ဆော်မှုတွေကို အွန်လိုင်းမှာ နေရာအနှံ့ တွေ့ရတယ်။ အဲဒီမှာ မြန်မာဘီယာရဲ့ ရောင်းအားက ဆိုင်တိုင်းလိုလိုမှာ ထိုးကျသွားတာပဲ”ဟု မြန်မာဘီယာ၏ အကြီးတန်းအရောင်းတာဝန်ခံ တစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ဆိုင်တစ်ဆိုင်ကိုဝင်လိုက်တာနဲ့ မြန်မာဘီယာသောက်နေတဲ့သူတွေကို တခြားဘီယာသောက်တဲ့ လူတွေက ပြစ်တင်ဆဲဆိုနေတဲ့အသံတွေ ကြားနေရတယ်။ ‘ဟေ့ … စစ်တပ်အားပေး လုပ်နေတုန်းလား’ဆိုပြီး အမေးခံလိုက်ရရင် လူတွေက တခြားဘီယာပြောင်းသောက်ကြတော့တာပဲ”ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာဘီယာ၏ ဈေးကွက်အတွင်း ရောင်းအားတဟုန်ထိုး ကျဆင်းခြင်းသည် မြန်မာဘရူဝါရီလီမိတက်ကို ပူးတွဲပိုင်ဆိုင်သည့် တပ်မတော်နှင့် ဂျပန်ယမကာလုပ်ငန်းစု Kirin တို့အတွက် ဒေါ်လာသန်းရာနှင့်ချီသော အမြတ်ငွေဆုံးရှုံးမှုဖြစ်စေသည်။ ဈေးကွက်လေ့လာသုံးသပ်သူများ၏ အဆိုအရ မြန်မာဘီယာရောင်းအားကျဆင်းမှုကြောင့် မြန်မာဘရူဝါရီလီမိတက်၏ ကုမ္ပဏီတန်ဖိုးသည် ဒေါ်လာတစ်ဘီလျံခန့် ကျဆင်းသွားသည်။

ရောင်းအားကျဆင်းခြင်းအပြင် စစ်တပ်၏ ဦးပိုင်ကုမ္ပဏီ (မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် – MEHL) အပေါ် အနောက်နိုင်ငံများ မကြာသေးခင်က ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့ခြင်း စသည့်အခြေအနေများက တပ်မတော်နှင့် စီးပွားရေးအရ လက်တွဲမှုကို အဆုံးသတ်ရန် ပြင်ဆင်နေသည့် Kirin ကုမ္ပဏီအတွက် အကျပ်ရိုက်စရာ ဖြစ်စေခဲ့သည်။

စစ်အာဏာသိမ်းပြီး မကြာမီတွင် မြန်မာဘရူဝါရီတွင်သာမက မန္တလေးဘရူဝါရီလီမိတက်တွင်ပါ ရှိနေသည့် ၎င်းတို့နှင့် စစ်တပ်အကြား စီးပွားရေးအကျိုးတူ ပူးပေါင်းမှုများကို ရပ်တန့်မည်ဟု Kirin ကုမ္ပဏီက ကြေညာခဲ့သည်။

သုညနားကပ်သွားတဲ့ ရောင်းအား

စီးပွားသုတေသနအဖွဲ့ Euromonitor ၏ အချက်အလက်များအရ မြန်မာဘရူဝါရီကုမ္ပဏီသည် ၂၀၁၈တွင် ဘီယာစျေးကွက်ဝေစု ၆၂ရာခိုင်နှုန်း ရယူနိုင်ခဲ့သည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ဒဂုံအဖျော်ယမကာကုမ္ပဏီလီမိတက် (Dagon Beverages Company)ကမူ စျေးကွက်ဝေစု ၁၆ရာခိုင်နှုန်းနီးပါး ရရှိခဲ့သည်။ အမျိုးအစားအားဖြင့် ဆိုလျှင် မြန်မာဘီယာ၏ရောင်းအားသည် ဘီယာအားလုံးရောင်းအားပမာဏ၏ ၅၆ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

နှစ်ပေါင်းများစွာ သောက်သုံးအားပေးသူ ပရိသတ်အခိုင်အမာရရှိခဲ့သည့်တိုင် ယခုအချိန်တွင်မူ မြန်မာဘီယာသည် မြန်မာဘရူဝါရီအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်လာသည်။ ဘဏ်လုပ်ငန်းကအစ စီးကရက်အဆုံး စစ်တပ်ပိုင်လုပ်ငန်းများ၊ ထုတ်ကုန်များကို သပိတ်မှောက်ရန် ကြိုးပမ်းသော တက်ကြွလှုပ်ရှားသူများအတွက် မြန်မာဘီယာသည် ပစ်မှတ်ဖြစ်လာသည်။

စစ်အာဏာသိမ်းပြီး တစ်ပတ်အတွင်း မြန်မာဘီယာကို သပိတ်မှောက်ရန် လူမှုကွန်ရက်စာမျက်နှာများတွင် လှုံ့ဆော်မှုများ စတင်လာခဲ့သည်။ ထိုချိန်မှစ၍ ပြည်တွင်းရှိ အကြီးဆုံးဈေးဝယ်ကုန်တိုက်လုပ်ငန်းစု City Mart က တပ်မတော်နှင့်ဆက်စပ်သည့် ဘီယာအမျိုးအစားအားလုံးကို ၎င်း၏ဆိုင်ခွဲများတွင် ဆက်လက်ရောင်းချခြင်းမပြုဘဲ​ ဖယ်ရှားလိုက်သည်။ များမကြာမီ အခြားဈေးဝယ်ကုန်တိုက်များနှင့် စားသောက်ဆိုင်များ၊ ဘားများကလည်း ယင်းအတိုင်းပင် ရောင်းချမှုကို ရပ်တန့်ခဲ့ကြသည်။ အချို့ဆိုင်များဆိုလျှင် စစ်တပ်ပိုင်ဘီယာများကို သပိတ်မှောက်ကြောင်း ပေါ်ပေါ်ထင်ထင် ရေးသားခဲ့ကြသည်။

မတ်၆ရက်ကဆိုလျှင် စစ်ကိုင်းတိုင်းဒေသကြီး၏မြို့တော် မုံရွာတွင် စစ်တပ်ပိုင်ထုတ်ကုန်များကို သပိတ်မှောက်သည့်အနေဖြင့် မြန်မာဘီယာဖြင့် ခြေဆေး၍ ဆန္ဒပြခဲ့ကြသည်။

ယင်းသို့ သပိတ်မှောက်မှုများကြောင့် မြန်မာဘီယာရောင်းအားသည် ၈၀မှ ၉၀ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိကြောင်း ဈေးကွက်ကျွမ်းကျင် သတင်းရင်းမြစ်များက ခန့်မှန်းသည်။ ယမကာလက်ကား ရောင်းချသူများကလည်း အလားတူပင်ဆိုသည်။ ၎င်းတို့တွင် ရောင်းမထွက်ဘဲ​ကျန်နေသည့် မြန်မာဘီယာအမြောက်အမြားရှိပြီး ယင်းဘီယာများကို လက်ရှိအချိန်တွင် ရောင်းထွက်အောင် ပြုလုပ်ရန်လည်း မဖြစ်နိုင်တော့ကြောင်း လက်ကားသမားများက ဆိုသည်။

ရောင်းအားကျဆင်းသွားသဖြင့် ရန်ကုန်ရှိ ဘီယာချက်စက်ရုံတွင် မြန်မာဘီယာထုတ်လုပ်မှုကို လျှော့ချထားရသည်ဟု မြန်မာဘရူဝါရီလီမိတက်မှ လူပုဂ္ဂိုလ်နှစ်ဦးအပါအဝင် သတင်းရင်းမြစ်သုံးဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ပုံမှန်ဆို ကျနော်တို့ ဖေဖော်ဝါရီလကုန်အထိ အလုပ်လုပ်ကြရတာပါ။ ဒါပေမဲ့ အခုတော့ တစ်ပတ် အလုပ်လုပ်၊ တစ်ပတ်အလုပ်နား … အဲဒီလိုလုပ်နေကြရတယ်။ ထုတ်ကုန်ပမာဏကိုလည်း လျှော့ချထားရပါတယ်”ဟု မြန်မာဘီယာ၏ ကုန်ထုတ်လုပ်ရေးအပိုင်းတွင် တာဝန်ယူထားသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

အလုပ်ပါးသဖြင့် နေအိမ်တွင်သာ နေထိုင်ကြရန် ကုမ္ပဏီက ယာဉ်မောင်းအတော်များများကို မတ်လဆန်းပိုင်းတွင် ညွှန်ကြားထားသည်ဟု နောက်ထပ်ဝန်ထမ်းတစ်ဦးက ဆိုသည်။ မြန်မာဘီယာတွင် ယာဉ်မောင်းများသည် စားသောက်ဆိုင်များသို့ ဘီယာသွားရောက်ပို့ဆောင်ရလေ့ရှိပြီး တစ်ခါတစ်ရံတွင် ငွေကိုပါ ကောက်ခံပေးရလေ့ရှိသည်။

“ကျနော်တို့ ရုံးချုပ်ကို ပိတ်ထားတယ်။ ပြီးတော့ ဘီယာတွေလိုက်ပို့ပေးရမယ့် နေရာတွေလည်း သိပ်မရှိတော့ဘူး။ ဒါပေမဲ့ ကျနော်တို့ကို လစာတော့ ပေးထားသေးတယ်။ ငွေကောက်တဲ့သူတွေရဲ့ အပြောအရဆိုရင်တော့ ဝင်ငွေ၇၀ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ သိရတယ်။ ဒါအတော်ကြီးကို ရောင်းအားကျသွားတာ”ဟု အဆိုပါဝန်ထမ်းက ဆက်ပြောသည်။

ဘီယာရောင်းအား၊ ထုတ်လုပ်မှုစသည်တို့နှင့် ပတ်သက်သော ကိန်းဂဏန်း၊​ အချက်အလက်များကို အတည်ပြုရန် ဖရွန်းတီးယားမြန်မာက Kirin ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက အဆိုပါကိစ္စများကိုဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ သို့သော် ၎င်းတို့ကုမ္ပဏီသည် “စိန်ခေါ်မှုများအကြား” လုပ်ငန်းလည်ပတ်နေရကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

“ထုတ်လုပ်မှုပမာဏကိုတော့ မြေပြင်အခြေအနေပေါ်မူတည်ပြီး ချိန်ဆထုတ်လုပ်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မိမိတို့ဝန်ထမ်းတွေရဲ့ ဘေးကင်းရေးနဲ့ အဆင်ပြေစေရေးကိုလည်း ထည့်သွင်းတွက်ချက်ပြီး ဆုံးဖြတ်တာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ဈေးကွက်အတွင်းက သတင်းရင်းမြစ်များကလည်း မြန်မာဘီယာရောင်းအား မတရားကျဆင်း နေသည်ဆိုသည့်အချက်ကို အတည်ပြုကြသည်။ မြန်မာဘီယာရောင်းအား အကြီးအကျယ် ကျဆင်းနေသည်ဆိုသည်မှာ လက်လီရောင်းချသူများနှင့် လက်ကားဖြန့်ချိသူများ၏ ပြောဆိုမှုများတွင် အများဆုံးတူညီနေသည့်အချက်ဖြစ်သည်။ ရန်ကုန်မြို့က ဘီယာနှင့် ယမကာဖြန့်ချိသူတစ်ဦးကမူ မြန်မာဘီယာရောင်းအားမှာ “မရှိသလောက်နီးပါး”ကျဆင်းနေသည်ဟု ပြောသည်။

ယမကာအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကမူ မြန်မာဘီယာအပြင် စစ်တပ်ထုတ်ကုန်များဖြစ်သော Andaman Gold၊ Black Shiled နှင့် အခြားဆက်စပ် ဘီယာအမျိုးအစားများကို ဖေဖော်ဝါရီလလယ်ကတည်းက မရောင်းချတော့ဟု ဆိုသည်။

“ဒီကောင်တွေကို ကြည့်မရလို့ Tiger နဲ့ Chang ဘီယာပဲ ပြောင်းသောက်တော့တယ်”ဟု ဘီယာပုံမှန်သောက်လေ့ရှိသူတစ်ဦးက စစ်တပ်ကို ရည်ညွှန်း၍ ပြောဆိုသည်။

အခြားသူတစ်ဦးကမူ ၎င်းသည် ယခင်ကမြန်မာဘီယာကို မကြိုက်သော်လည်း နေရာတိုင်းနီးပါးတွင် အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်သဖြင့် ရွေးချယ်စရာမရှိဘဲ မြန်မာဘီယာကိုသာ သောက်သုံးခဲ့ရကြောင်း ဆိုသည်။

“အခုလို အခြေအနေမှာတော့ လူတိုင်းက မြန်မာဘီယာကို မသောက်ဖြစ်အောင် ကြိုးစားကြပါတယ်။  မြန်မာဘီယာကို သပိတ်မှောက်တာက ထိရောက်မယ်ထင်ပါတယ်။ ပြည်သူတွေအားလုံး လူညီရင် စစ်တပ်လဲ ကြာကြာမခံနိုင်လောက်ပါဘူး”ဟု အဆိုပါအမျိုးသားက ပြောသည်။

မြန်မာဘရူဝါရီလီမိတက်က စစ်တပ်အတွက် ဝင်ငွေအများစုကို အဓိကရှာဖွေပေးနေသည်ဖြစ်ရာ မြန်မာဘီယာကို သပိတ်မှောက်ခြင်းသည် တပ်မတော်နှင့် စစ်တပ်ခေါင်းဆောင်များအပေါ် အထိနာစေကြောင်း သက်သေပြနိုင်သည့် အထောက်အထားအချို့ရှိနေသည်။

ဦးပိုင်ကုမ္ပဏီ၏ ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ် စာရင်းရှင်းတမ်းထုတ်ပြန်ချက်အရ အဆိုပါလုပ်ငန်းစုကြီး တစ်ခုလုံး၏ လည်ပတ်မှုနှင့် အခြားလုပ်ငန်းများမှရရှိသည့် ဝင်ငွေစုစုပေါင်းသည် ဒေါ်လာသန်း၁၁၀ခန့် ရှိသည်ဟု  မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (Myanmar Center for Responsible Business)၏ ၂၀၂ဝအတွက် ထုတ်ဝေသော ပွင့်သစ်စအစီရင်ခံစာတွင် ဖော်ပြထားသည်။ MCRB သည် စီးပွားရေးလုပ်ငန်းများအကြား ပွင့်လင်းမြင်သာမှုကို စောင့်ကြည့်နေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Kirin ကုမ္ပဏီ၏ အများပြည်သူသို့ ထုတ်ပြန်သည့် ကော်ပိုရိတ်အချက်အလက်များတွင် မြန်မာဘရူဝါရီ (Kirin နှင့် ဦးပိုင်ဖက်စပ်လုပ်ငန်း)၏ အမြတ်ငွေဒေါ်လာ၅၅သန်းခန့်မှ တစ်ဝက်ခန့်ကို ဦးပိုင်ကုမ္ပဏီက ဝေစုအဖြစ် ရရှိသည်ဟု ဖော်ပြထားသည်။

ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် ပိတ်ထားရသော ဘီယာဆိုင်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဒေါ်လာဘီလျံချီ စုံးစုံးမြုပ်သွားလေသလား

ဖရွန်းတီးယားမြန်မာက ပြုလုပ်သော လေ့လာဆန်းစစ်တွက်ချက်မှုအရ စစ်တပ်အာဏာမသိမ်းမီက မြန်မာဘရူဝါရီလီမိတက်၏ ကုမ္ပဏီရှယ်ယာတန်ဖိုးသည် ခန့်မှန်းချေ ဒေါ်လာ၁ဒသမ၆ဘီလျံမှ နှစ်ဘီလျံအထိ ရှိသည်။

၂၀၁၉တွင် မြန်မာဘီယာ၏ တစ်နှစ်တာရောင်းအားသည် ဒေါ်လာသန်း၃၀၀ခန့်ဖြင့် အတန်အသင့် လျော့နည်းခဲ့သော်လည်း အလျင်အမြန်တိုးတက်နေသည့်ဈေးကွက်အတွင်း ဝေစုအများစုကို ရယူထားသည်ဖြစ်ရာ မြန်မာဘရူဝါရီ၏ ကုမ္ပဏီရှယ်ယာတန်ဖိုးသည် မြင့်တက်နေခဲ့သည်။

ယင်းသို့ ဆိုရသည်မှာ မြန်မာဘရူဝါရီ၏ တစ်နှစ်လျှင် ၁၀မှ၁၅ရာခိုင်နှုန်းအထိ မြင့်တက်နေသော ရောင်းအားနှင့် ၄၀ရာခိုင်နှုန်းရှိသော အမြတ်ငွေ (profit margin) အခိုင်အမာရရှိမှု (တစ်ဒေါ်လာ ရောင်းချတိုင်းရရှိသည့် အမြတ်ငွေပမာဏ)တို့ကို ပေါင်းစပ်လိုက်ပါက ကုမ္ပဏီ၏ တန်ဖိုးသည် ဘီယာရောင်းအား (သန်း၃၀၀ခန့်)ထက် ၅ဒသမ၅ မှ ၆ဒသမ၅ဆအထိ (ဒေါ်လာ ၁ဒသမ၆မှ နှစ်ဘီလျံ) ရှိသည်ဟု ဆိုနိုင်သည်။

ယခုအခြေအနေအရ ကုမ္ပဏီ၏ အလားအလာသည် အားတက်စရာ မကောင်းပေ။ စစ်အာဏာသိမ်းပြီးနောက် ရောင်းအား ၈၀ရာခိုင်နှုန်းကျဆင်းသွားသည်ဟု မှတ်ယူပြီးတွက်ချက်သည့် ဖရွန်းတီးယားမြန်မာ၏ လေ့လာဆန်းစစ်မှုအရ မြန်မာဘရူဝါရီအတွက် များမကြာမီ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေသုံးရပ်ကို တွေ့ရှိရသည်။

အကောင်းဆုံးဖြစ်နိုင်ခြေရှိသည်က ဦးပိုင် (MEHL)သည် မြန်မာဘရူဝါရီရှိ ၎င်း၏ရှယ်ယာကို ရောင်းချ၍ Kirin ကုမ္ပဏီနှင့် စပ်တူလုပ်ငန်းမှ လမ်းခွဲခြင်းဖြစ်သည်။ ယင်းသို့ဆိုလျှင်မူ ရောင်းအားသည် တစ်နှစ်ပျမ်းမျှ ၁၀ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာဖွယ်ရှိပြီး နှစ်နှစ်အတွင်း ၂၀၁၉က ရောင်းအားကို ပြန်လိုက်မီနိုင်သည်။ ကုမ္ပဏီ၏တန်ဖိုးကို ဒေါ်လာ၁ဒသမ၆ဘီလျံဝန်းကျင် ပြန်ဖြစ်လာမည်ဟု ယူဆရလျှင် စစ်အာဏာသိမ်းမှုကြောင့် မြန်မာဘရူဝါရီသည် အနည်းဆုံး ဒေါ်လာသန်း၅၀၀မှ သန်း၈၀၀အထိ ဆုံးရှုံးသွားဖွယ်ရှိကြောင်း တွက်ချက်ရသည်။

အကယ်၍ ငါးနှစ်အတွင်း မြန်မာဘီယာ၏ရောင်းအား ပြန်လည်မြင့်တက်လာလျှင်ပင် ကုမ္ပဏီ၏ တန်ဖိုးသည် ဒေါ်လာသန်း၈၃၀ဝန်းကျင်သာ ရှိနိုင်သည်။ သို့သော် ငါးနှစ်အတွင်း ရောင်းအားပြန်လည်မြင့်တက်မလာပါက ကုမ္ပဏီ၏ရှယ်ယာတန်ဖိုးမှာ ဒေါ်လာသန်း၃၀၀ခန့်သာ ရှိတော့ မည်ဖြစ်ရာ (မူလတွက်ချက်မှုအရ ကုမ္ပဏီတန်ဖိုး ဒေါ်လာနှစ်ဘီလျံနှင့် နှိုင်းယှဉ်ပါက) ဒေါ်လာ၁ဒသမ၆၅ဘီလျံခန့် တန်ဖိုးကျဆင်းသွားနိုင်သည်။

အဆိုပါကိန်းဂဏန်းများမှာ အကောင်းမြင်လွန်းသည့် စဉ်းစားချက်ပင်ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော ယင်းတွက်ချက်မှုသည် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေးအပေါ် သက်ရောက်သည့် အကျိုးဆက်များ မသိသာ၊​ မထင်ရှားလာခင်က ပြုလုပ်ခဲ့သည့် လေ့လာမှုဖြစ်သည်။ ထိုအချိန်ကတည်းက ကမ္ဘာ့ဘဏ်ကမူ နိုင်ငံ၏ ဂျီဒီပီတိုးတက်မှု ၁၀ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ခန့်မှန်းခဲ့ပြီး နိုင်ငံတကာစီးပွားရေးအကြံပေးအဖွဲ့ Fitch Solutions ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀ရာခိုင်နှုန်းခန့် ကျုံ့ဝင်လာနိုင်သည့်အပြင် “စီးပွားရေး ပြိုလဲမှုအန္တရာယ်” ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်။ စီးပွားရေးတိုးတက်မှုဖြစ်စဉ်များသည် ဂျီဒီပီတစ်ခုလုံး အပြောင်းအလဲအပေါ်မူတည်လေ့ရှိရာ ခန့်မှန်းချက် အခြေအနေနှစ်ခုလုံးတွင် ဘီယာစျေးကွက်အပေါ် သိသာထင်ရှားသည့် သက်ရောက်မှုများ ဖြစ်လာနိုင်ဖွယ်ရှိသည်။

မြန်မာဘရူဝါရီ၏ ဝင်ငွေပြန်လည်မြင့်တက်လာခြင်းရှိ၊ မရှိဆိုသည်မှာ ဈေးကွက်အတွင်း မြန်မာဘီယာကို သပိတ်မှောက်သည့် လှုပ်ရှားမှုများ မည်သည့်အချိန်အထိ ကာလရှည်ကြာ တည်ရှိမည်နည်းဆိုသည့်အပေါ်မူတည်နေပြီး ဦးပိုင်(MEHL)က ဖက်စပ်လုပ်ငန်း (မြန်မာဘရူဝါရီတွင်) ပါဝင်မှု ဆက်ရှိ၊ မရှိ စသည့်အချက်အပါအဝင် အခြားအကြောင်းအရာများပေါ်တွင်လည်း မူတည်နေသည်။

အကယ်၍ ဦးပိုင်ကုမ္ပဏီ ဆက်လက်ပါဝင်နေပါက မြန်မာဘရူဝါရီအနေဖြင့် ရွေးချယ်စရာ နည်းလမ်းအချို့ ကျန်ရှိနေသည်။ ဥပမာ – စစ်တပ်နှင့် ဆက်စပ်မှုရှိကြောင်း စားသုံးသူများ သတိမထားမိနိုင်သော အမှတ်တံဆိပ်အသစ်ဖြင့် ကုန်ပစ္စည်းများသစ်များ ထုတ်လုပ်ခြင်းဖြစ်သည်။

ယင်းသို့စဉ်းစားချက် အလုပ်ဖြစ်နိုင်ကြောင်း အထောက်အထားအချို့ ရှိနေသည်။ ဖေဖော်ဝါရီ၁ရက် နောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဘီယာသောက်သုံးသူများသည် မြန်မာဘီယာအစား Andaman Gold ကို ပြောင်းလဲသောက်သုံးခဲ့ကြသည်ဟု သတင်းရင်းမြစ်များစွာက ဆိုသည်။ သို့သော် ၎င်းတို့ အမှတ်တမဲ့ သတိမထားမိသည်က Andaman Gold ဘီယာသည်လည်း မြန်မာဘရူဝါရီ၏ ထုတ်ကုန်တစ်ခုဖြစ်ပြီး စစ်တပ်ထုတ်ကုန်ပစ္စည်းဖြစ်နေသည်။

“Andaman Gold ဘီယာတွေ ရောင်းကုန်သွားလို့ ပြန်ဖြည့်စရာ မရှိတော့ဘူး”ဟု ကုမ္ပဏီအရာင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။ ယခင်က လူကြိုက်သိပ်မများသည့် မြန်မာဘရူဝါရီကထုတ်သော ဘီယာအမှတ်တံဆိပ်များ ဈေးကွက်အတွင်း ဝယ်လိုအားမြင့်တက်နေသော်လည်း ၎င်းတို့ကုမ္ပဏီသည် ယင်းအမှတ်တံဆိပ်များကို အရှိန်မြှင့်၍ထုတ်လုပ်ဦးမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ “ကျနော်တို့ စက်ရုံဟာ အခြေအနေတွေကို စောင့်ကြည့်ဦးမယ့်ပုံပဲ။ အခုတော့ ပစ္စည်းတော်တော်များ ထုတ်တာ နားထားတယ်”ဟု ၎င်းကပြောသည်။

မြန်မာဘီယာကို စည်ဖြင့်ရောင်းချသည့် (ခွက်အလိုက်ရောင်းချသည့်) ဘီယာဆိုင်များသည် လက်ရှိအချိန်ထိ ၎င်းတို့နှင့် အဆက်မဖြတ်ကြသေးကြောင်း မြန်မာဘရူဝါရီအရောင်းကိုယ်စားလှယ်က ပြောသည်။ ပုံမှန်အားဖြင့် ဘီယာဆိုင်များသည် ကုမ္ပဏီကို စပေါ်ငွေသွင်းထားရပြီး လက်ရှိအချိန်ထိ “မည်သူကမျှ စပေါ်ငွေများ ပြန်လည်ထုတ်ယူခြင်းမပြုသေး”ဟုလည်း ၎င်းကဆိုသည်။

“တချို့ကတော့ Andaman Gold ကို ပြောင်းဝယ်လာကြတယ်”ဟု ဖြန့်ချိရေးအရောင်း ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ လက်ကားအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကမူ ပစ္စည်းပြတ်သွားသဖြင့် Andama Gold ဘီယာဈေးနှုန်းမြင့်တက်လာကြောင်း ဆိုသည်။ “Andaman Gold က အခုစက်ရုံကနေ ဝယ်လို့မရတော့ပါဘူး။ ဒါကြောင့် ကျနော်တို့ လက်ကားအရောင်းဆိုင် အများစု အခုလောလောဆယ်တော့ ပစ္စည်းပြတ်နေတယ်”ဟု ၎င်းကပြောသည်။

ဈေးကွက်စွန့်ခွာဖို့မစဉ်းစားသေးတဲ့ Kirin

ဂျပန်ကုမ္ပဏီ Kirin သည် ၂၀၁၅တွင် စင်ကာပူအခြေစိုက် Fraser & Neave ကုမ္ပဏီထံက မြန်မာဘရူဝါရီရှယ်ယာများကို အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်အရ ဒေါ်လာသန်း၅၆၀ဖြင့် ဝယ်ယူခဲ့ပြီး ဦးပိုင်နှင့် ဘီယာဖက်စပ်လုပ်ငန်းများ စတင်ခဲ့သည်။ နောက်ပိုင်းတွင် Kirin သည် မန္တလေးဘရူဝါရီကုမ္ပဏီ၏ ရှယ်ယာ ၅၁ရာခိုင်နှုန်းကိုလည်း ထပ်မံ၍ သီးခြားဝယ်ယူခဲ့သည်။

သို့သော် ၂၀၁၇အတွင်း တပ်မတော်၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ၇၅၀,ဝဝဝခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၊ တိမ်းရှောင်ကြရသည့် ဖြစ်စဉ်ကြောင့် စစ်တပ်နှင့် အကျိုးတူပူးပေါင်း၍ လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီ Kirin အပေါ် ဖိအားများကျရောက်ခဲ့သည်။ တပ်မတော်နှင့် စီးပွားရေးအရ ပတ်သက်ဆက်နွှယ်မှုကို အဆုံးသတ်ရန် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဖိအားပေးသံများ ကျယ်လောင်ခဲ့သည်။

နောက်ဆုံးတွင် Kirin သည် ဦးပိုင်ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် စီးပွားစီမံအုပ်ချုပ်ဖွဲ့စည်းပုံတို့ကို လွပ်လပ်သောအကဲဖြတ်မှုတစ်ရပ်ပြုလုပ်ရန် Deloitte အဖွဲ့ကို ငှားရမ်းခဲ့သည်။ သို့သော် Deloitte အဖွဲ့သည် လုံလောက်သည့် သတင်းအချက်အလက် မရခဲ့သဖြင့် တိကျသည့်အကဲဖြတ်မှု မရရှိနိုင်ခဲ့ကြောင်း Kirin က ဇန်နဝါရီတွင် ကြေညာခဲ့သည်

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့  ဦးပိုင်ကတင်သွင်းသည့် ရှင်းလင်းချက်တစ်ခုတွင် တပ်မတော်တပ်ရင်းအချို့သည် မြန်မာဘရူဝါရီ၏ ရှယ်ယာအချို့ကို ပိုင်ဆိုင်ထားသည်ဟု ဖော်ပြထားသည်။ သို့ဖြစ်ရာ မြန်မာဘရူဝါရီမှရရှိသည့် အမြတ်ငွေများကို တပ်မတော်သည် စစ်ဆင်ရေးများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သောရာဇဝတ်မှု သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှုများအတွက်ပင် အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်များ ပိုမိုကျယ်လောင်ခဲ့သည်။

“စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု အတော်အတန်မရှိ”ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာတွင် Kirin သည် ဦးပိုင်ကုမ္ပဏီကို အမြတ်ဝေစု ခွဲဝေခြင်းမပြုဘဲ​ ဆိုင်းငံ့ခဲ့သည်။ ဦးပိုင်ကုမ္ပဏီသည် ၎င်း၏ အမြတ်ငွေများကို မည်ကဲ့သို့ အသုံးပြုနေသည်နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။

တပ်မတော်က အာဏာသိမ်းပြီး လေးရက်အကြာတွင် ၎င်းတို့အနေဖြင့် “လက်ရှိ ဖက်စပ်လုပ်ငန်းကို ရပ်စဲရုံမှအပ အခြားရွေးချယ်စရာ နည်းလမ်းမရှိကြောင်း”နှင့် “ဖက်စပ်လုပ်ငန်းရပ်စဲရေးကို အရေးတကြီး ဆောင်ရွက်နေကြောင်း” Kirin က ကြေညာခဲ့သည်

သို့သော် Kirin က မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်းထက် ဦးပိုင်ထံက ရှယ်ယာများဝယ်ယူပြီး ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော အခြားစီးပွားဖက်ကုမ္ပဏီတစ်ခုခုထံသို့ ရှယ်ယာပြန်လည်ရောင်းချ၍ အကျိုးတူပူးပေါင်းလိုသည်ဟု Kirin ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ယိုရှီနိုရီ အီဆိုဇာကီက Nikkei Asia သတင်းဌာနကို ဖေဖော်ဝါရီလလယ်တွင် ပြောသည်။

ယင်း ဆုံးဖြတ်ခြင်းသည် ကျိုးကြောင်းဆီလျော်သည်ဟု ဆိုနိုင်သည်။ အမေရိကန်နှင့် ဗြိတိန်တို့က မကြာသေးခင်က တပ်ပိုင်ကုမ္ပဏီနှစ်ခုဖြစ်သော MEHL နှင့် MEC တို့ကို စီးပွားရေးပိတ်ဆို့မှု ချမှတ်ထားသဖြင့် ရှယ်ယာလက်တွဲဖော်ရှာဖွေခြင်းသည် Kirin အတွက် အခက်အခဲရှိနိုင်သည်။ စီးပွားရေးပိတ်ဆို့မှုစည်းမျဉ်းများ ချိုးဖောက်မိနိုင်ခြင်းနှင့် ကုမ္ပဏီနာမည်ပျက်နိုင်ခြင်း စသည့် အန္တရာယ်များကြောင့် Kirin နှင့် လက်တွဲလိုသည့် ရင်းနှီးမြှုပ်နှံသူမှာ အနည်းအကျဉ်းသာ ရှိနိုင်သည်။

သို့တိုင် ပို၍အရေးပါသောအချက်တစ်ခုမှာ စစ်တပ်ထုတ်ကုန်များကို ပြည်သူအများက သပိတ်မှောက်ထားသဖြင့် မြန်မာဘီယာရောင်းအား ဆက်လက်ထိုးကျဖွယ်ရှိနေပြီး ရင်းနှီးလိုသည့်ကုမ္ပဏီသည် ၎င်း၏ကနဦးရင်းနှီးမြှုပ်နှံမှုပမာဏကိုပင် ပြန်မရှာမိနိုင်သည့် အခြေအနေမျိုး ဖြစ်လာနိုင်သည်။

အစုစပ်လုပ်ငန်းဖြစ်သော မြန်မာဘရူဝါရီမှ စစ်တပ်ပိုင်ကုမ္ပဏီစွန့်ခွာရေး အချိန်တိုအတွင်း မဖြစ်နိုင်ပါက အာဏာသိမ်းမှုမတိုင်ခင်ကရှိခဲ့သော ကုမ္ပဏီတန်ဖိုးသို့ ပြန်လည်ရောက်ရှိရေးမှာ အချိန်ကြာမြင့်ဦးမည်ဖြစ်သည်။

သို့သော် ဦးပိုင်က မြန်မာဘရူဝါရီရှိ ၎င်း၏ရှယ်ယာများရောင်းချရန် ဆန္ဒရှိ၊ မရှိကိုမူ အသေအချာမသိကြောင်း Kirin ဥက္ကဋ္ဌ အီဆိုဇာကီက ပြောသည်။ MEHL ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့အထက်ရှိ နာယကကော်မတီကို ဦးဆောင်သော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသာ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆုံးဖြတ်ဖွယ်ရှိသည်။

သို့သော်  ဗိုလ်ချုပ်မှူးကြီးက သဘောတူသည့်တိုင်  ဦးပိုင်၏ ရှယ်ယာများကို ဝယ်ယူခြင်းသည် Kirin  အတွက် နိုင်ငံရေးအရ ပြဿနာတက်နိုင်သေးသည်။ Kirin ကိုယ်တိုင် သို့မဟုတ် ၎င်းနှင့်လက်တွဲမည့် မိတ်ဖက်ကုမ္ပဏီအသစ်သည် မြန်မာဘရူဝါရီရှယ်ယာများကို ဝယ်ယူရာတွင် ဒေါ်လာသန်းပေါင်းများစွာ ပေးချေရမည်ဖြစ်ရာ မည်သို့ပင်ဆိုစေကာမူ ယင်းငွေများသည် တပ်မတော်ခေါင်းဆောင်ပိုင်း သာမက ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းမှုဖြင့် လတ်တလော နာမည်ဆိုးဖြင့် ကျော်ဇောနေသည့် တပ်မတော်တပ်ရင်းများသို့ စီးဝင်သွားနိုင်ဖွယ်ရှိသည်။

၎င်းတို့သည် “စစ်တပ်၏ ကိုင်တွယ်ဆောင်ရွက်ပုံများနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း”နှင့် စစ်တပ်ပိုင်ကုမ္ပဏီနှင့် “အကျိုးတူပူးပေါင်းမှု စပ်တူလုပ်ငန်းကို ရပ်စဲရန် အရေးတကြီး ဆောင်ရွက်နေကြောင်း” Kirinကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်က ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ကျနော်တို့စိတ်ရင်းအတိုင်း တကယ်မျှော်လင့်ထားတာကတော့ Kirin သည် မြန်မာနိုင်ငံအတွက် ရှေ့လျှောက် အပြုသဘောဆောင်ပြီး ဆက်လက်ပါဝင်နိုင်ဖို့ နည်းလမ်းရှာဖွေနေပါတယ်။ ဒါပေမဲ့ တခြားရွေးချယ်၊ ဆုံးဖြတ်စရာတွေကိုလည်း လမ်းဖွင့်ထားဆဲဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ဈေးကွက်အတွင်း မြန်မာဘီယာသပိတ်မှောက်ခံနေရချိန်တွင် Chang ဘီယာ၏ ရောင်းအား နှစ်ဆခန့် မြင့်တက်လာခဲ့သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အခွင့်အရေးကို အသုံးချခြင်း

မြန်မာဘီယာကို လူကြိုက်များမှုကြောင့် နှစ်ပေါင်းများစွာ ပြည်တွင်းစားသုံးသူ ဈေးကွက်သို့ တိုးဝင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းနေသည့် အခြားဘီယာအမှတ်တံဆိပ်များအတွက် လက်ရှိ မြန်မာဘီယာ သပိတ်မှောက်ခံထားရသည့် အချိန်ကာလသည် အခွင့်ကောင်းဖြစ်သည်။

၂၀၁၅မတိုင်ခင်ကဆိုလျှင် ဘီယာချက်လုပ်ငန်းကို စစ်တပ်က ဆယ်စုနှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ထားခဲ့သည်။ အဆိုပါနှစ်တွင် ဥရောပဘီယာအမှတ်တံဆိပ်များဖြစ်သော Heineken နှင့် Carlsberg တို့သည် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာခဲ့ပြီး ဈေးနှုန်းအစားစား သတ်မှတ်ထားသော ဘီယာအမျိုးအစားများ ထုတ်လုပ်ခဲ့သည်။

သို့သော် Euromonitor အဖွဲ့၏ အစီရင်ခံစာတစ်အရပ်အရ အဆိုပါဥရောပဘီယာအမှတ်တံဆိပ်နှစ်ခုသည် ပြည်တွင်းဈေးကွက်ဝေစု ၈ရာခိုင်နှုန်း (Heineken)နှင့် ၄ဒသမ၅ရာခိုင်နှုန်း (Carlsberg) အသီးသီးသာ ရရှိခဲ့သည်။

၂၀၁၉နှောင်းပိုင်းတွင် အဆိုပါဘီယာနှစ်ခုသည် Emerald Breweryကုမ္ပဏီနှင့် ပူးပေါင်းပြီး ထိုင်းကုမ္ပဏီ ThaiBevထံမှ တရားဝင်လိုင်စင်ဖြင့် Chang ဘီယာ စတင်ထုတ်လုပ်ခဲ့သည်။ အာဏာသိမ်းမှုမတိုင်ခင် ငါးရက်အလိုတွင် အခြားထိုင်းဘီယာဖြစ်သည့် Singha ကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့တွင် ဒေါ်လာ၁၁၅သန်းတန် ယမကာချက်စက်ရုံတည်၍ ရင်းနှီးမြှုပ်နှံရန် အစိုးရထံမှ ခွင့်ပြုချက်ရရှိခဲ့သည်။

ယခုအချိန်အထိ အာဏာသိမ်းမှုကြောင့် မြန်မာဘီယာရောင်းအားထိုးကျသွားချိန်တွင် အခြေအနေကို အကောင်းဆုံးအခွင့်ရေးယူနိုင်သည့် ဘီယာအမျိုးအစားများမှာ Chang နှင့် Heineken တို့ဖြစ်သည်။ Heineken ဘီယာရောင်းအားမှာ အပြောင်းအလဲမရှိသေးသည့်တိုင် ယခင်က မြန်မာဘီယာနှင့် Black Shield သောက်သုံးသူအချို့သည် ယခုအခါ Heineken ကပင် ထုတ်လုပ်သည့် Tiger နှင့် ABC Stout တို့ကို ပြောင်းလဲသောက်သုံးနေကြသည်ဟု လက်လီ၊ လက်ကား အရောင်းဆိုင်များက ဆိုသည်။

Chang ဘီယာ၏ ရောင်းအားသည် (အာဏာသိမ်းပြီးနောက်ပိုင်း) နှစ်ဆမြင့်တက်သွားသည်ဟု စားသောက်ဆိုင်နှင့် ဘားငယ်များကို ဘီယာလက်လီရောင်းချပေးနေသူ တစ်ဦးက ပြောသည်။ “အရင်ကဆိုရင် ဘီယာဆိုင်တစ်ဆိုင်က တစ်ရက်မှာ Changတစ်ဖာလောက်ပဲ မှာတယ်ဆို အခုကျတော့ တစ်ရက်ကို နှစ်ဖာဖြစ်သွားတယ်။ နောက်ပြီး Chang ပုလင်းတွေက အရင်က သိပ်မရောင်းရဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းကျတော့ ပုလင်းတွေလည်း ခဏလေးနဲ့ အကုန်မြန်တယ်”ဟု ၎င်းက ပြောသည်။

ခြုံငုံသုံးသပ်ရလျှင် ယမကာစျေးကွက်သည် ဆက်လက်၍ အရောင်းထိုင်းနေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စားသောက်ဆိုင်နှင့် ဘားများကို အချိန်အကန့်အသတ်ဖြင့်ဖွင့်ရခြင်း သို့မဟုတ် လုံးဝပိတ်ထားခဲ့ရသဖြင့် လွန်ခဲ့သည့်နှစ်က ဘီယာရောင်းအားများ အလွန်အမင်းကျဆင်းခဲ့သည်။ အလားတူ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ည၈နာရီမှစ၍ အသက်ဝင်သည့် ညမထွက်ရအမိန့်ကြောင့် ဆိုင်ထိုင်ဘီယာသောက်သုံးမှု မရှိတော့သည်ကလည်း ဘီယာရောင်းအားကျဆင်းစေသည့် အဓိကအချက် ဖြစ်လာသည်။ ထို့ပြင် ဆန္ဒပြပွဲများရှိနေခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှောင့်ယှက်မှုခံရနိုင်ခြင်းတို့ကြောင့် ဘီယာလက်လီအရောင်းဆိုင်များမကြာခဏ ပိတ်ထားရခြင်းကလည်း ဘီယာရောင်းအားကို လျော့ကျစေခဲ့သည်။

“စစ်တပ်ပိုင်မဟုတ်တဲ့ တခြားဘီယာတံဆိပ်တွေက ရောင်းအားတွေ သိသိသာသာ တက်လာတာမျိုး မရှိပါဘူး။ အရင်နဲ့ သိပ်မကွာဘူး။ ပစ်ကြ၊ ခတ်ကြပြီဟေ့ဆို ဆိုင်ကို ပုံမှန်လိုလို ပိတ်လိုက်ရတာပဲ”ဟု ဖြန့်ချိရေးကိုယ်စားလှယ်တစ်ဦးက ပြောသည်။ “ပြီးတော့ အော်ဒါမှာထားလည်း တစ်ခါတလေ လမ်းတွေပိတ်ထားလို့ရှိရင် သွားပို့လို့မရပြန်ဘူး”ဟု ၎င်းကပြောသည်။

“ဘီယာရောင်းအားတွေက အာဏာအသိမ်းခံလိုက်ရကတည်းက သိသိသာသာ ကျသွားပါတယ်။  လက်လီအရောင်းဆိုင် အများစုကလည်း ဆိုင်ပိတ်ထားကြတော့ ဘီယာအော်ဒါမှာတွေလည်း နည်းသွားပါတယ်။ ဖြန့်ချိရေးအတွက် ကားသုံးစီးရှိတာ ပုံမှန်ဆို တစ်နေ့ကို တစ်စီးသုံးကြောင်းလောက် ထွက်နေကျ။ အခုတော့ (တစ်ရက်မှာ) တစ်စီးကိုတစ်ကြောင်းပဲ ထွက်ရတော့တယ်”ဟု ဖြန့်ချိရေးကိုယ်စားလှယ်တစ်ဦးက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar