WeChat ကြောင့် ကျောက်စိမ်းများ ဈေးကောင်းမရဟု မန္တလေးမှ ကုန်သည်များ ညည်းတွား

မန္တလေးရှိ ကျောက်စိမ်းဈေးကွက်တွင် တရုတ်ပွဲစားများက WeChat အသုံးပြုကာ ရောင်းဝယ်နေကြသောကြောင့် ကျောက်စိမ်းဈေးကွက်ကို ထိခိုက်စေသည်ဟု မန္တလေးမှ ကျောက်စိမ်းကုန်သည်များက ပြောကြားကြသည်။

ကျော်လင်းထွန်း ရေးသားသည်။ 

မန္တလေးမြို့ရှိ ကျောက်ဈေးကွက်တွင် တရုတ် ကျောက်ပွဲစားများက WeChat လူမှုကွန်ယက် အသုံးပြုနေခြင်းက ကျောက်စိမ်းဈေးကို ကျဆင်းစေသည်ဟု မန္တလေးမှ ကျောက်စိမ်းကုန်သည်များက ပြောကြားကြသည်။

“တရုတ်ပွဲစားတွေက WeChat ကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ကျောက်စိမ်းတွေကို ဓာတ်ပုံရိုက်ပြီး ပုံတွေကို အုပ်စုဖွဲ့ထားတဲ့နေရာတွေမှာ ဝေမျှနေကြတာကို သဘောမကျဘူး။ ဒါက ကျောက်စိမ်းဈေးကို ထိခိုက်စေတယ်” ဟု တရုတ်နိုင်ငံ၏ နာမည်ကျော်လူမှုကွန်ရက်ဖြစ်သည့် WeChat အား အသုံးပြုနေမှုကို ကန့်ကွက်ရာတွင် ဦးဆောင်ခဲ့သူ ဦးအောင်ဝင်းဦးက ပြောကြားသည်။ 

ထို့ကြောင့် ကျောက်စိမ်းဈေးတွင် တရုတ်ကုန်သည်များ WeChat အသုံးပြုမှုကို တားမြစ်ပေးရန်အတွက် မြန်မာကျောက်စိမ်းကုန်သည် ၂,၀၀၀ ကျော်က လက်မှတ်ရေးထိုးပြီး မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီနှင့် ဈေးကော်မတီထံ အောက်တိုဘာလအတွင်းက တောင်းဆိုခဲ့ကြသည်။

“တရုတ်ပွဲစားက ကျောက်စိမ်းဝယ်မယ့်လူကို WeChat ကနေ ရှာတွေ့ပြီဆိုတာနဲ့ မြန်မာကုန်သည်ကို ထက်ဝက်ဈေးပဲ ပေးဝယ်တော့တယ်” ဟု ဦးအောင်ဝင်းဦးက Frontier ကို ပြောသည်။ 

တရုတ်ပွဲစားကပေးသော ဈေးကို မြန်မာကုန်သည်က ငြင်းပယ်လိုက်သောအခါ ထိုကျောက်စိမ်း၏ ပုံနှင့် အရည်အသွေး ဖော်ပြချက်များသည် WeChat ပေါ်တွင် ပျံ့နှံ့သွားသည်။ ထိုအခါ မြန်မာကုန်သည်အနေဖြင့် အခြားဝယ်သူများကို ဆွဲဆောင်ရန် ခက်ခဲသွားတော့သည်။ ကျောက်စိမ်း ဓါတ်ပုံများက ကျယ်ပြန့်စွာ ပျံ့နှံ့သွားသောကြောင့် ဝယ်ယူမည့် လူများက ၎င်းတို့အနေဖြင့် အရည်အသွေးမြင့် ကျောက်စိမ်းကို အလွယ်တကူ ရှာဖွေနိုင်သည်ဟု ထင်မြင်သွားကြသောကြောင့် ဖြစ်သည်။

“ကျောက်စိမ်း ရောင်းဝယ်ရတာက မျက်စိနဲ့ ကြည့်ရှုစစ်ဆေးပြီး ဝယ်သူက ဈေးပြောရတာ။ ဒီပွဲစားတွေက ကျောက်စိမ်းအကြောင်း ဘာမှမသိကြဘူး။ သူတို့အတွက် ကျောက်စိမ်းရောင်းဝယ်ရတာ ဈေးထဲ ဟင်းသီးဟင်းရွက် ဝယ်နေရသလိုပဲ။ ကျွန်တော်တို့က ကျောက်စိမ်းကို အမှန်တကယ်ထိုက်တန်တဲ့ ဈေးကိုပေးမယ့်၊ ကျွမ်းကျင်တဲ့ ဝယ်သူတွေကို လိုချင်တာ” ဟု ဦးအောင်ဝင်းဦးက ပြောသည်။ 

ဈေးအတွင်း WeChat အသုံးပြုမှုကို ပိတ်ပင်လိုက်ပါက အမှန်တကယ် ဝယ်ယူလိုသူများက ကျောက်စိမ်းဈေးသို့ လာရောက်ပြီး ကုန်သည်များနှင့် မျက်နှာချင်းဆိုင်တွေ့ကာ ဝယ်ယူလာကြလိမ့်မည်ဟု ၎င်းက ဆိုသည်။ 

မန္တလေးမြို့၃၉ လမ်းနှင့် လမ်း ၄၀ ကြား၊ ၈၇ လမ်းပေါ်ရှိ မဟာအောင်မြေကျောက်စိမ်းဈေးသည် မန္တလေးတွင် အကြီးဆုံး ကျောက်စိမ်းဈေး ဖြစ်သည်။ ဆိုင်များတွင် ကျောက်စိမ်း အရိုင်းတုံးကြီးများမှစပြီး အသေးစားလေးများအထိ ပြသရောင်းချကြသည်။ ဈေးကို နံနက် ၆ နာရီမှ မွန်းတည့်ချိန်အထိနှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားသည်။ ကျောက်စိမ်းမဟုတ်သော တခြားကျောက်မျက်များကို ရောင်းချသူများက မွန်းလွဲပိုင်းတွင် လာရောင်းချလေ့ရှိသည်။ 

ကျောက်စိမ်းဈေး ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းဝင်းကမူ ကျောက်စိမ်းကုန်သွယ်မှုတွင် သက်ရောက်မှုများ ရှိလာလိမ့်မည်ဖြစ်သောကြောင့် WeChat အသုံးပြုမှုအား ပိတ်ပင်ရန် မဆုံးဖြတ်လိုဟု ပြောကြားသည်။

“ကျွန်တော်တို့က တိုင်းဒေသကြီးအစိုးရ၊ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့  မန္တလေးမြို့တော်ဝန်တို့ကို တွေ့ဆုံမေးမြန်းဖို့ လိုသေးတယ်။ သူတို့ဆီက ညွှန်ကြားချက်ရမှ ဘာဆက်လုပ်ရမလဲ သိမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။ 

တရုတ်ပွဲစားများက WeChat အသုံးပြုက တရုတ်ပြည်မှ ဝယ်သူများနှင့် ချိတ်ဆက်ကြသည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

တရုတ်ပွဲစားများက WeChat အသုံးပြုက တရုတ်ပြည်မှ ဝယ်သူများနှင့် ချိတ်ဆက်ကြသည်။ ဓာတ်ပုံ-ကျော်လင်းထွန်း

WeChat ပိတ်ပင်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုသူများတွင် ကျောက်စိမ်းကုန်သည် ဦးမျိုးလည်း ပါဝင်သည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်းများကို အဓိက ဝယ်ယူသူများမှာ တရုတ်ပြည်မှဖြစ်ကြောင်း၊ ပွဲစားများက  ကျောက်စိမ်းများကို ဓါတ်ပုံရိုက်ယူပြီး တရုတ်ပြည်မှ အမှန်တကယ် ဝယ်ယူမည့်သူက ပေးသည့်ဈေးထက် ထက်ဝက်ခန့် လျှော့ကာ ကုန်သည်ကိုပေးကြောင်း ဦးမျိုးက ပြောသည်။ 

“ဒီလို ရောင်းဝယ်တဲ့ နည်းလမ်းက ကျွန်တော်တို့ ကျောက်စိမ်းဈေးကွက်ကို ထိခိုက်စေတယ်။ ကျွန်တော်တို့ ခေါင်းပုံဖြတ်ခံရသလို ခံစားရတယ်” ဟု ၎င်းက ဆိုသည်။ 

ကျောက်စိမ်းကုန်သည်များ၏ အဆိုအရ တရုတ်ပွဲစားများက ၂၀၁၆ ခုနှစ်မှစပြီး ဈေးထဲတွင် WeChat ကို စတင်အသုံးပြုလာခြင်း ဖြစ်သည်ဟုဆိုသည်။ ယခုအခါ တရုတ်ပွဲစား ၇၅ ရာနှုန်းခန့်က WeChat ကို အသုံးပြုနေကြသည်။ WeChat အား ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကာ ယခုအခါ လစဉ်အသုံးပြုသူ ၁ ဒသမ ၀၅၇ ဘီလျံရှိသည်ဟု ဆိုသည်။ 

မန္တလေးမြို့ စည်ပင်သာရေးကော်မတီအနေဖြင့် ဈေးထဲတွင် WeChat အသုံးမပြုရေးအတွက် တားမြစ်ရန် မခက်ခဲလှပါဟု ဦးသိန်းဝင်းကပြောသည်။

“ဒါပေမယ့် နှစ်ဦးနှစ်ဖက်အပေါ် ထိခိုက်မှုကို ကြည့်ရှုရင် ဒီလိုပိတ်ပင်မှုမျိုးကို လွယ်လွယ်ကူကူနဲ့ မလုပ်ဆောင်သင့်ဘူး။ ကုန်သည်တွေအနေနဲ့ သူတို့ဆိုင်မှာ တရုတ်ပွဲစားက ကျောက်စိမ်းလာကြည့်ရင် WeChat သုံးပြီး ဓါတ်ပုံရိုက်ခွင့် မပြုဖို့ပဲ အကြံပေးချင်တယ်” ဟု ဦးသန်းဝင်းက ဆိုသည်။ 

ကျောက်စိမ်းဈေးထဲတွင် WeChat အသုံးပြုမှုကို ဒေါသတကြီး ကန့်ကွက်နေကြသော်လည်း တရုတ်နိုင်ငံနှင့် မန္တလေးမြို့အကြား သွားလာဆက်သွယ်ရေး လွယ်ကူလာမှုကြောင့် ကျောက်စိမ်းဈေးကွက်အတွက် အကျိုးရှိလာမည်ဟု ကုန်သည်များက မျှော်လင့်ထားကြသည်။

ယခုအခါ မန္တလေးမြို့နှင့် တရုတ်နိုင်ငံ၊ မြို့ကြီးအချို့အကြားတွင် တရုတ်လေကြောင်းလိုင်းအချို့က ပုံမှန်လေကြောင်းခရီးစဉ်များ ပြေးဆွဲနေကြပြီဖြစ်သည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.