ရန်ကုန်မြို့က မေ့လျော့ခံထားရတဲ့ မူးယစ်ပြတိုက်

အများပြည်သူ လာရောက်နိုင်အောင် ဖွင့်လှစ်ထားသော်လည်း အမေ့ခံနေရသည် ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်သည် ယခင်က စစ်အစိုးရ၏ ဝါဒဖြန့်မှုများထဲမှ အကြွင်းအကျန်တစ်ခုလည်း ဖြစ်သည်။

ဂျာရက် ဒေါင်းနင်း ရေးသားသည်။

ဓါတ်ပုံများ- ငြိမ်းဆုဝေကျော်စိုး

ယခင်အချိန်များကဲ့သို့ပင် ရဲမှူး ညီညီလင်း၏ မူးယစ်ဆေး ဆန့်ကျင်ရေး ပြတိုက်တွင် လူသူကင်းမဲ့နေသည်။ သူ၏ ခြေသံများသည် ပြတိုက်ထဲသို့ဝင်ရာ လမ်းတစ်လျှောက် ပဲ့တင်ထပ်နေသည်။ တစ်ဖက်တစ်ချက်တွင် အငြိမ်းစား ယူသွားခဲ့ပြီဖြစ်သည့် ဗိုလ်ချုပ်ကြီးများ၏ ဓါတ်ပုံများကို ချိတ်ဆွဲထားသည်။ ခန်းမကြီးထဲတွင်မူ  ရိုင်ဖယ်သေနတ်တွင် တပ်ဆင်ထားသော ဓါးများဖြင့် ဗြိတိန်နှင့် မြန်မာစစ်သားများ တစ်ဦးကို တစ်ဦး ခုတ်သတ်နေပုံ ပုံစံငယ်များအပြင် နှစ်မီတာခန့်မြင့်သော ဘိန်းပင်ပုံစံငယ်တို့ကိုလည်း တွေ့ရသည်။

ဖန်သားပြင်တစ်ခုတွင် မြန်မာနိုင်ငံ၏ မြေပုံကို ဖော်ပြထားပြီး ၂၀၁၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကင်းစင်ရမည်ဟူသော စာတန်းကို ရေးထိုးထားသည်။ ရဲမှူး ညီညီလင်းက ထိုဖန်သားပြင်ကို ကြည့်ပြီး ဒီစီမံကိန်းကို နောက်ထပ် ငါးနှစ် သက်တမ်းတိုးထားပါတယ်ဟု ပြောသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို အဝေးပြေးလမ်းမ တည်ဆောက်ရေး စီမံကိန်းကဲ့သို့ သဘောထားနေသည့် အလားပင်ဖြစ်သည်။

Nyein Su Wai Kyaw Soe / Frontier

ရဲမှူး ညီညီလင်းသည် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆောင်ရွက်လာသည်မှာ ၃၅ နှစ် ကြာပြီဖြစ်သည်။ သူက အလွန် စိတ်ရှည်သူလည်း ဖြစ်သည်။ ယခင်က ပြည်ထဲရေးဝန်ကြီးဌာန၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနတွင် အရာရှိအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ နိုင်ငံတာဝန်များ အများအပြားကို ထမ်းဆောင်ခဲ့ရသဖြင့် ကင်ဆာရောဂါပင် ရရှိခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်ရဲ့ အစာအိမ်၊ သည်းခြေနဲ့ ပန်ကရိယာတွေကို တာဝန်ပိုတွေ ထမ်းဆောင်စေပြီး နိုင်ငံ့အတွက် ပေးဆပ်ခဲ့တာပါ” ဟု သူက ပြောသည်။

ပြန်လည်နေကောင်းလာသောအခါ ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိနေသည့် ယခုမူးယစ်ပြတိုက်၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ နယ်စပ်ဒေသတွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံက နိုင်ငံတကာ မူးယစ်ဆေးဝါး ကုန်သွယ်မှုအတွက် စောင့်ကြည့်ရမည့် စာရင်းတွင် ပါဝင်နေစဉ်တွင် ထိုပြဿနာများကို ဖြေရှင်းလိုသော အစိုးရအတွက် ပြတိုက်က သင်္ကေတ တစ်ခုဖြစ်လာခဲ့သည်။

ထိုပြတိုက်ကို ၂၀၀၁ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု တိုက်ဖျက်ရေးနေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က တစ်နှစ်လုံး ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ 

Nyein Su Wai Kyaw Soe / Frontier

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင်တည်ရှိသော ထိုပြတိုက်ကြီး၏ ပြတင်းပေါက်များသည် မှောင်မိုက်နေသည်။ ခြံဝင်းအတွင်းရှိသော ရေပန်းကလည်း ခြောက်သွေ့ပြီ သံချေးများ တက်နေသည်။ အရှေ့မှ မြက်ခင်းသည်လည်း ပေါင်းများ ထနေသည်။ မှန်လုံခန်းအတွင်းတွင်  ဖူးပွင့်နေသော ဘိန်းခင်းကြီးကို လယ်သမားရုပ်တစ်ခုက ဖျက်ဆီးနေပုံကို ပြသထားသည်။ ထိုရုပ်ထုသည် သံချေးတက်နေပြီး မီးများလည်း မလင်းတော့ပေ။ သူ၏ လယ်ကွင်းထဲမှ စမ်းချောင်းအတုမှာလည်း ရေဖြည့်မထားသည်မှာ ကြာပြီဖြစ်သည်။

ပြတိုက်အတွင်းမှ ဖန်သားပြင်များ အားလုံးကို လျှပ်စစ်ဖြင့် လုပ်ဆောင်ထားသော်လည်း မဖွင့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဖန်သားပြင်တစ်ခုတွင် လာရောက်လည်ပတ်သော ဧည့်သည်များက မူးယစ်ဆေးများ မီးရှို့ဖျက်ဆီးရန် ရဲသားရုပ်ထုတစ်ခုကို အမိန့်ပေးနိုင်သော ခလုတ်ပါရှိသည်။ ရှိုးတိုးရှန့်တန့် ဖြစ်နေသော ရဲမှူးညီညီလင်းက မီးခလုတ်များကို အလုပ် လုပ်မလုပ် ဖွင့်ပိတ်ကာ စမ်းသပ်ကြည့်နေသည်။ မီးခလုပ်များကို အတန်ကြာဖွင့်ပိတ်လုပ်ပြီးမှ ပြကွက်များတွင် မီးများလင်းလာကာ အသက်ဝင်လာလေသည်။

Nyi Nyi Lynn, the manager of Yangon's National Drug Elimination Museum. (Nyein Su Wai Kyaw Soe / Frontier)

Nyi Nyi Lynn, the manager of Yangon’s National Drug Elimination Museum. (Nyein Su Wai Kyaw Soe / Frontier)

ညီညီလင်းနှင့် သူ၏အဖွဲ့က ထိုပြတိုက်ကို ထိန်းသိမ်းနိုင်ရန် အကောင်းဆုံး လုပ်ဆောင်နေကြသည်။ သို့သော် ဝန်ထမ်း အနည်းငယ်အတွက် လစာပေးထားသည်မှလွဲပြီး ဝန်ကြီးဌာနက ပြတိုက်ကို သူ့နည်းသူ့ဟန်ဖြင့်သာ လည်ပတ်စေသည်။

ပြတိုက်ကို လာရောက်လည်ပတ်သော ဧည့်သည်အများစုသည် လေ့လာရေး ခရီးထွက်သော ကျောင်းသားများ ဖြစ်ကြသည်။ ၎င်းတို့က ပြတိုက်ဝင်ကြေး ပေးရန်မလိုကြပေ။ တစ်ခါတစ်ရံတွင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးအကြောင်းကို ဖတ်ရှုဖူးသော နိုင်ငံခြားသား တစ်ချို့ လာရောက်တတ်ကြသည်။ 

Nyein Su Wai Kyaw Soe / Frontier

ပြတိုက်၏ အဆောက်အဦးပုံစံသည် ထုထည်ကြီးမား ခမ်းနားသော ဒီဇိုင်းမျိုး မဟုတ်ဘဲ နေပြည်တော်မှ အစိုးရ အဆောက်အဦးများနှင့် ဆင်တူနေသည်။ ထိုသို့ ထုထည်ကြီးမား ခမ်းနားသည်မှာ စစ်အစိုးရ၏ ဝါဒဖြန့်မှုသာဖြစ်ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ထိုပြတိုက်ကို ဘာကြောင့် ဆက်လက်ဖွင့်လှစ်ထားရသည်ကို လာရောက်လည်ပတ်သူများက မေးခွန်းထုတ်ကြသည်။

ထိုအတွက် ရဲမှူး ညီညီလင်းတွင် အဖြေရှိနေသည်။

“ပြတိုက် ရန်ကုန်မှာ ရှိသေးလား ဆိုတာတောင် ဒီအစိုးရက မသိပါဘူး။ ဒါပေမဲ့ ရန်ကုန်က လူတွေ အတော်များများကတော့ ကျွန်တော်တို့ ပြတိုက်ရဲ့ မြေနေရာကို စိတ်ဝင်စားကြတယ်။

“သူတို့ကတော့ နာမည်ကြီး အိမ်ယာလုပ်ငန်းရှင်တွေပါ။ သူတို့က Junction Square နဲ့ ကပ်လျှက်ရှိနေတဲ့ ပြတိုက်ရဲ့ မြေနေရာကို စိတ်ဝင်စားကြတယ်။ ဒီမြေနေရာက တစ်စတုရန်းပေကို ကျပ် ၇၀၀,၀၀၀ တန်တယ်” ဟု သူက ပြောသည်။

Nyein Su Wai Kyaw Soe / Frontier

သူ၏ အဆိုအရ ပြတိုက်မြေနေရာကို နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် မိသားစုထံ ရောင်းချရမည့် အခြေအနေတစ်ခု တစ်ချိန်က ရောက်ရှိခဲ့သည်ဟု ဆိုသည်။ Junction Square မြေနေရာကိုလည်း ထိုသို့ ရောင်းချခဲ့ခြင်းပင် ဖြစ်သည်။ ထိုနေရာ နှစ်ခုစလုံးသည် ယခင်က ရန်ကုန်မြို့၏ အကြီးမားဆုံး သုသာန်တစ်ခု ဖြစ်ခဲ့သည်။

မြို့တော် နေပြည်တော်သည် ပြတိုက်၏ ဂုဏ်ကျက်သရေကို ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် မြို့တော်ကို နေပြည်တော်သို့ ပြောင်းလဲလိုက်သော အခါတွင် ရန်ကုန်တွင် ပြတိုက်နှစ်ခုသာ ကျန်ခဲ့သည်။ တစ်ခုမှာ အမျိုးသားပြတိုက်ဖြစ်သည်။ ထိုသို့ဖြင့် နိုင်ငံခြားမှ လာရောက်သော အရေးကြီးပုဂ္ဂိုလ်များကို ပြသစရာတစ်ခု အစိုးရတွင် ကျန်ရှိနေစေသည်။ ပြတိုက်သို့ လာရောက်ခဲ့သည့် ဧည့်သည်များထဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်လည်း ပါဝင်သည်။

ယခုဆိုလျှင် ထိုပြတိုက်၏ မြေနေရာသည် ပိုမိုလုံခြုံသွားပြီ ဖြစ်သည်။ NLD အစိုးရက အဂတိလိုက်စားမှုဟု အစွတ်စွဲခံပြီး ထိုမြေနေရာကို ပုဂ္ဂလိက မြေယာဖွံ့ဖြိုးရေး လုပ်ငန်းရှင်ထံများထံသို့ ရောင်းချမည် မဟုတ်ပေ။ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ၂၀၀၁ ခုနှစ်က ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့သော စီမံကိန်းကို အနှောင့်အယှက် ပေးလိုမည် မဟုတ်ပေ။

Nyein Su Wai Kyaw Soe / Frontier

ယခုအခါ ပြတိုက်သည် ၎င်း၏ ကံကြမ္မာကို ၎င်းကိုယ်တိုင် ကိုင်တွယ်ထားသည်။ ရဲမှူး ညီညီလင်းကလည်း ဘာမျှ ပြောင်းလဲမှုများ လုပ်ဆောင်မထားပေ။

သူက သူ၏ ပြတိုက်အတွက် ယုံကြည်မှု ရှိနေသည်။ “ဒီပြတိုက်ကို လာရောက်လည်ပတ်တဲ့ ကျောင်းသားတွေက မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို သိရှိသွားမှာပါ” ဟုသာ သူက ရိုးသားစွာပဲ ပြောသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို မဖြေရှင်းနိုင်သေးသောကြောင့် သူ၏ ပြတိုက်သည် အသုံးဝင်နိုင်သေးသည်။ သူကလည်း ပြတိုက်ကို စတင်ဖွင့်လှစ်သည့် နေ့ကတည်းကအတိုင်း ဘာတစ်ခုမျှ အပြောင်းအလဲ လုပ်ဆောင်မထားပေ။ ၂၀၀၄ ခုနှစ်တွင် အာဏာပြိုင်ဆိုင်မှုဖြင့် ဗိုလ်ချုပ်ကြီးခင်ညွန့် အဖမ်းခံရပြီးနောက် သူ၏ ရုပ်ပုံများကို ပြတိုက်အတွင်းမှ ဖယ်ရှားခဲ့သည်သာ ရှိခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် စစ်တပ် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဖြစ်သည်။

Nyein Su Wai Kyaw Soe / Frontier

ပြတိုက်အတွင်းမှ ပြခန်း ပြကွက် ပစ္စည်းများကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒေါ်နုမြတ်စံက ဒီဇိုင်းဆွဲပေးခဲ့သည်။ သူမက  အမျိုးသားပြတိုက်ကိုလည်း ဒီဇိုင်းဆွဲပေးခဲ့သူ ဖြစ်သည်။ မူးယစ်ပြတိုက်တွင် ပေါ်တူဂီ ကိုလိုနီခေတ်ကစတင်ပြီး ဗြိတိသျှ ဘိန်းစစ်ပွဲ အချိန်များအထိ သမိုင်းများကို ဖော်ကျူးထားသည်။ သူတို့က ဘိန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာပြီး လူတစ်ဦးချင်းစီသာမက တော်လှန်ရေးတွင် ပါဝင်သူများကို ဘိန်းစွဲစေခဲ့သည်။

ပြတိုက်အပေါ်ထပ်တွင် ဘိန်းနှင့် မက်တာဖက်တမင်း (စိတ်ကြွဆေး) များ၏ ဆိုးကျိုးများကို ဖန်သားပြင်ဖြင့် ပညာပေး စာတန်းများ ထိုးထားပြီး ဘိန်းအစားထိုး စိုက်ပျိုးသော သီးနှံပုံများ၊ အစိုးရက ဆောက်လုပ်ပေးခဲ့သော တံတားနမူနာပုံစံများ အပြင် ဗိုလ်ချုပ်ကြီးများနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော တိုင်းရင်းသား ခေါင်းဆောင်များ လက်ဆွဲနှုတ်ဆက်နေပုံတို့ကို ပြသထားသည်။

ထိုပြတိုက်တွင် ဖော်ကျူးထားသည်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများနှင့် လောဘများ အကြောင်း မပါဝင်ပေ။ ပြတိုက်ကို ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းထောင့်တွင် တွေ့မြင်နိုင်သည်။

ရဲမှူးညီညီလင်းသည် လာမည့်နှစ်တွင် အငြိမ်းစား ယူတော့မည် ဖြစ်သည်။ သူ့နေရာကို မည်သူအစားထိုးမည်ကို သူမသိပေ။ သို့သော် နောက်လာမည့် လူများကလည်း ထိုသို့ ကောင်းမွန်သော အလုပ်တစ်ခုကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သူက ယုံကြည်ထားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.