သဘာဝတရားကို ခြိမ်းခြောက်နေသောဝမ်းရေး(ဝါ) ရွှေတူးဖော်မှု

ကချင်ပြည်နယ်က အင်းတော်ကြီးကန်ဝန်းကျင်မှာ နေထိုင်ကြတဲ့ လူမှုအဖွဲ့အစည်းတွေအဖို့ အသေးစားရွှေတူးဖော်မှုဟာ အဓိကဝင်ငွေလမ်းကြောင်းဖြစ်ပေမဲ့ ကန်ကြီးရဲ့ဂေဟစနစ်ဆိုတဲ့ အပင်တွေနဲ့ သတ္တဝါတို့ရဲ့သဘာဝဝန်းကျင်နဲ့လိုက်လျောညီထွေဖွဲ့တည်မှုကို ထိခိုက်စေပါတယ်။

စာသား – ခွန်လီ၊ ဓာတ်ပုံ – ခွန်လီ၊ ငြိမ်းဆုဝေကျော်စိုး

အင်းတော်ကြီးဒေသကို သဘာဝဘေးမဲ့တော Indawgyi Wildlife Sanctuary အဖြစ် ၁၉၉၉ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ကုလသမဂ္ဂ၏ ယူနက်စကိုအဖွဲ့က လူနှင့်ဇီဝရပ်ဝန်းဒေသအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည့် ဒေသတခုအဖြစ် ၂၀၁၇ ခုနှစ် ဇွန်လတွင် အင်းတော်ကြီးဒေသကို အသိအမှတ်ပြုခဲ့သည်။ ထိုနှစ်မတိုင်ခင် ၂၀၁၆ တွင် ပဲခူးတိုင်း ဝေါမြို့နယ်ရှိ မိုးယွန်းကြီးဒေသပြီးလျှင် ဒုတိယမြောက် ရမ်ဆာရေတိမ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသည်။

အင်းတော်ကြီးအိုင်မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်ရှိပြီး ကမ္ဘာကျော် ရေချိုအိုင်ကြီးများစာရင်းဝင်ကာ အရှေ့တောင်အာရှတွင် တတိယအကြီးဆုံးဖြစ်သည်။ အကျယ် ၈ မိုင်နှင့် အလျား ၁၅ မိုင်ခန့်ရှိပြီး ရေပြင်ဧရိယာ စတုရန်းမိုင် ၁၀၀ ခန့်ရှိရာ အင်းလေးကန်၏ နှစ်ဆနီးပါးကျယ်ဝန်းသည်။ အင်းတော်ကြီးဒေသတွင် ကျေးရွာအုပ်စုပေါင်း ၁၁ ခု ရွာပေါင်း ၃၆ ရွာရှိသည့်အနက် ၁၃ ရွာမှာ အင်းတော်ကြီးကန် ဘေးနုတ်ခမ်းတွင် တည်ရှိသည်။ အင်းတော်ကြီးကန်၏ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဇူစေတီတော်ကို တည်ထားသည်။

အင်းတော်ကြီးကန်သည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဇူဘုရားကြီးသည်ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီး ဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်သွားတတ်သည်။ ဘုရားပွဲတော်သည် အနီးချုပ်စပ်နှင့်ရပ်ဝေးဧည့်သည်များဖြင့် စည်ကားလေ့ရှိသည်။

ဓာတ်ပုံ - ခွန်လီ(အပေါ်ဆုံး၊ ဝဲ၊ အောက်ဆုံး)၊ ငြိမ်းဆုဝေကျော်စိုး(ယာ)

ဓာတ်ပုံ – ခွန်လီ(အပေါ်ဆုံး၊ ဝဲ၊ အောက်ဆုံး)၊ ငြိမ်းဆုဝေကျော်စိုး(ယာ)

ရှမ်းနီလူမျိုးမှာ အများစုဖြစ်ပြီး ခန့်မှန်းခြေ လူဦးရေမှာ ၃၅,၀၀၀ ခန့်ရှိကာ လယ်ယာစိုက်ပျိုးခြင်းနှင့် ငါးဖမ်းခြင်းတို့အပြင် တရားမဝင် ရွှေတူးခြင်းတို့ဖြင့်အသက်မွေးကြသည်။အင်းတော်ကြီး ဒေသတဝိုက် ကျေးရွာများ၌ အိမ်ဆောက်လုပ်ရာတွင် သစ်ကိုအဓိကထား အသုံးပြုကြပြီး အိမ်တစ်အိမ်ဆောက်လုပ်ရန် သစ် ၁၅ တန် မှ တန် ၃၀ အကြားအသုံးပြုကြရသည်။

မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁,၁၂၁ မျိုး ရှိသည့်အနက် ၅၆၆ မျိုးခန့်ကို အင်းတော်ကြီးတဝိုက်တွေ့ရနိုင်ပြီး အဆိုပါအရေအတွက်မှာ မြန်မာနိုင်ငံရှိ ငှက်မျိုးစိတ် တဝက်ခန့်ကို တနေရာတည်း၌ တစုတဝေး တွေ့ရနိုင်သည့် တခုတည်းသောနေရာဖြစ်သည်။ ယင်းတို့ထဲတွင် ရှားပါးလင်းတမျိုးများဖြစ်သည့် White-rumped vulture နှင့် Slender-billed vulture တို့ကဲ့သို့ ကမ္ဘာတွင်မျိုးသုဉ်းမည့်အန္တရာယ်နှင့်တွေ့ကြုံနေရသော ငှက်မျိုးစိတ် ၁၀ မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေငှက်မျိုးပေါင်း ၂၀,၀၀၀၊ တကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလုဖြစ်နေသော လိပ် ၅ မျိုးနှင့် ဤဒေသတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့ကို တစုတစည်းတည်း တွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသ တစ်ခုဖြစ်သည်။

ဓာတ်ပုံ - ခွန်လီ

ဓာတ်ပုံ – ခွန်လီ

အင်းတော်ကြီးအင်း၏ အခြားအင်းများနှင့်မတူသော အချက်မှာ အင်းပေါ်မှာ လူနေထိုင်မှုမရှိခြင်းဖြစ်သည်။ အင်းတော်ကြီးတဝိုက် နေထိုင်ကြသည့် ပြည်သူများ၏ နိစ္စဓူဝ ဝမ်းရေးဖြေရှင်းမှုသည် အင်းတော်ကြီးအိုင်၏ သဘာဝတရားကို ခြိမ်းခြောက်မှု ဖြစ်လာသည်။ တရားမဝင်ရွှေတူးခြင်း၊ သစ်ပင်ခုတ်ခြင်းနှင့် အသုံးမပြုတော့သည့်ငါးဖမ်းပိုက်များ အင်းအတွင်းသို့ စည်းမဲ့ကမ်းမဲ့စွန့်ပစ်ခြင်းမှာလည်း အင်းအတွက်ကြီးမားသော ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်လာသည်။

တရားမဝင်ရွှေတူးခြင်းမှာ ရှေးယခင်ကတည်းကရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ စက်ယန္တရားကြီးများ အသုံးပြုတူးဖော်ခြင်းများကြောင့် ပြဒါးဓာတ်များနှင့် အနယ်ပို့ချမှု များပြားလာပြီး ဧက ၂၀၀ ကျော်မှာ နှုန်းမြေအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

တနိုင်တပိုင်စက်အသေးဖြင့် ယနေ့တိုင်တူးဖော်နေကြပြီး အင်းအတွင်းသို့ နှုန်းမြေပို့ချမှုသည်လည်းရှိနေဆဲပင်။ အင်းတော်ကြီးအင်း အနောက်ဘက်သို့ ဆိုင်ကယ်ဖြင့် ၁၀ မိနှစ်ခန့် မောင်းသွားပါက လက်ရှိတူးဖော်နေသော ရွှေလုပ်ကွက်အများအပြားနှင့် စွန့်ပစ်ထားခဲ့သော ရွှေလုပ်ကွက်အချို့ကို တွေ့ရပါသည်။

မိုင်းနှောင်မှော်၊ ဝေးသွင်းကျောက်မှော်၊ ကျောက်သင်ပုန်းမှော်၊ မမှုံကိုင်မှော်နှင့် နန့်ပတဲမှော်တို့သည် နာမည်ကြီးရွှေမှော်များဖြစ်ကြပြီး ယနေ့တိုင် အသေးစားတူးဖော်မှုများရှိနေဆဲဖြစ်သည်။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“တစ်နေ့ကို ရွှေ ငါးရွှေးကနေ ခုနစ်ရွှေးလောက်တော့ရတယ်။ ဒီနေရာဟာ အရင်က စက်ကြီးတွေနဲ့တူးတဲ့ နေရာတွေလေ။ အခုအစိုးရက ပိတ်လိုက်တော့ ကျွန်တော်တို့လိုလက်လုပ်လက်စားတွေက ဒါကို အားကိုးနေရတုန်းပဲ။ ဒီနေ့ဆို ကျောင်းပိတ်လို့ တမိသားစုလုံး လာတူးကြတယ်” ဟု မမှုံကိုင်ကျေးရွာမှ ဦးစိန်လွင်က ပြောသည်။ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

အင်းတော်ကြီး၏ကမ်းစပ်မှ ကျေးရွာ ၁၃ ရွာမှာ ငါးဖမ်းလုပ်ငန်းကို အဓိကထား လုပ်ဆောင်ကြပြီး ငါးဖမ်းပိုက်အဟောင်းများစွာကို အင်းထဲသို့စွန့်ပစ်ထားကြသည်။ ထိုစွန့်ပစ်ပိုက်များမှာ ရေမှော်များကပ်ငြိကာ ပိုက်တလျှောက်ရှည်လျားကြီးမားသည့် ရေမှော်တန်းကြီးအဖြစ် အသွင်ပြောင်းပြီး အင်းထဲရှိငါးများ ငြိမိကာသေဆုံးခြင်း၊ တခါတရံ ရေငုပ်ငါးရှာသော ဆောင်းခိုငှက်အချို့လည်း ပိုက်နှင့်ငြိမိ၍ သေဆုံးခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

“အင်းကိုထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဒေသခံအဖွဲ့အစည်းတွေက ဒီပိုက်တွေကို ဆယ်ယူဖယ်ရှားတာတွေ လုပ်နေပေမဲ့ လူအင်အားနဲ့ ခေတ်မီနည်းပညာပိုင်း စိမ်ခေါ်မှုတွေရှိနေပါတယ်။ လက်ဗလာနဲ့ အင်းထဲက ပိုက်တွေလိုက်ဆယ်ရင် ပိုက်မှာငြိနေတဲ့ငါးတွေ အများကြီးရတယ်။ တချို့ကပုပ်ပွပြီးသေဆုံးနေကြတယ်” ဟု အင်းတော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နေသော အင်းချစ်သူအဖွဲ့မှ ကိုပေါလေးကပြောသည်။

အင်းတော်ကြီးကို ကာကွယ်စောင့်ရှောက်နေသော အဖွဲ့အစည်း ၃ ခုရှိပြီး ပထမဆုံးအဖွဲ့ဖြစ်သည့် အင်းတော်ကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းကို ၂၀၁၂ ခုနှစ်၊ အင်းချစ်သူအဖွဲ့ကို ၂၀၁၃၊ INFA အဖွဲ့ကို ၂၀၁၇ တို့တွင် အသီးသီးဖွဲ့စည်းခဲ့သည်။

အင်းတော်ကြီးအိုင်ကို ကမ္ဘာအရပ်ရပ်မှ ငှက်ဝါသနာရှင်များနှင့် ငှက်ပညာရှင်များ လာရောက်လေ့လာလေ့ရှိပြီး နိုင်ငံခြားသားများ ညအိပ်ခွင့်ကိုမူ အင်းတော်ကြီးအနီးရှိ လုံးတုံမြို့ တစ်မြို့မှာသာ အစိုးရကခွင့်ပြုထားသည်။

အင်းတော်ကြီးပတ်ဝန်းကျင်တလျှောက် ရှားပါးသော ဆေးဖက်ဝင်အပင်များအပါအဝင် မြေကြီးတွင်ပေါက်သော သစ်ခွနှင့် မြေကြီးပေါ်ပေါက်သော ကြာပန်းကဲ့သို့ ရှားပါးလှသည့် အပင်များကိုလည်း တွေ့ရသည်။

အင်းတော်ကြီးပတ်ဝန်းကျင်ဒေသတဝိုက် ရွှေတူးဖော်ခြင်းကြောင့် နုန်းမြေပို့ချမှုမှာ ယနေ့အထိဆက်ရှိနေပြီး နုန်းမြေများ နေ့စဉ်အင်းအတွင်း ပို့ချစီးဝင်နေဆဲဖြစ်သည်။

“စက်ယန္တရားကြီးတွေနဲ့တူးတာက တားဆီးလို့လွယ်တယ်။ စက်အသေးနဲ့တူးတာက တားဆီးဖို့မလွယ်ဘူး။ ဒီမှာတားလိုက်ရင် ဟိုဘက်မှာပြန်သွားတူးနေပြီ။ ဒီနုန်းမြေစီးတာနဲ့ စွန့်ပစ်ငါးဖမ်းပိုက်ကိစ္စက အလေးထား ဆောင်ရွက်ရမယ့်ကိစ္စပဲ” ဟု အင်းချစ်သူအဖွဲ့မှ ကိုပေါလေးကပြောသည်။

ကမ္ဘာ့အမွှေအနှစ်စာရင်းဝင်ပြီး ကုလသမဂ္ဂ၊ ယူနက်စကိုအဖွဲ့က လူနှင့်ဇီဝရပ်ဝန်းဒေသအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် သတ်မှတ်ထားသည့် အင်းတော်ကြီးတွင် အင်းကိုမှီခိုနေသည့် ပြည်သူများ၏ဝမ်းရေးဖြေရှင်းမှုက အင်းကြီး၏သဘာဝတရားကို ခြိမ်းခြောက်နေရာ ယင်းကိုကုစားနိုင်ရန် အဖြေရှာသင့်ကြောင်းနှင့် အင်းတိမ်ကောမှုကိုကာကွယ်ပေးနိုင်သည့် ခေတ်မီနည်းပညာများကိုလည်း ရှာဖွေဖော်ထုတ်ပေးရန် များစွာလိုအပ်နေကြောင်းတွေ့ရှိရသည်။

ခေါင်းစီးဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.