ကူးပြောင်းရေးကာလ ဥပဒေစိုးမိုးရေးကိစ္စ ဆွေးနွေးမှု နည်းပါး – အက်ရှ်လေ ဆောက်သ်

စိန်ခေါ်မှုများ ပြည့်ဝနေသော အသွင်ကူးပြောင်းရေးကာလတစ်ရပ် မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေသဖြင့် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မျှော်လင့်ချက်များ မည်သို့ရှိပါသနည်း။ ထိုင်းနိုင်ငံ ချင်းမိုင်မှ သုတေသန ပါမောက္ခနှင့် မြန်မာနိုင်ငံ၏ လူမျိုးစုနိုင်ငံရေး ကျွမ်းကျင်သူဒေါက်တာ အက်ရှလေ ဆောက်သ်အား  JusticeInfo.net က တွေ့ဆုံမေးမြန်းထားသည်ကို ဖော်ပြပါသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ခုထိဆောင်ရွက်နိုင်တာ အလွန်နည်းလွန်းနေတယ်လို့ ဘာကြောင့်ယူဆရပါသလဲ။

သူရဲ့ရည်ရွယ်ချက်တွေက ဘာတွေလဲလို့ မှန်းဆသတ်မှတ်တဲ့အပေါ်မှာ မူတည်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဥပမာအနေနဲ့ လူမျိုးစုအချင်းချင်း ပဋိပက္ခနဲ့ ဘင်္ဂါလီပြဿနာတွေကို သူဖြေရှင်းပေးနိုင်လိမ့်မယ်လို့ အများကြီး မျှော်လင့်ထားလို့ မရဘူးလို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရင်အစိုးရ စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သူက အမွေဆက်ခံခဲ့ရပြီး အရင်တုန်းကလည်း ဒီကိစ္စကို သူစိတ်ဝင်စားမှု အလွန်နည်းခဲ့တာဆိုတော့ သူ့အတွက် အခက်အခဲရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။

သူ့ဟာ စစ်တပ်က အသုံးချခံထားရသူ တစ်ဦးလ့ို ထင်မိပါသလား။

စစ်တပ်က အသုံးချတာ ခံထားရသူတစ်ဦးလို့တော့ သူ့ကို မထင်မိပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ရှုပ်ထွေးပြီး ပြောင်းလဲနေတဲ့ သြဇာအာဏာနဲ့ပတ်သက်တဲ့ ဆက်ဆံရေးကို သူ တိုးတက်အောင် ကြံဆောင်ကြိုးပမ်းနေတာတော့ ရှင်းပါတယ်။ ဒါကြောင့် လှုပ်ရှားဆောင်ရွက်နိုင်တဲ့ အနေအထားက သူ့အတွက် အကန့်အသတ်တွေ ရှိနေပါတယ်။ စစ်တပ်အဖို့တော့ အနေအထားကောင်းမှာ ရှိနေပြီး သူတို့သွားနေတဲ့ လမ်းကြောင်းက ဖြောင့်ဖြူးနေပါတယ်။

စစ်တပ်က အာဏာကို အတော်လေး ထိန်းချုပ်ထားနိုင်တဲ့အတွက် အာဏာသိမ်းဖို့ မဖြစ်မနေ လိုအပ်လာမှာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့အတွင်းက အဓိကကျတဲ့ ရာထူးနေရာ အတော်များများကို စစ်တပ်က ဆုပ်ကိုင်ထားဆဲဖြစ်ပြီး စစ်တပ်က အရပ်သားအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။

ဒေါက်တာ အက်ရှ်လေ ဆောက်သ်။ ဓာတ်ပုံ - ပံ့ပိုး

ဒေါက်တာ အက်ရှ်လေ ဆောက်သ်။ ဓာတ်ပုံ – ပံ့ပိုး

လူ့အခွင့်အရေး ဖောက်ဖျက်ကျုးလွန်သူတွေကို တရားစွဲဆိုရေး အပါအဝင် အာနန်ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်အရေး  ကြားဖြတ်အစီရင်ခံစာပါ ထောက်ခံတင်ပြချက်တွေကို နိုင်ငံတော် အတိုင်ပင်ခံရုံးက အပြုသဘော တုန့်ပြန်ခဲ့ပါတယ်။ မုဒိန်းမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုစတဲ့ စွပ်စွဲချက်အတော်များများနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို  စွပ်စွဲထားတာတွေ ရှိနေတဲ့အတွက် ဒီကိစ္စကို ဆောင်ရွက်လို့ ဖြစ်နိုင်မယ်လို့ ထင်ပါသလား။

သေချာတာကတော့ ဒါဟာ စိန်ခေါ်မှုတစ်ခုပါ။ အတော်လေး ရာထူးနိမ့်တဲ့ စစ်သားတွေကို တရားရုံးမှာ တရားစွဲဆိုဖို့ စစ်ဘက်က ခွင့်ပြုဖူးတဲ့ အဖြစ်အပျက်တချို့ရှိခဲ့ပါတယ်။ ဥပမာ ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တဲ့ နမူနာတစ်ခုလည်း ရှိပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ စိန်ခေါ်မှုကတော့ သိပ်ကြီးမားပြီး ဘယ်လိုတရားစီရင်မှုမျိုးကို ကျင့်သုံးဖို့ရှိတယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။

အပြည်ပြည်ဆိုင်ရာက ဝင်စွက်နိုင်မယ့် ပြဿနာကလည်း ရှိနေပါတယ်။ အာနန်ကော်မရှင်ရဲ့ အဆိုပြုချက် အများစုကို အကောင်အထည်ဖော်မယ်လို့  နိုင်ငံတော် အတိုင်ပင်ခံရုံးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့  အပြည်ပြည်ဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ ဆောင်ရွက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကိုတော့ လက်မခံခဲ့ပါဘူး။ ဘာကြောင့်လို့ ထင်ပါသလဲ။

အာနန်ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်ကြားချက်အရ ဖွဲ့စည်းခဲ့တယ်လို့ ထင်ပါတယ်။ ကော်မရှင်ကို နိုင်ငံခြားသားတစ်ဦးက ဦးဆောင်ပြီး  နိုင်ငံခြား ကျွမ်းကျင်သူတချို့ ပါဝင်ပါတယ်။ ဒါပေမဲ့ အစိုးရက ဦးဆောင်နေတယ်ဆိုတဲ့အမြင်မျိုး ရှိနေတာကို တွေ့ရပါတယ်။ ဒါဟာ ကွဲလွဲချက်တစ်ခုလို့ပဲ ထင်ပါတယ်။

အာနန်ကော်မရှင်နဲ့ပတ်သက်လို့ ပြောရရင် သူ့ရဲ့အကြိမ်ကြိမ် တောင်းပန်မှုကြောင့် ကိုဖီအာနန်က တာဝန်ယူဖို့ လက်ခံခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ အတိုင်းအတာအရ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ သိသိသာသာ ကွဲပြားခြားနားမှု ရှိပါတယ်။

၂၀၁၆ စက်တင်ဘာက ရန်ကုန် ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ကိုဖီအာနန် မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၆ စက်တင်ဘာက ရန်ကုန် ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ ကိုဖီအာနန် မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကျင်းပဖို့ စီစဉ်ပြီးပါပြီ။ ဒါပေမဲ့ ရက်မသတ်မှတ်ရသေးပါဘူး။

သမိုင်းအစဉ်အလာအရ အရေးအပါဆုံးဖြစ်တဲ့ မူလပင်လုံညီလာခံ ကျင်းခဲ့တဲ့အနှစ် ၇၀ မြောက် နှစ်ပတ်လည်ဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ အခုတော့ ဧပြီ၊ သို့မဟုတ် မေမှာ ဖြစ်မယ်လို့ ပြောနေပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement – NCA) မှာ လက်မှတ်မရေးထိုးခဲ့တဲ့ အဖွဲ့နှစ်ဖွဲ့က လက်မှတ်ရေးထိုးတောင်မှ ကျင်းပရက်က ခန့်မှန်းချက်သာ ဖြစ်ပါတယ်။

လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ  ဘက်စုံငြိမ်းချမ်းရေး တည်ဆောက်ဖို့  ထူးခြားတဲ့ ခြေလှမ်းတွေ လှမ်းဖို့ ဘာအလားအလာတွေ ရှိပါသလဲ။

ဘက်စုံငြိမ်းချမ်းရေးကို ဘယ်လိုအဓိပ္ပာယ်ဖွင့်တယ် ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ (လူနည်းစု) တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုတွေကို ဖြေဖျောက်ပေးဖို့ဆိုရင် ဆွေးနွေးညှိနှိုင်းမှုတွေကို တသီကြီး လုပ်ရမှာ ဖြစ်ပါတယ်။ အမျိုးမျိုး ကွဲပြားခြားနားမှုတွေ ရှိနေတဲ့ လူမျိုးစုတွေဘက်ကလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲက ဒီအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါက ပင်လုံညီလာခံထက် အချိန်ပိုကြာလိမ့်မယ်လို့ ထင်ပါတယ်။

အသွင်ကူးပြောင်းရေးကာလ တရားဥပဒေ စိုးမိုးရေး ပုံစံတချို့အတွက် မြန်မာပြည်သူလူထုက အသင့်ဖြစ်နေပြီလို့ ယူဆပါသလား။

မေးခွန်းကောင်း တစ်ခုပါပဲ။ ခင်ဗျားမေးတဲ့သူ တစ်ဦးချင်းအပေါ်လည်း မူတည်တယ် ထင်ပါတယ်။ ယေဘုယျ ခြုံငုံဖြေဖို့ကတော့ ခက်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတာ သိသိသာသာ နည်းပါတယ်။ ဒါကလည်း မြန်မာနိုင်ငံမှာ အရင်က ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကြောင့် ဖြစ်ပါတယ်။ ၁၉၈၈-၈၉ ခုနှစ်က စစ်တပ်မှာ တာဝန်ရှိတယ်လို့ ပြောဆိုမှုတွေ ရှိသလို (၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း) စစ်တပ်ကြောင့် အသွင်ကူးပြောင်းမှုလုပ်ငန်းတွေ ပျက်စီးခဲ့ရတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။ တောင်းဆိုမှုတွေ ဘယ်လောက်ရှိတယ်ဆိုတာ ပြောရခက်ပါတယ်။ ဒါပေမဲ့ နာကျင်ခံစားခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းတွေနဲ့ အကြီးအကျယ် ထိခိုက်မှုကို ခံစားခဲ့ရတဲ့ လူ့အသိုက်အဝန်းတွေ အများကြီးရှိတာ သေချာပါတယ်။ ဒီလို အမျိုးမျိုး ကွဲပြားနေတဲ့ လူ့အသိုက်အဝန်းမှာ တောင်းဆိုမှုတွေ ပြင်းပြင်းထန်ထန်ရှိမှာ သေချာပါတယ်။ ဒါပေမဲ့ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ရှိမယ်ဆိုတာတော့ အပြောရခက်ပါတယ်။

ဉာဏ်တင်ဘာသာပြန်သည်။

ဤ JusticeInfo.net တွေ့ဆုံမေးမြန်းခန်းကို မူရင်းစာရေးသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ JusticeInfo.net သည် ဆွစ်ဇာလန်နိုင်ငံ Fondation Hirondelle ၏ မီဒီယာစင်မြင့် တစ်ခုဖြစ်ပြီး အောက်စ်ဖို့ အသွင်ကူးပြောင်းရေးကာလ တရားဥပဒေစိုးမိုးရေး သုတေသနဌာနနှင့် ဟားဘတ်လူသားချင်း စာနာရေး အစီအစဉ်၏ မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သော JusticeInfo.net သည် အသွင်ကူးပြောင်းရေး လူ့အဖွဲ့အစည်းများတွင် တရားဥပဒေစိုးမိုးမှုနှင့်ပတ်သက်သော ဖြစ်ပေါ်တိုးတက်မှုသတင်းများနှင့် ဝေဖန်ဆန်းစစ်ချက်များကို ဖော်ပြပေးလျက်ရှိသည်။

ခေါင်းစီးဓာတ်ပုံ – ကေအင်န်ယူ ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ၂၀၁၆ ခု သြဂုတ် ၃၁ ရက်က နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲ၌ မိန့်ခွန်းမပြောကြားမီ ညီလာခံပရိသတ်အား ဂါရဝပြုစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.