“ပြုပြင်ပြောင်းလဲရမယ့် ကိစ္စမှာ စိန်ခေါ်မှုတွေက အများကြီးပါပဲ” ဦးအောင်ကြည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌသစ်ဖြစ်လာမည့် ဦးအောင်ကြည်နှင့် မေးခွန်း ၅ ခု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရအပြီး နှစ်နှစ်ကျော်လာချိန်မှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဖွဲ့စည်းထားရှိတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းဖို့ ခြေလှမ်းစတင်လိုက်ပါပြီ။ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်မှာ နိုဝင်ဘာ ၂၀ ရက်က အဖွဲ့ဝင်အသစ် ၁၂ ဦးရဲ့ အမည်စာရင်းတွေကို တင်သွင်းခဲ့ပြီးနောက် သုံးရက်အကြာမှာ အတည်ပြုဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ အဂတိလိုက်စားမှု ညွှန်းကိန်းတွေကို စောင့်ကြည့်လေ့လာ ထုတ်ပြန်လေ့ရှိတဲ့ Transparency International ရဲ့  ၂၀၁၆ ခုနှစ်စာရင်းအရ စုစုပေါင်း ၁၇၆ နိုင်ငံရှိတဲ့အနက် အဆင့် ၁၃၆ ချိတ်နေတဲ့ မြန်မာနိုင်ငံက အဂတိလိုက်စားမှုကိစ္စတွေကို ကိုင်တွယ်ဖို့ တာဝန်ယူရမယ့်သူကတော့ အသက် ၇၁ နှစ်အရွယ် အငြိမ်းစားဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ဖြစ်ပါတယ်။

သူ့ကို Frontier က ဉာဏ်လှိုင်လင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

အန်ကယ့်လက်ထက်မှာ ကော်မရှင်ကို ဘယ်လိုမျှော်မှန်းဆောင်ရွက်မယ်လို့ စဉ်းစားထားပါသလဲ။

ကျွန်တော်ကတော့ နားနေတာလည်း ကြာပါပြီ။ အဲဒီတော့ ဒီကာလအတွင်း တာဝန်ပေးအပ်လာတယ် ဆိုတော့လည်း ဒါကိုယ်ကျင့်တရားနဲ့လည်း ဆိုင်တယ်။ အရည်အချင်းနဲ့လည်း ဆိုင်တယ်ပေ့ါနော်။ ဒီတာဝန်မျိုး ပေးအပ်လာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း ကျေနပ်ပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ကျွန်တော်လုပ်သွားမယ့် လုပ်ငန်းသဘောကတော့ ဥပဒေရဲ့ ဘောင်အတွင်းကပဲ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရော၊ ပြည်သူလူထုတစ်ရပ်လုံးအတွက် အကာအကွယ်ပေးနိုင်မယ့် အပိုင်းပေါ့လေ။ အဲဒါတွေကို အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာညွှန်းကိန်းတွေအရဆိုရင်လည်း အဂတိလိုက်စားမှုအဆင့် အတော်လေး ဆိုးရွားနေတယ်ဆိုတော့ အန်ကယ့်လက်ထက်မှာ ဘယ်လောက်ထိ ပြုပြင်ပြောင်းလဲဖို့ ဖြစ်နိုင်မလဲ။ မျှော်လင့်ချက်ပေ့ါ။

မဖြစ်သေးတာတွေ ပြောရတာတော့ ခက်တယ်။ နောက်တစ်ခုက အဲဒီကို မရောက်သေးဘူး။ ကျွန်တော် မျှော်မှန်းတာတွေက အခြေခံကင်းမဲ့မှာလည်း စိုးရိမ်တယ်။ အဲဒီဌာနကိုလည်း ရောက်ပြီ၊ လုပ်ငန်ကိုင်ငန်းတွေကိုလည်း သိပြီဆိုမှ မျှော်မှန်းချက်ကို ပြောလို့ရမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရကတော့ သူတို့ဘာတွေလုပ်နေကြလဲ ကျွန်တော်မသိသေးဘူး။ အခု နားလည်ထားတာကတော့ လိုအပ်ချက်လေးတွေ ရှိနေသေးတယ်။ ပိုမိုအကျိုးရှိ ထိရောက်အောင် ပြင်သင့် ပြင်ထိုက်တာတွေလည်း ရှိနေသေးတယ်။ ဒီလောက်ပဲ ကျွန်တော်ပြောချင်ပါတယ်။

ကော်မရှင်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်တဲ့အခါ ပထမဆုံး လုပ်မယ်လို့ စဉ်းစားမိတာ ဘာဖြစ်မလဲ။

လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်မယ်။ အကျိုးအပြစ်တွေ ဆန်းစစ်မယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို စဉ်းစားပါမယ်။ အနာဂတ်အတွက် လိုအပ်တဲ့ စီမံချက်တွေ ပြုစုသွားပါမယ်။

ဘယ်ဟာက စိန်ခေါ်မှုဖြစ်မယ်လို့ မျှော်လင့်ထားပါသလဲ။

စိန်ခေါ်မှုဆိုတာကတော့ များမှာပါ။ တစ်ခုတည်း၊ နှစ်ခုတည်းတော့ ကမယ်မထင်ပါဘူး။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ၊ ကျွန်တော်တို့နိုင်ငံရဲ့ အဂတိတိုက်ဖျက်ရေး ညွှန်းကိန်းက အတော်လေးကို အောက်ကျနေတယ်။ ဒီပေါ်မှာမူတည်ပြီး ကျွန်တော်တို့ဆီ ဝင်ရောက်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေ နည်းနည်းလေး တုံ့ဆိုင်းနေတဲ့ အနေအထားလေးတွေ ရှိနေတယ်။ ဒီအနေအထားကို ပြုပြင်ပြောင်းလဲရမယ့် ကိစ္စမှာ စိန်ခေါ်မှုတွေက အများကြီးပါပဲ။ နှစ်ပေါင်းများစွာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် မလုပ်ခဲ့ဘူးတော့ မဟုတ်ပါဘူး။ လုပ်ကြပါတယ်။ ဒါပေမယ့် မလုပ်နိုင်ခဲ့တဲ့ အပိုင်းတွေရှိသလို တစ်ချို့ကိစ္စတွေကျတော့လည်း အဂတိလိုက်စားတယ်ဆိုတာက အတော်လေး ကျယ်ပြန့်ပါတယ်။ ပညာပေးရေးအပိုင်းတွေ ဘာတွေ အများကြီး လုပ်သွားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘယ်ဟာက ပိုအရေးအကြီးဆုံး ဖြစ်မယ်ဆိုတာကတော့ ကျွန်တော် မပြောနိုင်သေးပါဘူး။ လုပ်နေရင်းနဲ့မှ ပေါ်လာမယ့် ကိစ္စတွေပါပဲ။

ကော်မရှင်ဥက္ကဋ္ဌသစ်တစ်ယောက်အနေနဲ့ ပြည်သူတွေကို ပေးချင်တဲ့သတင်းစကားက ဘာဖြစ်မလဲ။

အခုလောလောဆယ်တော့ ပြောဖို့မရှိသေးဘူးဗျ။ အခုမှ လွှတ်တော်တင်တာပဲ ရှိသေးတယ်။ ခန့်တဲ့အဆင့်ထိ မဖြစ်သေးဘူးလေ။ အဲဒီကာလမှာ အများကြီးပြောဖို့ မသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ်။ လွှတ်တော်က အတည်ပြုပြီးပြီ ဆိုတဲ့အခါ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဦးအောင်ကြည် တာဝန်ယူဖူးသည့် ကဏ္ဍအချို့

အထက်တန်းပြဆရာ၊ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး၊ ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ ဗိုလ်ချုပ်  – အထက်တန်းရှေ့နေ၊ ဒုတိယဝန်ကြီး-လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး – အလုပ်သမားဝန်ကြီးဌာန၊ တပ်မတော်အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ဆောင်ရွက်ရသည့် ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.