“သူတို့နှစ်ဦး လွတ်မြောက်လာသည်အထိ ကျွန်တော်တို့ လုပ်ဆောင်သွားမယ်” – ရိုက်တာ အမှုဆောင် အယ်ဒီတာ

ဖမ်းဆီးခံထားရသည့် သတင်းထောက်နှစ်ဦး လွတ်မြောက်လာရေးအတွက် ၎င်းတို့၏ သတင်းအေဂျင်စီက ဆောင်ရွက်နေမှုများနှင့် အဆိုပါဖမ်းဆီးမှုက မြန်မာနိုင်ငံ၏ မီဒီယာလောကအပေါ် သက်ရောက်မှုများကို ရိုက်တာ၏ အမှုဆောင်အယ်ဒီတာ Mr Reg Chua က Frontier မှ သောမတ်စ် ကင်း(န်)နှင့် ဒီဇင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံ ပြောကြားခဲ့သည်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နဲ့ ပတ်သက်ပြီး အစိုးရက ရိုက်တာကို တရားဝင် ဆက်သွယ်လာတာမျိုးရှိလား။

တရားဝင် ဆက်သွယ်တယ်ဆိုတာက ခင်ဗျား ဘာကိုဆိုလိုသလဲပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ ရဲစခန်းကို မနေ့က သွားခဲ့တဲ့အခါ သူတို့နှစ်ဦးကို လွန်ခဲ့တဲ့နှစ်ရက်က တွေ့ခဲ့တယ်လို့ ရဲအရာရှိက ကျွန်တော်တို့ကို အသိပေးတယ်။ ပစ္စည်းတွေပေးဖို့ ကျွန်တော်တို့ကို အခု ခွင့်ပြုထားတယ်။ အဲဒါတွေကို ရဲကို ပေးပြီး ရဲက သူတို့နှစ်ဦးဆီကို ယူသွားပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် တကယ် အဆက်အသွယ်ဆိုရင် ကျွန်တော်တို့ နဲနဲပဲရတယ်။ သူတို့နှစ်ဦးနဲ့ အဆက်အသွယ်မရဘူး။ မိသားစုတွေကလည်း သူတို့နှစ်ဦးနဲ့ အဆက်အသွယ် မရဘူး။ သူတို့နှစ်ဦးကို ဘယ်လိုပုဒ်မနဲ့ တရားစွဲဆိုမယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တရားဝင် ဆက်သွယ်မှု တစ်စုံတစ်ရာ ရရှိထားခြင်းမရှိဘူး။ သူတို့ရဲ့ အခြေအနေ ဘယ်လိုဆိုတာ ကျွန်တော်တို့ မသိရဘူး။ သူတို့ ဘယ်မှာလဲဆိုတာကို ကျွန်တော်တို့ မသိဘူး။

သူတို့ရဲ့ လုံခြုံရေးအတွက် ခင်ဗျားဘယ်လောက် ပူပန်နေပါသလဲ။

ကျွန်တော်တို့ရဲ့ ပူပန်မှုကတော့ ဆက်လက်ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ သတင်းအချက်အလက် အနည်းငယ်ပဲ ရှိနေသေးတာကိုပဲ။ သူတို့ နေကောင်းရဲ့လား၊ နေမကောင်းဘူးလား၊ ဖျားနာနေသလား၊ ကျွန်တော် မသိဘူး။ သူတို့ရဲ့ ဇနီးသည်တွေနဲ့ ခင်ဗျားစကားပြောကြည့်ရင် သူတို့ ပြောကြလိမ့်မယ်။ သူတို့ တုန်လှုပ်ချောက်ချား စိတ်ပျက်နေကြတယ်။ သူတို့ ဘာသတင်းမှ မကြားဘူး။ ခင်ဗျားမိသားစုနဲ့ အဝေးမှာ တစ်ပတ်လောက်ရောက်နေပြီး သူတို့ ဘယ်မှာ ရောက်နေသလဲဆိုတာကို မသိရဘူးဆိုတာမျိုးကို ခင်ဗျား စဉ်းစားကြည့်ပါဦး။ ကျွန်တော်တို့မှာ သီးခြား စိတ်ပူတာတွေ မရှိပါဘူး။ ဒါပေမယ့် သူတို့ နေထိုင် ကောင်းဖို့အတွက်တော့ ကျွန်တော်တို့ စိတ်ပူပန်နေပါတယ်။

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဒါက ဘာကို ပြနေပါသလဲ။

ပထမဆုံးအနေနဲ့ သူတို့ တစ်စုံတစ်ရာ အမှားလုပ်ခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ သူတို့ အပြစ်ကင်းတယ်လို့ ကျွန်တော်တို့ ထင်တယ်။ သူတို့ဟာ သူတို့အလုပ် သူတို့လုပ်ပြီး အဲဒီအတွက် အဖမ်းခံရတဲ့အဖြစ်က ဆိုးရွားပါတယ်။ သူတို့ကို ပြန်လွှတ်ပေးသင့်ပါတယ်။

ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် သူတို့ကို စွဲဆိုလိမ့်မယ်ဆိုပြီး ပြောကြတဲ့ တရားဝင် လျှို့ဝှက်ချက် အက်ဥပဒေက ကျယ်ပြန့်တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ တကယ့်ပဲ ခင်ဗျားတွေးကြည့်လိုက်ရင် ကျွန်တော်၊ ခင်ဗျားနဲ့ လမ်းပေါ်က ဘယ်သူမဆိုဟာ ဥပဒေက သတ်မှတ်ချက်တစ်ခုခုကို တစ်နေရာရာမှာ ချိုးဖောက်ထားဖွယ် ရှိနေတာပဲ။ ကျွန်တော်ထင်တာတော့ ဒါက ဂျာနစ်လစ်တွေအပေါ် အသုံးပြုသင့်တဲ့ ဥပဒေမဟုတ်ဘူးလို့ ဆိုတာပဲတယ်။ သူတို့နှစ်ယောက်ဆိုရင် စာလုံးတစ်လုံးမှတောင် ပုံနှိပ် ဖော်ပြခြင်းမပြုရသေးပဲနဲ့ ထိမ်းသိမ်းခံထားရပြီ။

လူတွေက ပြောကြတာက ဂျာနယ်လစ်တွေမှာ ထိပ်တန်း ကန့်သတ်ထားတဲ့ စာရွက်စာတမ်းတွေ ရှိနေပြီး ဒါကြောင့် သူတို့က ဥပဒေကို ချိုးဖောက်တယ်၊ တပ်မတော်က အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့အတွက် အမျိုးသား အကျိုးစီးပွားအတွက် ဆောင်ရွက်ရတယ်လို့ ဆိုကြတယ်။ ဒီလိုပြောကြတာတွေကို ခင်ဗျားဘယ်လို ပြန်တုန့်ပြန်ချင်လဲ။

စပြောရရင် ဒါတွေက မှန်လား၊ မှားလားဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ ဒုတိယပြဿနာက ထိပ်တန်း ကန့်သတ် သတင်းအချက်အလက်တွေဆိုတာ ဘာလဲ။ ဂျာနယ်လစ်တွေဆိုတာ သတင်း အချက်အလက်တွေနဲ့ တစ်ချိန်လုံး လုပ်နေရတာ။ လူတွေက သူတို့ဆီကိုလာပြီး သတင်းအချက်အလက်တွေ ပေးမယ်။ ဒါကို ဘယ်ဟာတွေက ပြည်သူတွေအတွက် အကျိုးရှိမယ်၊ ဘယ်ဟာတွေကတော့ မရှိဘူးဆိုတာတွေကို သူတို့က ကောင်းကောင်းဆုံးဖြတ်ပေးရတယ်။ ကျွန်တော်ထင်တာကတော့ တကယ့် ပြဿနာက ခင်ဗျားမှာ သတင်းအချက်အလက်တွေ လက်ဝယ်ရှိနေတာမျိုး မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ များသောအားဖြင့် လူတွေက သတင်းအချက်အလက်တွေ လာပေးတဲ့အခါ ဒါကိုတော့ ကျွန်တော်မလိုချင်ဘူးလို့ ခင်ဗျားပြောလို့ မရပါဘူး။ ခင်ဗျား အဲဒါတွေကို ကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ဂျာနယ်လစ်တွေရဲ့ အလုပ်ပါ။ အကယ်လို့ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာရှိတယ်ဆိုရင် အမှန်တကယ်ကတော့ ခင်ဗျားမှာ ဘာရှိတယ်ဆိုတာထက် ဘာကို ပုံနှိပ် ဖော်ပြခဲ့သလဲ ဆိုတာပါပဲ။ လက်ဝယ်ရှိတာထက်စာရင် အဲဒါက ပိုပြီးတော့ အရေးပါတဲ့နယ်ပယ် ဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာဖြစ်မယ်လို့ ခင်ဗျားထင်သလဲ။ စစ်တပ်က သတင်းစကားတစ်ခုခု ပေးလိုက်တာလား။

ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ ကျွန်တော်လဲ သိရင်ကောင်းမယ်လို့ ဆန္ဒရှိပါတယ်။ သူတို့ ဘာလို့ ဖမ်းဆီးခံခဲ့ရတယ်ဆိုတာနဲ့ သူတို့ (စစ်တပ်)က ဘာလုပ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နဲနဲပဲ သိထားပါတယ်။ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ထင်တာက ဂျာနယ်လစ်တွေ ဖမ်းဆီးခံရမယ်၊ ဂျာနယ်လစ်တွေ ခြိမ်းခြောက်ခံရမယ်၊ ဂျာနယ်လစ်တွေ နှောက်ယှက်ခံရမယ်ဆိုရင် ဒါက ကျန်တဲ့ ဂျာနယ်လစ်အသိုင်းအဝိုင်းကို ကြောက်စရာ အချက်ပြမှု ရှင်းရှင်းလင်းလင်း ပို့လိုက်တာဖြစ်ပါတယ်။ ပြီးတော့ အဲဒါက ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒါက လူ့အသိုင်းအဝိုင်းကြီးအတွက် ပြဿနာဖြစ်ပါတယ်။ နိုင်ငံသားတွေအတွက် ပြဿနာဖြစ်ပါတယ်။ သတင်းအချက်အလက်တွေကို မရရှိဘူးဆိုရင် တကယ် ခံစားရမယ့်သူတွေက နိုင်ငံသားတွေ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံကို ခင်ဗျားလာရောက်ခဲ့ရာမှာ ဘာတွေ အောင်မြင်ဖို့ ကြိုးစားမှာလဲ။ ဘယ်လောက် အကျိုးရှိမှာလဲ။

အကျိုးအရှိဆုံးကတော့ အဖမ်းခံထားရတဲ့သူနှစ်ယောက် ပြန်လွတ်လာဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို မအောင်မြင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ မိသားစုတွေကို တွေ့ဖို့လိုတယ်။ ဗျူရိုနဲ့တွေ့ဖို့ လိုတယ်။ ရှေ့နေတွေနဲ့ စကားပြောဖို့ လိုတယ်။ သတင်းမီဒီယာတွေနဲ့ စကားပြောဖို့ လိုတယ်။ လူမှုအဖွဲ့အစည်းတွေ၊ လေ့လာဆန်းစစ်သူတွေ၊ သံတမန်တွေနဲ့ စကားပြောဖို့ လိုတယ်။ အဲဒါတွေ ကျွန်တော်အောင်မြင်ခဲ့တယ်။ ကျွန်တော်လာခဲ့တယ်။ အခြေအနေတွေကို ကျွန်တော် နားလည်သွားခဲ့တယ်။ ပြီးတော့ ပိုမိုကောင်းမွန်တဲ့၊ အကောင်းဘက်ရောက်တဲ့ ရလာဒ်ရှိစေဖို့ ကျွန်တော် ဆန္ဒရှိတယ်။ သူတို့နှစ်ဦး လွတ်မြောက်လာတဲ့အချိန်အထိ ကျွန်တော်တို့ ဒီလိုလုပ်ဆောင်နေမှာ ဖြစ်ပါတယ်။

အယ်ဒီတာမှတ်ချက်- ဂျာနယ်လစ်များ အဖမ်းမခံရမီအချိန်က မည်သည့်သတင်းကို ရေးသားနေသည်ဆိုသည်နှင့် ၎င်းတို့အား ဖမ်းဆီးမှုမှာ ရခိုင်ပြည်နယ်တွင် အစုလိုက်မြှုပ်နှံထားသည့် အလောင်းများ တွေ့ရှိမှုနှင့် ဆက်စပ်နေသည်ဟု သတင်းများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားရန် Chua က ငြင်းဆိုခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.