ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ဘာ အခက်အခဲတွေ တွေ့နိုင်သလဲ

စည်သူအောင်မြင့် ရေးသားသည်။

နဂို ထုတ်ပြန်ကြေညာထားသလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် သူကိုယ်တိုင် ဦးဆောင် အကောင်အထည် ဖော်နေပါပြီ။

လက်ရှိ သူ အကောင်အထည်ဖော်မယ့် ကိစ္စတွေကတော့ ၂၁ ရာစု ပင်လုံညီလာခံကို အမြန်ဆုံး ခေါ်ယူမယ့် ကိစ္စ၊ အရင် သမ္မတ ဦးသိန်းစိန် အစိုးရက ဖွဲ့စည်းခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန MPC အဖွဲ့ကြီးကို အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC လို့ အမည်ပြောင်းပြီး ပြန်လည် ပြင်ဆင် ဖွဲ့စည်းမယ့် ကိစ္စ၊ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးနောက် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ ပြောင်းလဲသွားတဲ့ အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေ ထည့်သွင်းဖို့ ကိစ္စ စတာတွေ လုပ်ကိုင်နေပါတယ်။

ဒီလို ငြိမ်းချမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေဆဲ ကာလမှာပဲ ရခိုင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် ဖားကန့် ဒေသဘက်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် သိပ်မကြာသေးခင် ကာလတုန်းကပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထား ရပ်တည်ချက်ကို ရှင်းလင်းလာပါတယ်။

တပ်မတော်ရဲ့ သဘောထားရပ်တည်ချက်၊ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တုန့်ပြန်မှု စတာတွေဟာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည် ဖော်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ကိုက်ညီမှု ရှိပါရဲ့လား၊ သူ့အနေနဲ့ ဘယ်လို အတားအဆီး အခက်အခဲတွေ တွေ့နိုင်မလဲ၊ ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ပထမ အရေးကြီးအချက်က ဒေါ်အောင်ဆန်းစုကြည်ကနေ ၂၁ ရာစု ပင်လုံ ညီလာခံ ခေါ်ယူကျင်းပမယ်ဆိုတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် ၂၁ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဒါဟာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က လုပ်သွားတဲ့ ငြိမ်းချမ်းရေး ညီလာခံမျိုးဖြစ်မယ်၊ ဒါကို ဝိုင်းဝန်းကူညီကြမယ်ဆိုပြီး ပြောခဲ့ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံဟာ သမ္မတ ဦးသိန်းစိန် အစိုးရ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံနဲ့ ခြားနားပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံဟာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ မြို့ပေါ် နိုင်ငံရေး အင်အားစုတွေ၊ မြို့ပေါ်က အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေကိုပဲ တရားဝင် တက်ရောက် ဆွေးနွေးခွင့်ပေးတာပါ။ အပစ်မရပ်သူတွေကိုတော့ လေ့လာသူအဖြစ်လောက်ပဲ ဖိတ်တာမျိုး ဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် ရည်ရွယ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကတော့ အပစ်ရပ်လက်မှတ် ထိုးထားပြီးသူတွေရော လက်မှတ် ထိုးမထားရသေးသူတွေကိုပါ စုံစုံလင်လင် တက်ရောက်ဆွေးနွေးခွင့်ပေးမယ့် ညီလာခံမျိုး ဖြစ်ပါလိမ့်မယ်။

အပစ်ရပ်စာချုပ် ချုပ်ဖို့ မလိုဘူး၊ နိုင်ငံရေးပြဿနာ ပြေလည်ရင် ပစ်ခတ်နေတာတွေ သူ့အလိုလို ရပ်စဲသွားလိမ့်မယ်ဆိုတဲ့ မူကို ဆက်ပြီး ကိုင်စွဲထားလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ညီလာခံကျင်းပရေး ဆပ်ကော်မတီ နှစ်ခု ဖွဲ့စည်းပြီး တစ်ခုဟာ အပစ်ရပ် လက်မှတ်ထိုးထားသူတွေနဲ့ ညီလာခံ အတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာတွေ လုပ်ပါလိမ့်မယ်။ နောက်တစ်ဖွဲ့ကတော့ အပစ်ရပ် လက်မှတ်ထိုးမထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်၊ တွေ့ဆုံ၊ ညီ်လာခံအတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာတွေ လုပ်ပါလိမ့်မယ်။

ဒါဟာ နိုင်ငံရေး ဆွေးနွေးပွဲကြီးမှာ အပစ်ရပ် မထားသူတွေကိုလည်း ပါဝင်ခွင့်ပေးမယ် ဆိုတဲ့ကိစ္စမို့ တပ်မတော်ဘက်က သဘောတူပါ့မလား ဆိုတာ မေးခွန်းထုတ်စရာပါ။ အကြောင်းကတော့ တပ်မတော်ဘက်က လက်နက်ကိုင် တိုင်းရင်းသားတွေအနေနဲ့ ပထမ အဆင့် အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုး၊ ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်ခွင့်ပေးမယ်ဆိုတဲ့ မူကို ဆုပ်ကိုင်ထားလို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ကြုံတွေ့ရနိုင်တဲ့ အခက်အခဲ တစ်ခုက တပ်မတော်ဘက်ကရော လက်နက်ကိုင် တိုင်းရင်းသားတွေဘက်ကပါ အားလုံး သဘောတူညီထားပြီ ဖြစ်တဲ့ NCA စာချုပ်ကြီးမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ လက်မှတ် ထိုးလာအောင် စည်းရုံး ဆွဲဆောင်နိုင်ရေးပါ။

သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းကတော့ KIA, SSPP/SSA, NMSP အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့ဟာ NCA လက်မှတ်ထိုးရာမှာ အစိုးရဘက်က ကိုးကန့်၊ တအာင်းပလောင် နဲ့ ရခိုင် AA တပ်ဖွဲ့တွေကို အသိအမှတ်မပြု၊ လက်မှတ်ထိုးခွင့် မပေးလို့ သူတို့လည်း လက်မှတ်မထိုးဘဲ နေခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောထားဟာ အဲဒီ ကိုးကန့်၊ တအာင်းနဲ့ ရခိုင် AA လက်နက်ကိုင် သုံးဖွဲ့ကို NCA မှာ လက်မှတ်ထိုးဖို့ ခွင့်မပြုပါဘူး။ အဲဒီ သုံးဖွဲ့အနေနဲ့ လက်နက်စွန့်ရမယ်၊ လက်နက်စွန့်ပြီးနောက်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင် လိုချင်တာတွေ တောင်းဆိုပြီး အရင်သဘောထားကို ထပ်ပြီး ပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာလည်း KIA အပါအဝင် လက်နက်ကိုင် အဖွဲ့တချို့က နဂို သူတို့ မူလ ကိုင်စွဲထားတဲ့ အားလုံးပါဝင်ခွင့်ရမှ လက်မှတ်ထိုးမယ်ဆိုတဲ့ မူကိုလည်း မပြောင်းလဲသေးပါဘူး။

KIA ဆိုရင် တစ်ဖွဲ့ချင်းတောင်မှ အစိုးရနဲ့ အပစ်အခတ် ရပ်စဲကြောင်း လက်မှတ်ထိုးထားတာ မရှိပါဘူး။ သူတို့ရဲ့ အယူအဆကတော့ အပစ်ရပ်စာချုပ် ချုပ်ဖို့ မလိုဘူး၊ နိုင်ငံရေးပြဿ     နာ ပြေလည်ရင် ပစ်ခတ်နေတာတွေ သူ့အလိုလို ရပ်စဲသွားလိမ့်မယ်ဆိုတဲ့ မူကို ဆက်ပြီး ကိုင်စွဲထားလို့ပဲ ဖြစ်ပါတယ်။

အဲလို တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကြား ညှိမရ နှိုင်းမရ ဖြစ်နေတဲ့ အခြေအနေအောက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တစ်တိုင်းပြည်လုံးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားအောင်၊ သေနတ်သံတွေ တိတ်သွားအောင်၊ ကျန်နေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ NCA စာချုပ်မှာ လက်မှတ် လာထိုးကြအောင် လုပ်ရကိုင်ရ ခက်ခဲစေမှာ ဖြစ်ပါတယ်။

တကယ့်တကယ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တစ်တိုင်းပြည်လုံးမှာ အပစ်ရပ်ပြီး သေနတ်သံတွေ ဆိတ်သုဉ်းသွားအောင်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် လုပ်ချင်တယ် ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒ တစ်ခုကို ချမှတ်ပြီး ပထမ အဆင့် တပ်မတော်ဘက်က သဘောတူလာအောင် အရင် ညှိနှိုင်းတိုင်ပင်ဖို့ လိုပါတယ်။

တပ်မတော်နဲ့ သဘောတူညီချက်ရပြီဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်ပြီး ဆွေးနွေးတိုင်ပင်သွားတဲ့ နည်းလမ်းကသာ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ခရီးကို ပေါက်ရောက်အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.