လာမယ့်နှစ် မြန်မာ့စီးပွားရေး ဘယ်လောက် တိုးတက်နိုင်သလဲ

စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးခြင်း၊ ပြည်ပဝင်ငွေ လျော့ကျသွားခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းတို့ကြောင့် အင်န်အယ်လ်ဒီအစိုးရ၏ ပထမဆုံး ဘတ်ဂျက်ရေးဆွဲမှုမှာ အားရစရာကောင်းအောင် တိုးတက်မလာသေးချေ။  

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် အင်န်အယ်လ်ဒီ အမတ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ရဲ့ စတုတ္တအကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွေ ကျင်းပနေချိန် ဖြစ်ပါတယ်။ ဒီတစ်ကြိမ် လွှတ်တော်မှာ အဓိကထား ဆွေးနွေး နေကြတာကတော့ အင်န်အယ်လ်ဒီ အစိုးရက ရေးဆွဲပေးထားတဲ့ ၂၀၁၇-၁၈ ခုနှစ်အတွက် ဘတ်ဂျက် လျာထားချက်ကို အတည်ပြုကြဖို့ပါ။

မြန်မာနိုင်ငံမှာ ဘတ်ဂျက်နှစ်တွေကို ဧပြီလ ၁ ရက်မှာ စတင်ပြီး နောက်တစ်နှစ် မတ်လ ၃၁ ရက်မှာ ပြီးဆုံးတာမျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကတော့ အစိုးရဟာ အရင်သမ္မတ ဦးသိန်းစိန် အစိုးရက ရေးဆွဲ၊ ပြည်ခိုင်ဖြိုးလွှတ်တော်က အတည်ပြုပေးခဲ့တဲ့ ဘတ်ဂျက် လျာထားချက်တွေအတိုင်း သုံးစွဲလုပ်ကိုင် ဆောင်ရွက်ခဲ့ကြတာပါ။

အခုနှစ်က စပြီးတော့မှ အင်န်အယ်လ်ဒီဟာ ကိုယ့်ဘတ်ဂျက် ကိုယ့်ဖာသာကိုယ် ရေးဆွဲ၊ အတည်ပြုပြီး အဲဒီ ဘတ်ဂျက်လျာထားချက်အတိုင်း အစိုးရအဖွဲ့ လည်ပတ်ရမှာ ဖြစ်ပါတယ်။ အခုနှစ် ရေးဆွဲတဲ့ဘတ်ဂျက်ဟာ ပြီးခဲ့တဲ့နှစ်က ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်နဲ့ ဘာများ ကွာခြားနေသလဲ၊ လာမယ့်ဘဏ္ဍာနှစ် မြန်မာ့စီးပွားရေး တိုးတက်ဖို့ အလားအလာ ရှိရဲ့လား၊ ဘာအခက်အခဲတွေများ ကြုံရနိုင်သလဲဆိုတာ ခုတစ်ပတ်ဆွေးနွေး တင်ပြသွားပါ့မယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ် ဘတ်ဂျက်လျာထားချက်ဟာ အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် နောက်ဆုံးနှစ် ဘတ်ဂျက်လျာထားချက် အတိုင်းပဲ တိုးလည်း မတိုးတက်၊ ဆုတ်လည်း ဆုတ်ယုတ်မသွားအောင် ရေးဆွဲထားတာ တွေ့ကြရပါတယ်။

၂၀၁၆-၁၇ ဘတ်ဂျက်စာရင်းမှာ အစိုးရအဖွဲ့ဝင်ငွေဟာ ကျပ်ငွေ ၁၇ ထရီလျံ ဖြစ်ပြီး သုံးမယ့်ငွေကတော့ ကျပ်ငွေ ၂၁ ထရီလျံနီးပါး ရှိတာတွေ့နိုင်ပါတယ်။ ဘတ်ဂျက်လိုငွေက ၄ ထရီလျံနီးပါး ဖြစ်ပြီး လိုငွေနဲ့ ဂျီဒီပီ အချိုးဟာ ၄ ဒသမ ၅ ရာခိုင်နှုန်းလို့ ခန့်မှန်းထားတာ တွေ့နိုင်ပါတယ်။ အလားတူ အခု အင်န်အယ်လ်ဒီ အစိုးရကိုယ်တိုင် ရေးဆွဲတဲ့ ဘတ်ဂျက်မှာလည်း အစိုးရအဖွဲ့ဝင်ငွေ ၁၇ ထရီလျံနီးပါး၊ သုံးငွေ ၂၁ ထရီလျံနီးပါး ဖြစ်ပြီး လိုငွေ ၄ ထရီလျံ ကျော်ပါတယ်။

ဘတ်ဂျက် လျာထားချက် မတိမ်းမယိမ်း၊ ဒါမှမဟုတ် အတူတူနီးပါးလောက် ဖြစ်တယ် ဆိုပေမဲ့ လိုငွေပမာဏဟာ အရင်နှစ်ကထက် ကျပ် ဘီလျံ ၃၇၀ ကျော် ပိုများနေတာ တွေ့ကြရပါတယ်။ လိုငွေနဲ့ ဂျီဒီပီ အချိုးဟာ ၄ ဒသမ ၅ ရာခိုင်နှုန်းကျော်ပါတယ်။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် နောက်ဆုံးနှစ်နှစ်မှာ လိုငွေနဲ့ ဂျီဒီပီ အချိုး ၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ၃ ဒသမ ၂ ရာခိုင်နှုန်းစီ ရှိခဲ့ရာကနေ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ နောင်နှစ်မှာလည်း ၄ ဒသမ ၅ ရာခိုင်နှုန်း ခန့်မှန်းထားတာကြောင့် ဘတ်ဂျက်လိုငွေပြမှု များနေတာ တွေ့ရမှာဖြစ်ပြီး ဒါဟာ တိုင်းပြည် စီးပွားရေးအတွက် သိပ်တော့ မကောင်းပါဘူး။

လက်ရှိ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ပထမဦးဆုံး ဘတ်ဂျက် လျာထားချက်ဟာ အရင် အစိုးရလက်ထက် နောက်ဆုံးနှစ်ကထက် ပမာဏ ပိုပြီးများမလာရတဲ့ အကြောင်းကိုလည်း  ကျင်းပပြီးသွားတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ သမ္မတ ဦးထင်ကျော်က ဝန်ခံပြောဆိုတာ ရှိခဲ့ပါတယ်။ အထူးသဖြင့် အစိုးရဝင်ငွေ တိုးတက် မလာတဲ့ကိစ္စပါ။

အဲဒါတွေကတော့ အစိုးရရဲ့ အဓိကဝင်ငွေ တစ်ခုဖြစ်တဲ့ သဘာဝ ဓာတ်ငွေ့က ရတဲ့ဝင်ငွေဟာ ကမ္ဘာ့သဘာဝ ဓာတ်ငွေ့ဈေးနှုန်းတွေ ကျဆင်းသွားလို့ လျော့နည်းခဲ့တာ ဖြစ်တဲ့အကြောင်း၊ သစ်ထုတ်လုပ် တင်ပို့မှုကို လုံးဝ နီးပါး ကန့်သတ်လိုက်တာကြောင့် သစ်သယံဇာတက ရတဲ့ဝင်ငွေ မရှိသလောက် ဖြစ်သွားတဲ့အကြောင်း၊ ကျောက်စိမ်းအပါအဝင် သတ္တုလုပ်ကွက်တွေကို ပြန်စိစစ်နေတဲ့အတွက် ရငွေတွေ ကျဆင်းသွားတဲ့အကြောင်း၊ လျှပ်စစ်ဓာတ်အား ပိုရဖို့ တိုးတက် ထုတ်လုပ်နေပေမဲ့ အရှုံးခံ ထုတ်လုပ်နေရလို့ ဝင်ငွေ တိုးတက်မလာတဲ့အကြောင်း စတာတွေ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝန်ခံထားသလို စီးပွားရေး တိုးတက်မှု နှေးကွေးနေပြီး လာမယ့်ဘဏ္ဍာနှစ်အတွက်လည်း မြန်မာ့စီးပွားရေးအခြေအနေ သိပ်ပြီး အားရစရာ ကောင်းလောက်အောင် တိုးတက်လာဖို့တော့ မမြင်နိုင်သေးပါဘူး။

ပြောရရင် အစိုးရဘတ်ဂျက် လျာထားမှုမှာ ဝင်ငွေ တိုးတက်မလာတဲ့အတွက် အသုံးစရိတ်တွေကိုလည်း တိုးမြှင့်လျာထားလို့ မရဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ သမ္မတက မပြောပေမဲ့ နိုင်ငံ့ဝင်ငွေမှာ အဓိက ကဏ္ဍတစ်ခုဖြစ်တဲ့ အခွန်အကောက်က ရတဲ့ဝင်ငွေကလည်း ထင်သလောက် တိုးတက်မလာပါဘူး။ ဒါနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က တိုင်းပြည်မှာ တရားမဝင် မှောင်ခိုကုန်သွယ်မှုတွေ ပမာဏ များပြားနေတယ်၊ ဒီအတွက် တရားဝင် ကုန်သွယ်မှုတွေ ပြန်ဖြစ်ပေါ်ပြီး အခွန်အကောက်တွေ ရသင့်သလောက် ရအောင် မှောင်ခိုတွေ ပြန်ဖမ်းမယ်၊ အရင်အစိုးရခေတ်ကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားလို့ ပိတ်ခဲ့ရတဲ့ ရှမ်းပြည်နယ် မန္တလေး – မူဆယ် လမ်းပေါ်က သိန္နီရေပူစစ်ဆေးရေးဂိတ်နဲ့ မွန်ပြည်နယ် ရန်ကုန်-မြဝတီ ကားလမ်းပေါ်က မရမ်းချောင် စစ်ဆေးရေးဂိတ်တွေကို ပြန်ဖွင့်မယ်လို့ ဆုံးဖြတ်ပြီး အခု အကောင်အထည်ဖော်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကို အကြီးအကျယ် အဟန့်အတား ဖြစ်စေတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်နဲ့ သက်ဆိုင်ရာနိုင်ငံတွေက ဖယ်ရှားပေးအောင် စွမ်းဆောင်နိုင်တဲ့တိုင် ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အများက မျှော်လင့်ထားသလောက် သိသိသာသာကြီး မတိုးတက်ခဲ့ပါဘူး။

အခုနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလျံလောက် ဝင်လာဖို့ ရည်မှန်းထားသလို အဲဒီ ရည်မှန်းချက် ဇန်နဝါရီ ၂၁ ရက်မှာ ပြည့်မီခဲ့ပါတယ်။ ဘတ်ဂျက်နှစ်အကုန် မတ်လ ကုန်ရောက်သည်အထိ ဆိုရင်တော့ လျာထားချက်ထက် ကျော်လွန်ပါလိမ့်မယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီ အစိုးသစ် တက်လာရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် ဝင်လာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက် ပြည့်မီဖို့အတွက်ကတော့ လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။

ဒါနဲ့ပတ်သက်လို့ ဂျပန်စီးပွားရေးလုပ်ငန်းစုများအဖွဲ့ Japan Chamber of Commerce and Industry (JCCI) ဟာ မြန်မာနိုင်ငံထဲ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဘာကြောင့် ထင်သလောက် ရောက်မလာသလဲ၊ အဲလို ရောက်လာအောင် မြန်မာအစိုးရဘက်က ဘာတွေ ဆောင်ရွက်ပေးသင့်သလဲဆိုတဲ့ အကြံပြုစာ တစ်စောင် ပြုစုပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာတာဝန်ရှိသူတွေ လက်ထဲ ပေးအပ်ခဲ့ပါသေးတယ်။

အဲဒီ အကြံပြုစာမှာ အခြေခံ အဆောက်အအုံ ပြဿနာတွေ ဖြစ်တဲ့ လျှပ်စစ်မီးရရှိရေး၊ တည်ငြိမ်တဲ့ ဓာတ်အားရရှိရေး၊ ကုန်စည်ပို့ဆောင်ရေး အဆင်ပြေနိုင်မယ့် လမ်းပန်းဆက်သွယ်မှုစနစ် တည်ဆောက်ရေး အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ နည်းဥပဒေ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့၊ ပွင့်လင်းမြင်သာမှုရှိပြီး လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်မယ့် အကောက်ခွန်စနစ် အကောင်အထည်ဖော်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အခုနောက်ဆုံး ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာတော့ လာမယ့် သုံးနှစ်တာ မြန်မာ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၇ ဒသမ ၁ ရာခိုင်နှုန်းရှိလိမ့်မယ်ဆိုပြီး အကောင်းမြင် သုံးသပ်ထားပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ နောက်ဆုံးဘဏ္ဍာနှစ်မှာ စီးပွားရေး တိုးတက်မှုနှုန်း ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိရာကနေ အင်န်အယ်လ်ဒီ အစိုးရရဲ့ ပထမဆုံး ဘဏ္ဍာနှစ်မှာ စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝန်ခံထားသလို စီးပွားရေး တိုးတက်မှု နှေးကွေးနေပြီး လာမယ့်ဘဏ္ဍာနှစ်အတွက်လည်း မြန်မာ့စီးပွားရေးအခြေအနေ သိပ်ပြီး အားရစရာ ကောင်းလောက်အောင် တိုးတက်လာဖို့တော့ မမြင်နိုင်သေးပါဘူး။ စီးပွားရေး အခြေအနေ မျှော်မှန်းသလောက် တိုးတက်မလာရင် အလုပ်အကိုင်သစ်တွေ အမြောက်အမြား ဖန်တီးပေးရေး၊ စီးပွားရေး တိုးတက်မှုရဲ့ အသီးအပွင့်ကို အောက်ခြေ ပြည်သူတွေထိ ရောက်ရှိ ခံစားနိုင်ရေး ဆိုတာတွေလည်း အကောင်အထည် ပေါ်လာဖို့ မလွယ်ကူသေးပါဘူး။

ဒီအတွက် အစိုးရဟာ စီးပွားရေးကဏ္ဍမှာ အခြေအနေတွေ ပိုကောင်းလာစေဖို့ အတွက် ဥပဒေကြောင်း ဆိုင်ရာတွေ၊ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာတွေ၊ မူဝါဒ ပေါ်လစီနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာတွေမှာ အများကြီး ပြုပြင်ပြောင်းလဲ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်နေသေးပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.