မြန်မာ့စီးပွားရေး အံ့မခန်းတိုးတက်စေရေး

ငွေကြေးစုဆောင်းမှုကို မြှင့်တင်၍ အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် ပို့ကုန်ကဏ္ဍ စီးပွားရေးလုပ်ငန်းများအတွက် အတိုးနည်းသည့် ရေရှည်ချေးငွေများအဖြစ် ယင်းတို့ကို ပြန်သုံးခြင်းသည် အခြားအာရှစီးပွားရေးများ၏ “အံ့မခန်း” ဖွံ့ဖြိုးမှုများနှင့် ပခုံးချင်းယှဉ်နိုင်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို အထောက်အကူပြုနိုင်ပေသည်။

မင်းသူမောင် ရေးသားသည်။

၁၉၆၂ ခုနှစ်က အီကောနောမစ်မဂ္ဂဇင်း The Economist တွင် “ဂျပန်ကို သုံးသပ်ကြည့်ပါ” (Consider Japan) ဟူသောဆောင်းပါးတစ်ပုဒ်ပါလာပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း မြင့်မားလာပုံကို ရှင်းပြထားသည်။ ၁၉၅၅ ခုမှ ၁၉၇၄ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၏ နှစ်စဉ်ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။(ယခုဆောင်းပါးပါ ကိန်းဂဏန်းအားလုံးမှာ သီးသန့်ဖော်ပြမထားပါက ကမ္ဘာ့ဘဏ်မှ ရယူထားသော ကိန်းဂဏန်းများဖြစ်သည်။) မလေးရှားနိုင်ငံမှ စင်ကာပူနိုင်ငံခွဲထွက်သော ၁၉၆၅ ခုနှစ်မှ ၁၉၈၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံ၏ တစ်ဦးကျ ဂျီဒီပီပျမ်းမျှတိုးတက်နှုန်းမှာ ၁၀ ရာခိုင်နှုန်းနီးပါးဖြစ်သည်။ နောက်မှတိုးတက်လာသော တရုတ်နိုင်ငံသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၁၀ ရာခိုင်နှုန်း ရှိခဲ့သည်။

မြန်မာ့စီးပွားရေး အဆင့်အတန်းကို တရုတ်၊ ဂျပန်နှင့် စင်ကာပူနိုင်ငံတို့၏ လက်ရှိအနေအထားနှင့် နှိုင်းယှဉ်ပါက သဘာဝမကျပေ။ သို့ဖြစ်ရာ တရုတ်နိုင်ငံ(ပြုပြင်ပြောင်းလဲရေးများ စတင်အရှိန်ယူသော ၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်း)၊ ဂျပန်(ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း၊ အများအားဖြင့် ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ပြည့်လွန်နှစ်များ) နှင့် စင်ကာပူနိုင်ငံ(လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၅ မှ ၁၉၈၄ ခုနှစ်အထိ) တို့၏ စောစောကာလ အခြေအနေများနှင့် နှိုင်းယှဉ်မှသာ မှန်ကန်ထိရောက်နိုင်ပေမည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီ ခြောက်ရာခိုင်နှုန်းကျော် လက်ရှိတိုးတက်မှုမှာ ထိုနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားပျော့နေသေးသည်။

ယင်းသို့ စီးပွားရေး “အံ့မခန်း” တိုးတက်မှုများ ဖြစ်ပေါ်စေရန် အကြောင်းတရားများစွာက အထောက်အကူပြုလျက်ရှိသည်။ မကြာခဏ ရည်ညွှန်းလေ့ရှိသော (အငြင်းပွားစရာလည်း များလှသော) အကြောင်းတရားတစ်ခုမှာ သက်ဆိုင်ရာနိုင်ငံများမှ ဘဏ်စနစ်များ၏ အခန်းကဏ္ဍဖြစ်သည်။ ယင်းနိုင်ငံများနှင့် အားလုံးမဟုတ်သည့်တိုင် အရှေ့အာရှ မိတ်ဖက်နိုင်ငံအများစုမှ ဘဏ်စနစ်၏ ထူးခြားသော သွင်ပြင်လက္ခဏာတစ်ရပ်မှာ ဘဏ်လုပ်ငန်းများတွင် အစိုးရက မကြာခဏ ပြင်းပြင်းထန်ထန် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်။

ယင်းဘဏ္ဍာရေးစနစ်များမှာ သီးခြားသတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေလျာထားရာ၌ အစိုးရက ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားခြင်းဖြစ်သည်။  အဓိကရည်မှန်းချက်မှာ စုဆောင်းငွေများကို  စုစည်းပြီး ရရှိငွေများကို ပို့ကုန်ဦးတည်သော စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်ဖြစ်သည်။အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကို အနိမ့်ဆုံးဖြစ်အောင်  ထားစေလိုသော စီးပွားရေးပညာရှင်များက ဝေဖန်မှုများ ရှိနေသည့်တိုင် ယင်းမူဝါဒများက အာရှနိုင်ငံများ၏ စီးပွားရေးများ၌ စက်မှုလုပ်ငန်းများ စတင်ရာတွင် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ထွန်းကားရေးနှင့် ပို့ကုန်ဖွံ့ဖြိုးမှုအရှိန် မြင့်တက်စေရေးအတွက် အထောက်အကူ ပြုနေသည့်အချက်ကိုမူ မငြင်းနိုင်ပေ။

အာရှနိုင်ငံများ၏ တူညီသောသွင်ပြင်တစ်ရပ်မှာ စုဆောင်းငွေ မြင့်မားခြင်းဖြစ်သည်။ စုဆောင်းငွေ တိုးမြှင့်နိုင်စေရေးအတွက်  စာတိုက်ငွေစုစနစ်များကို ဂျပန်နှင့်စင်ကာပူနိုင်ငံတို့တွင် ထူထောင်ထာားသည်။ အထူးသဖြင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ခွဲမရှိသော ကျေးလက်ဒေသခံများအတွက် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားသော စာတိုက်ကွန်ရက်မှတဆင့် ငွေစုနိုင်အောင် စာတိုက်ငွေစုစနစ်ကို စီမံထားခြင်းဖြစ်သည်။  စင်ကာပူ၏ စာတိုက်ငွေစုဘဏ် The Post Office Savings Bank နှင့် ဂျပန်စာတိုက်ဘဏ်တို့သည် ယင်းသို့သော အဖွဲ့အစည်းမျိုးဖြစ်သည်။ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၌လည်း အစိုးရဦးစီးပြီး ပမာဏကြီးမားသော စာတိုက်ငွေစုဘဏ်စနစ်များရှိသည်။

မြန်မာနိုင်ငံ လက်ရှိလူဦးရေတွင် အသက် ၁၅ နှစ်နှင့် အထက်ရှိသူများအနက် ငွေကြေးအဖွဲ့အစည်းတစ်ခု၌ ငွေစာရင်းဖွင့်ထားသူ ဦးရေမှာ လေးပုံတစ်ပုံလျော့လျော့ ရှိသည်ကို သုံးသပ်ကြည့်ပါက တပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်သော အလားတူငွေစုစနစ်က ဘဏ္ဍာရေးစနစ်အတွင်းသို့ စုငွေအများအပြား ဆောင်ကြဉ်းပေးနိုင်မည်ဟု ယူဆရသည်။ စင်ကာပူနိုင်ငံတွင် ၁၉၆၁ ခုမှ ၁၉၈၀ ပြည့်နှစ်အတွင်း စုစုပေါင်းစုငွေ၏ ဂျီဒီပီတွင် ပါဝင်မှုအချိုးမှာ ပျမ်းမျှ ၂၁ ရာခိုင်နှုန်းရှိသည်။ ၁၉၇၁ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်းဂျပန်နိုင်ငံ၏ ပါဝင်မှုနှုန်းမှာ ၃၆ ရာခိုင်နှုန်းဖြစ်သည်။  ၂၀၀၄ ခုနှစ် (နောက်ဆုံးရနိုင်သော) ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ပါဝင်မှုအချိုးမှာ ၁၄ ရာခိုင်နှုန်းဖြစ်သည်။

ဤသို့ဖြစ်ရသည်မှာ အများအားဖြင့် စာတိုက်ငွေစုဘဏ်များ၏ ကွန်ရက်ကျယ်ပြန့်လာခြင်းကြောင့် ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ဘဏ်အပ်ငွေစာရင်း၏ ဂျီဒီတွင်ပါဝင်မှုအချိုးမှာ ၁၉၆၀ ပြည့်နှစ်တွင် ၄၃ ရာခိုင်နှုန်းရှိသည်။ ၁၉၆၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ ဘဏ်အပ်ငွေနှင့် ဂျီဒီပီအချိုးမှာ  ၃၅ ရာခိုင်နှုန်းဖြစ်သည်။ သို့ရာတွင် ၂၀၁၅  ခုနှစ်က မြန်မာနိုင်ငံ၏ ဘဏ်အပ်ငွေနှင့် ဂျီဒီပီ၏အချိုးမှာ ၂၉ ရာခိုင်နှုန်းမျှသာဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၉၅ မှ ၂၀၁၅ ခုနှစ်အတွင်း ဘဏ်ချေးငွေနှင့် ဘဏ်အပ်ငွေအချိုးမှာ ၅၈ ရာခိုင်နှုန်းဖြစ်သည်။ နှိုင်းယှဉ်ကြည့်ပါက ကာလတူအတွင်း ဗီယက်နမ်တွင် ယင်းအချိုးမှာ ၅၀၀ ကျော်ဖြစ်သည်။

ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံ၌ အလုပ်သမများ လုပ်ငန်းခွင်ဝင်နေစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံ၌ အလုပ်သမများ လုပ်ငန်းခွင်ဝင်နေစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဂျပန်(ဒုတိယကမ္ဘာစစ်အပြီး) နှင့် စင်ကာပူ(လွတ်လပ်ရေးရပြီးနောက်ပိုင်း)နိုင်ငံတို့တွင် စီးပွားရေးဖွံ့ဖြိုးသော စောစောပိုင်းနှစ်များအတွင်း အပ်ငွေများ၏ အချိုးအစားအများစုအနက်မှ ၉၅ ရာခိုင်နှုန်းကျော်ကို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့် အခြား“အရေးကြီး” စီမံကိန်းများသို့ ထုတ်ချေးထောက်ပံ့ခဲ့သည်။

သို့ဖြင့် ဂျပန်နိုင်ငံသည် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများကို အမီလိုက်ရန် ကြိုးပမ်းနေချိန်၌ စာတိုက်စုငွေရန်ပုံငွေမှ ငွေများကို လျှပ်စစ်ဓာတ်အား၊ မီးရထားလမ်းနှင့် အဝေးပြေးလမ်းမများအတွက် ရင်းနှီးမြှုပ်နှံရန် ထုတ်ချေးခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဘဏ်များသည် ငွေဖြစ်လွယ်အောင် ဆောင်ရွက်ရာတွင် လိုအပ်ငွေများကို ဗဟိုဘဏ်မှ အမြောက်အမြား ချေးယူခဲ့ရသည်။ ယင်းအခြေအနေကြောင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် ပဲ့ကိုင်ရာတွင် ဂျပန်ဗဟိုဘဏ် (Bank of Japan) အတွက် ကြီးမားသော စွမ်းအားများကို ရရှိစေခဲ့သည်။ စင်ကာပူနိုင်ငံကလည်း အလားတူ ပုံစံမျိုးကို လိုက်ပါဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ယင်းချေးငွေ၏ ပျမ်းမျှအချိုးအစားမှာ ၅၀ ရာခိုင် နှုန်းအောက်သာ ရှိခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးရေးကာလ စောစောပိုင်းနှစ်များတွင် ဘဏ်အတိုးနှုန်းများကိုလည်း လျှော့ချထားသည်။ အနည်းဆံုံးအားဖြင့် ထုတ်ချေးသောအတိုးနှုန်းနှင့် ချေးယူသောအတိုးနှုန်း နှစ်ခုအကြား ကွာဟချက်မှာလည်း နိမ့်ကျသည်။ ဂျပန်နိုင်ငံတွင် ၁၉၈၀ ပြည့်လွန်နှစ်များ (ကိန်းဂဏန်းအချက်အလက် အစောဆုံး ရနိုင်သောနှစ်များ) အတွင်း အပ်ငွေနှင့် ချေးငွေအတိုးနှုန်းများ၏ ကွာဟချက်မှာ ၃ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး  စင်ကာပူနိုင်ငံတွင် ၂ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။ လောလောဆယ် မြန်မာနိုင်ငံတွင် ယင်းကွာဟချက်မှာ ငါးရာခိုင်နှုန်း ရှိသည်(ချေးငွေအတိုးနှုန်း ၁၃ ရာခိုင်နှုန်းနှင့် အပ်ငွေအတိုးနှုန်း ၈ ရာခိုင်နှုန်းဖြစ်သည်)။

အစိုးရများသည် ပြည်တွင်းစုငွေ အများအပြားကို မည်ကဲ့သို့ ရင်းနှီးမြှုပ်နံှကြပါသနည်း။ ဖွံ့ဖြိုးရေးဘဏ်များထဲသ့ို ဝင်ကြည့်လိုက်ပါ။ စင်ကာပူတွင် စင်ကာပူဖွံ့ဖြိုးရေးဘဏ်(Development Bank of Singapore -DBS)နှင့် ဂျပန်နိုင်ငံ၌ ဂျပန်ဖွံ့ဖြိုးရေးဘဏ် (Japan Development Bank – JDB နောက်ပိုင်းတွင် Development Bank of Japan) တို့ဖြစ်သည်။  JDB သည် အမျိုးသားစုဆောင်းငွေမှ ရရှိသောငွေကြေးအများအပြားနှင့် ပုဂ္ဂလိကထံ စီးပွားရေးလုပ်ငန်းများ ရောင်းရငွေများကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် ဒေသအသီးသီးသု့ိ ရောက်ရှိအောင် တာဝန်ယူသည်။ အလားတူပင်  ၁၉၆၈ ခုနှစ်က တည်ထောင်ပြီး ၁၉၉၈ ခုနှစ်တွင် POSB နှင့်ပူးပေါင်းခဲ့သော စင်ကာပူဖွံ့ဖြိုးရေးဘဏ်သည် စင်ကာပူ၏ စက်မှုလုပ်ငန်း ထူထောင်ရေးအတွက် တာဝန်ယူရသည်။  တရုတ်နိုင်ငံ၌ တရုတ်ဖွံ့ဖြိုးရေးဘဏ်သည် လေဆိပ်များနှင့် ဆည်များအပါအဝင် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးရသည်။

မြင့်မားသောစုဆောင်းနှုန်းနှင့်  အခြေခံအဆောက်အအုံ၌ ထူးထူးခြားခြား ရင်းနှီးမြှုပ်နှံမှုအပြင် ဖွံ့ဖြိုးမှုမြင့်မားသော စီးပွားရေးများကြောင့် ဖြစ်ပေါ်လာသည့် နောက်ထပ်သွင်ပြင်လက္ခဏာတစ်ခုမှာ ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စင်ကာပူနိုင်ငံ၏ နှစ်စဉ်ပျမ်းမျှပို့ကုန်၏ ဂျီဒီပီတွင်ပါဝင်မှုအချိုးမှာ ၁၇၀ ရာခိုင်နှုန်းဖြစ်သည်။ သွင်းကုန်က ပျမ်းမျှ ၁၀ ရာခိုင်နှုန်းအောက် ရှိသည်။ ၁၉၈၆ မှ ၂၀၁၆ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏ ပျမ်းမျှပို့ကုန်ပါဝင်မှုအချိုးမှာလည်း ၅၁ ရာခိုင်နှုန်းဖြစ်သည်။

လွန်ခဲ့သောငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ နှစ်စဉ်ပျမ်းမျှ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ဂျီဒီပီ၏ ၁၈ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သောသုံးနှစ်အတွင်း နှစ်စဉ် ၄၅ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သွင်းကုန်တန်ဖိုးမှာ ဂျီဒီပီ၏ ပျမ်းမျှ ၂၁ ရာခိုင်နှုန်းရှိသည်။ သို့ရာတွင် အလားတူကာလအတွင်း နှစ်စဉ် ၅၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းတိုးတက်မှုနှုန်း အသီးသီးကို ကြည့်ပါက အနာဂတ်တွင် ချိန်သားမကိုက်ညီမှုများ ပိုမိုလာမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ လက်ငင်းပြဿနာမှာ မြင့်မားသော သွင်းကုန်များအတွက် အကန့်အသတ် ရှိစေရုံသာမက ပို့ကုန်စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုကိုလည်း နိမ့်ကျသွားစေနိုင်သည်။

ဘဏ္ဍာရေးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် အစိုးရက ပြင်းပြင်းထန်ထန် ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ပါ။ သို့မဟုတ် စဉ်းပင်မစဉ်းစားသင့်ပါ။ သို့ရာတွင် ဘဏ်လုပ်ငန်းကဏ္ဍ အားနည်းပြိုကွဲလာချိန်နှင့် ပုဂ္ဂလိကဘဏ်များက လိုအပ်သောချေးငွေများကို ထုတ်မချေးနိုင်သောအခါ အများပြည်သူ စုဆောင်းမှုကို ဆွဲဆောင်နိုင်သည့် အစိုးရက တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သော အဖွဲ့အစည်းတစ်ရပ် ရှိရန်လိုသည်။ ယနေ့ခေတ်မြန်မာတို့သည် အာရှတိုင်းပြည်များရှိ အခြားလူမျိုးများနှင့် နှိုင်းယှဉ်ပါက ငွေကြေးစုဆောင်းမှု နည်းမည်ဟု မဆိုနိုင်ပါ။ သို့ရာတွင် ဤသို့ဖြစ်ရသည်မှာ ဘဏ်လုပ်ငန်းစွမ်းဆောင်ရည် မပြည့်ဝမှုနှင့် မူဝါဒရေးရာ မကျွမ်းကျင်မှုတို့ကြောင့်ဖြစ်ပြီး ဘဏ်လုပ်ငန်းစနစ်တွင် ငွေကြေးစုဆောင်းမှု ဖြစ်ပေါ်မလာအောင် အဟန့်အတား ဖြစ်စေသည့်အချက်ကြောင့် ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ဆောင်မှု အညွှန်းကိန်း(Doing Business index ) အရဆိုပါက ပုဂ္ဂလိကချေးငွေ ရရှိရေးမှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည်။ ငွေကြေးစုဆောင်းမှု မြှင့်တင်ရန် ခိုင်မာသော အဖွဲ့အစည်းမူဘောင်ကို ထူထောင်ခြင်းနှင့် စုဆောင်းငွေများကို စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုခြင်းဖြင့် ချေးငွေရှားပါးမှုကို သက်သာစေနိုင်သည်။

ယင်းစုဆောင်းငွေများကိုသုံး၍ အခြေခံအဆောက်အအုံ စီမံကိန်းများနှင့် ပို့ကုန်ဦးတည်သော စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများ ပေးခြင်းဖြင့် တိုင်းပြည်ရင်ဆိုင်နေရသော လိုငွေပြမှုအမွှာ the so-called twin deficits ဟူသော  အစိုးရဘတ်ဂျက် လိုငွေပြမှုနှင့် နိုင်ငံခြား ငွေပေးငွေယူရှင်းတမ်း လိုငွေပြမှု နှစ်ခုစလုံးကို လျော့ကျစေနိုင်သည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar