“ရှင့်အတွက် ဥရောပခရီး”

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးသွား ဝါသနာပါသူ တစ်ယောက်ပါ။ ပျူပျူငှာငှာ ကြိုဆိုကြတာကိုလည်း သဘောကျပုံရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အနေနဲ့ အာရှနိုင်ငံတွေကိုရော၊ တခြားနိုင်ငံတွေကိုရော သွားရောက်ပြီး သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုး၊ အင်အားကြီး မိတ်ဆွေနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့တာတွေ လုပ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကမ္ဘာ့မြေပုံပေါ်က ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒီထဲမှာ တချိန်က သူ့ဘက်က မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေလည်း ပါပါတယ်။ ဒီနှစ် ဇွန်လထဲက သူ့ရဲ့ ဥရောပခရီးမှာ သူ သွားရောက်တွေ့ဆုံခဲ့သူတွေဟာ ဥရောပတိုက်ရဲ့ ဝိုင်းပယ်ခံတွေသာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ဟန်ဂေရီဝန်ကြီးချုပ် မစ္စတာ ဗစ်တာအော်ဘင်န် Mr. Viktor Orban နဲ့ ချက်သမ္မတ မစ္စတာ မီလို့စ်ဇီမင်န် Mr. Milos Zeman တို့ပဲ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ် နှစ်ဦးစလုံးဟာ နိုင်ငံခြားကြောက်သူ လူကြိုက်များခေါင်းဆောင်တွေဖြစ်ပါတယ်။

ခုတခါဒေါ်အောင်ဆန်းစုကြည်ဟာ လစ်ဘရယ်ဥရောပရဲ့ အသည်းနှလုံးလို့ဆိုနိုင်တဲ့ ဟော်လန်ကိုသွားဖို့ အထုပ်ပြင်နေပါပြီ။ ဒါပေမဲ့ ဟော်လန်နိုင်ငံ မြောက်ပိုင်းပင်လယ်ကမ်းရိုးတန်း North Sea Coast ပေါ်က မြို့တော် သည်ဟိဂ် The Hague ကိုအလည်အပတ်သွားမှာတော့ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး အင်န်အယ်လ်ဒီပါတီ အာဏာရကာစ ၂၀၁၆ ပျားရည်ဆမ်းနေ့ရက်တွေကို ပြန်တမ်းတလို့လည်း မဖြစ်တော့ပါဘူး။ အဲဒီတုန်းက အောင်ပွဲခံခရီးမှာ လန်ဒန်နဲ့ ဝါရှင်တန်မြို့တော်တွေကိုလည်း ဝင်ခဲ့လို့ ပျူပျူငှာငှာကြိုဆိုပြီး လှိုက်လှိုက်လှဲလှဲဂုဏ်ပြုခံခဲ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကိုသွားမယ့်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်မယ်လို့ ပြီးခဲ့တဲ့လက ကြေညာပါတယ်။ မြောက်အာဖရိက နိုင်ငံငယ်လေးတစ်ခုက မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးမှာ စွဲချက်တင်လိုက်တဲ့အမှုကို ရင်ဆိုင်ဖြေရှင်းဖို့ဖြစ်ပါတယ်။ အစ္စလာမ္မစ်နိုင်ငံများအသင်း OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက ဖွင့်လိုက်တဲ့ အိုင်စီဂျေအမှုမှာ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် ပြုမူဆက်ဆံရာမှာ လူမျိုးတုံးသုတ်သင်ရှင်းမှု သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း စွပ်စွဲထားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်မှာ စတင်မယ့် ကြားနာမှုအတွက် သည်ဟိဂ်အခြေစိုက်တရားရုံးမှာ မြန်မာကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မိန့်ခွန်းပြောဖွယ်ရှိပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက လူအတော်များများအဖို့ကတော့ ဒီကြေညာချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို နောက်ဆုံးအတည်ပြုချက်ပဲဖြစ်ပါတယ်။ ဒီအမှုကို သူကိုယ်တိုင် ကာကွယ်ရမယ်လို့ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ မပါပါဘူး၊ ဒါ့အပြင် ဒီလုပ်ရပ်ဟာ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါနေတာကို စွန့်လွှတ်ဖို့ အပေးအယူလုပ်တာပဲဆိုရင်တော့ မြန်မာပြည်သူတွေ ဒီမိုကရေစီ ပိုမိုခံစားရရေးအတွက် လူတစ်သန်းလောက်ရဲ့ လူ့အခွင့်အရေးကို အသုံးချသလို ဖြစ်သွားပါမယ်။

ရိုဟင်ဂျာတွေဟာ နိုင်ငံသားတွေမဟုတ်လို့ သူတို့ကို အစိုးရက အကာအကွယ်ပေးဖို့ တာဝန်မရှိဘူးလို့ ယုံကြည်ထားကြသူ မြန်မာတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်မှုဟာ တစ်မျိုးဖြစ်ပါလိမ့်မယ်။ အခုမှာကို မြန်မာနိုင်ငံတလွှားမြို့ကြီးတွေမှာ လူထုစည်းဝေးပွဲတွေလုပ်ပြီး မြန်မာအစိုးရနဲ့ ဂမ်ဘီယာတို့ အငြင်းပွားမှုဟာ နိုင်ငံသားတွေကို တိုက်ခိုက်နေတာပဲလို့ ပြောနေကြပါတယ်။ အင်န်အယ်ဒီပါတီရဲ့ တရားဝင်ထုတ်ပြန်ချက်မှာ နိုင်ငံသားအားလုံး ညီညီညွတ်ညွတ်နဲ့ တနိုင်ငံလုံးအကျိုးအတွက် ရပ်တည်ကြဖို့ တိုက်တွန်းနေပါတယ်။

အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံဖေ့စ်ဘွတ်ခ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်ကြဖို့တွေပဲ ပြည့်နေပါတယ်။ အိုင်စီဂျေကြားနာမှု စောင့်ကြည့်နေသူတွေဟာ နိုင်ငံတကာဥပဒေအရ အဆိုးဆုံး ရာဇဝတ်မှုတွေအပေါ် တာဝန်ယူမှုအတွက် ကြိုးပမ်းနေကြတာကို မြင်ကြမှာ မဟုတ်ပါဘူး။ အဲဒီအစား ဓမ္မကျမ်းဟောင်းထဲက ဒေးဗစ်နဲ့ ဂိုလီယက် လူ့ဘီလူးကြီးပွဲကိုပဲ ကြည့်နေကြမှာပါ။ ဒီစာရိတ္တပြုပြင်ရေး ပညာပေးဇာတ်လမ်းမှာ အကွက်ဆင်ထားတဲ့ နိုင်ငံတကာတရားခွင်မှာ နောက်ကွယ်က အင်အားကြီးတွေက သူရဲ့ နိုင်ငံအပေါ် မလိုမုန်းထား အကွက်ဆင်ကြံစည်မှုကို ဒေါ်အောင်ဆန်းစုကြည်က ရင်ဆိုင်ရမှာပါ။

ရိုဟင်ဂျာအကျပ်အတည်းအပေါ် ကမ္ဘာ့အမြင်နဲ့ မြန်မာ့အမြင်က အလွန်ပင်ကွာဟနေပါတယ်။ မြန်မာခေါင်းဆောင်တွေက ဒီကွာဟချက်ကို ပေါင်းကူးပေးတာမျိုးလည်း မလုပ်ကြပါဘူး။

နိုဝင်ဘာ ၂၃ ရက်က သမ္မတရုံးထုတ်ပြန်ချက်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က နိုင်ငံတကာက ဖိအားတွေတိုးပေးလာတာဟာ ပြဿနာရဲ့ ရှုပ်ထွေးနက်နဲမှုကို နားမလည်ကြလို့ပါလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးတွေကို ပြောမှာကလည်း ဒါပဲဖြစ်ပါလိမ့်မယ်။ တဘက်မှာတော့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေ တွေ့ရှိထားတဲ့ မြန်မာနိုင်ငံ လုံခြုံရေးတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တပုံတပင်ရှိနေပါတယ်။

“ရှင်တို့ နားမလည်ပါဘူး၊ ဒီကိစ္စက သိပ်ရှုပ်ထွေးပါတယ်” ဆိုပြီး ဒီလိုစောဒကတက်မှုတွေဟာ နိုင်ငံခြားက ဝေဖန်သူတွေကို ယုံကြည်လက်ခံနိုင်စေမှာ မဟုတ်ဘူးဆိုတာ မြန်မာအစိုးရ တွေးဆနိုင်လိမ့်မယ်မထင်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကအကြောင်းမဟုတ်ပါဘူးလို့တော့ ဆိုနိုင်ပါတယ်။ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုဆိုတာကလည်း တရားစွဲဆိုဖို့ အတော်ခက်တာမျိုးပါ။ အမှုက သူ့ဘာသာသူ ပြေလည်သွားနိုင်ပါတယ်။

မြန်မာအစိုးရရဲ့ စောဒကတက်မှုတွေနဲ့ သည်ဟိဂ်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့်ပြတ်သားတဲ့ ရပ်တည်မှုတွေဟာ မြန်မာလူထုအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ အမြတ်ရဖို့ ရည်ရွယ်တာပါ။ နောက်နှစ်ဟာ ရွေးကောက်ပွဲနှစ်ပါ။ ဒါဟာ မြန်မာရဲ့ နိုင်ငံတကာရပ်တည်မှုအပေါ် အရေးမထားပုံကို ပြသလိုက်တာပါပဲ။

ဦးကိုကို ဘာသာပြန်သည်။

ယခုအယ်ဒီတာ့အာဘော်သည် ၂၀၁၉ ဒီဇင်ဘာ ၅ ရက်ထုတ် Frontier Myanmar မဂ္ဂဇင်း Vol 5, Issue 21 တွင် ဖော်ပြပါရှိခဲ့ပါသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.