အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရဲထွန်းနိုင်ဟာ ဘရာဇီးနိုင်ငံ၊ ရီယိုဒီ ဂျနေရိုးမှာ မကြာမီ ကျင်းပတော့မယ့် အိုလံပစ်ပြိုင်ပွဲမှာ ဆုတစ်ခုရဖို့အတွက် သေနတ်ပစ်မှာပါ။
အေသင်ဇော်ဇော်/ အေအက်ဖ်ပီ ရေးသားသည်။
မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော အိုလံပစ်အဆင့်မီသူဟာ မလှုပ်မရှက် မတ်မတ်ရပ်ရင်း ညာလက်ကို ဆန့်တန်း မျက်တောင်မခတ်ပဲ ခလုတ်ကို ဆွဲညစ်လိုက်ပါတယ်။ သူပစ်လိုက်တဲ့ ကျည်ဆံက စက္ကူပစ်မှတ်တစ်ခုကို တိုးဝင်သွားပါတယ်။ ဒါဟာ အရင်က စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့နိုင်ငံမှာ စစ်မှုထမ်းရင်း၊ လေ့ကျင့်ရင်း ရလာခဲ့တဲ့ ကျွမ်းကျင်မှု တစ်ခုပါ။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရဲထွန်းနိုင်ဟာ ဘရာဇီးနိုင်ငံ၊ ရီယိုဒီ ဂျနေရိုးမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာ ဆုတစ်ခုရရဖို့အတွက် သေနတ်ပစ်နေတာပါ။ သူဟာ ပစ္စတိုပြိုင်ပွဲနှစ်ခုမှာ ဆုချိတ်ရေး အများကြီး မျှော်လင့်မခံရပဲ ရီယိုကို သွားရောက်မှာပါ။
ဆုတစ်ဆိပ်တစ်ခုဟာ သူ့ရဲ့ ဆင်းရဲတဲ့ အရှေ့တောင်အာရှနိုင်ငံအတွက် ပထမဆုံးတစ်ခု ဖြစ်မှာပါ။ စစ်အစိုးရတွေ လက်ထက်မှာ အားကစားကဏ္ဍအပါအဝင် ကဏ္ဍအသီးသီးမှာ အားနည်းခဲ့ပါတယ်။
ဒါပေမဲ့ ကံကြမ္မာရဲ့ လှည့်ကွက်တစ်ခုမှာတော့ စစ်အစိုးရရဲ့ နှစ်ကာလတွေက ရဲထွန်းနိုင်ရဲ့ အစွမ်းအစတွေကို ဖော်ထုတ်ပေးခဲ့ပါတယ်။ ရေတပ်မှာ မဖြစ်မနေလုပ်ရတဲ့ ပစ်မှတ်ကို ပစ်ခတ်ရတဲ့ လေ့ကျင့်မှုတွေကနေ မမျှော်လင့်ဘဲ ကျွမ်းကျင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ရေတပ်ထဲကိုတော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အလုပ်အကိုင်မရှိတာရယ်၊ ဆင်းရဲခြင်းက လွတ်မြောက်ဖို့ရယ်ကြောင့် သူ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ သူ ပစ္စတို စကိုင်ခဲ့ချိန်မှာတော့ ရေတပ်ပြိုင်ပွဲတွေမှာ အောင်ပွဲတွေနဲ့ အတွေ့အကြုံ ပိုမိုကြွယ်ဝတဲ့ စစ်တပ်က လက်ဖြောင့်တပ်သားတွေကို မှင်တက်စေခဲ့ပါတယ်။ အဲဒီနောက် ဆယ်စုနှစ် တစ်ခုကျော်ကြာတဲ့ အခုချိန်မှာတော့ အားကစားလောကရဲ့ အကြီးမားဆုံးစင်မြင့်က ဖိတ်ကြားလိုက်ချိန်တဲ့အတွက် ၁၀ မီတာနဲ့ မီတာ ၅၀ လေနဲ့ အလွတ်ပစ္စတိုပစ်ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ ဘရားဇီးနိုင်ငံရဲ့ မြို့တော်ကြီးဖြစ်တဲ့ ရီယိုဒီဂျနေရိုးကို သွားမှာတော့မှာပါ။
“အိုလံပစ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့်ရဖို့ဆိုတာ မလွယ်ပါဘူး။ ဆုတစ်ခုရဖို့ကလည်း အတော် ခက်ခဲပါတယ်”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ ရန်ကုန်မြို့လယ်က သေနတ်ပစ် လေ့ကျင့်ကွင်းတစ်ခုမှာ လေ့ကျင့်ချိန်အပြီး သူ့ရဲ့ ဆွစ်ဇာလန်လုပ် ပစ္စတိုကို သေနတ်အိတ်ထဲ ဂရုတစိုက်ထည့်ရင်း ပြောလိုက်တာ ဖြစ်ပါတယ်။
“ကျွန်တော်အကောင်းဆုံးကို မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ဒါဟာ အောင်မြင်ဖို့အတွက် စိတ်ဓါတ်က အဓိက သော့ချက်ကျတဲ့ အားကစားတစ်ခုပါ။ အတော်ဆုံးသူတွေတောင် ပြိုင်တဲ့နေ့မှာ ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာ မသေချာပါဘူး” လို့ သူကပြောပါတယ်။
စိတ်နဲ့ ကိုယ်
ခေတ်သစ်အိုလံပစ်ပွဲတွေ စတင်ကတည်းက စည်းမျဉ်းအရ ကွာလှမ်းတဲ့ အပိုင်းအခြားတွေမှာ ပစ်ခတ်သူတွေဟာ အချက် ၆၀ ပစ်ရပါတယ်။ ဒါဟာ တရားရှုမှတ်သလောက်နီးပါး ကိုယ်နဲ့စိတ်ကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ အားကစားဖြစ်တယ်လို့လည်း ရဲထွန်းနောင်က ရှင်းပြပါတယ်။ ပစ်ခတ်ရာမှာ မျက်လုံးတစ်ဖက်ကိုမှိတ်၊ အသက်ရှူခြင်းနဲ့ အေးစက်နေတဲ့ ကြွက်သားတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့လည်း လိုတယ်လို့ ဆိုပါတယ်။
“ဆုံးဖြတ်ချက်က သေချာရမယ်။ စိတ်က တည်ငြိမ်ရမယ်”လို့ ရဲထွန်းနောင်က ရှင်းပြပါတယ်။ “တစ်ချို့လူတွေက တရားထိုင်တယ်။ တစ်ချို့က ယောဂကျင့်တယ်။ကျွန်တော်က အများအားဖြင့်တော့ စာတွေဖတ်ပါတယ်”လို့ ရဲထွန်းနောင်က သူ့ရဲ့ သင်ရိုးပြင်ပ လေ့ကျင့်ခန်းကို ပြောပြပါတယ်။ “အာရုံမစူးစိုက်နိုင်ရင် စာအုပ်တစ်အုပ်ရဲ့ ဆိုလိုရင်းကို မသိနိုင်ပါဘူး။ ပစ်ခတ်ရာမှာ လိုအပ်တဲ့ အာရုံစူးစိုက်မှုရရှိဖို့အတွက် ကျွန်တော်ရဲ့စိတ်ကို လေ့ကျင့်ဖို့ ကျွန်တော်စာဖတ်တာပါ” လို့ သူကပြောပါတယ်။
မြန်မာအားကစားသမားတွေအတွက် ခြောက်နေရာ ဖိတ်ကြားခံရပေမယ့် သူတစ်ဦးတည်းသာ နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယားတွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုမှာ ဒုတိယရသူများနေရာကတဆင့် လက်ရည်စစ်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့က လေ့ကျင့်ရေးကွင်းမှာ သူ့သေနတ်ကို တိုက်ချွတ်နေတဲ့ ကိုရဲထွန်းနိုင်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ဒါဟာ ငယ်ရွယ်တဲ့ သင်္ဘောသားလေးတစ်ယောက်အဖြစ်ကနေ အိုလံပစ်အထိ တက်လှမ်းနိုင်ခဲ့တဲ့ သူ့အတွက် ကြီးမားတဲ့ ခရီးတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ အားကစားအခြေခံ အဆောက်အအုံတွေဟာ လစ်လျူရှုထားခံထားခဲ့ရပြီး ပျက်စီးယိုယွင်းခဲ့ပါတယ်။
တစ်ချိန်ကတော့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အားကစားအင်အားကြီး နိုင်ငံတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ၁၉၆၀ ပြည့်လွန်နှစ်များအလယ်က မြန်မာဟာ ဘောလုံးရွှေခေတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၁၉၆၆ နဲ့ ၁၉၇၀ ပြည့် အာရှအားကစားပြိုင်ပွဲများမှာ အောင်ပွဲများရရှိခဲ့တဲ့အပြင် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲများမှာလည်း ငါးကြိမ်ဆက်တိုက် အောင်ပွဲရရှိခဲ့ပါတယ်။
ဒါပေမယ့် အားကစားကဏ္ဍအတွက် ငွေတွေ အငွေ့ပျံပျောက်ကွယ်သွားသလို အားကစားသမားတွေ၊ လေ့ကျင့်ပေးသူတွေနဲ့ အဆောက်အအုံ ကိရိယာတွေလည်း ညှိုးနွမ်းခြောက်သွေ့ ကျန်ရစ်ခဲ့ပါတယ်။
“မြန်မာဟာ အခက်အခဲတွေနဲ့ ကြုံတွေနေခဲ့တာ နှစ်တွေအများကြီး ရှိပါပြီ။ အားကစားကဏ္ဍကလည်း အားနည်းခဲ့ပါတယ်။ သာဓကကတော့ ကျောင်းသားတွေဟာ ကျောင်းမှာ သင့်တော်တဲ့ပုံစံနဲ့ ဘယ်အားကစားကိုမှ မလေ့ကျင့်နိုင်ပါဘူး”လို့ ယခင်က ကျော်ကြားခဲ့တဲ့ ဘော်လီဘော အားကစားသမားတစ်ဦးနဲ့ ယခုအချိန်မှာ ထင်ရှားတဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်သူ စိန်မျိုးမြင့်က ပြောပါတယ်။
“အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ်တွေ မပေါ်ထွက်နိုင်ခဲ့ဘူုး”လို့ သူကပြောပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲပြီးနောက် စစ်တပ်၏ အရိပ်အောက်မှ တဖြည်းဖြည်း ကင်းလွတ်ကာ ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိလာခဲ့ပါတယ်။ ယခုအခါ အသစ်ရရှိလာတဲ့ နိုင်ငံရဲ့ ယုံကြည်မှုနှင့်အပြိုင် ပိုမိုကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု အလားအလာတွေနဲ့အတူ အားကစားကဏ္ဍလည်း တဖြည်းဖြည်း အသက်ဝင်လာပါတယ်။
ဒါပေမယ့် မြန်မာအားကစား မောင်မယ်တွေအနေနဲ့ ဆုကြေး ထိုက်ထိုက်တန်တန်ရရှိရေးကိုတော့ အချိန်ယူရဦးမှာဖြစ်သလို သူတို့ရဲ့ အရည်အသွေးတွေကို ကိုယ့်အားကိုယ်ကိုးပြီး တိုးတက်အောင် လုပ်နေရဦးမှာလည်း ဖြစ်ပါတယ်။
“စောင့်ကြည့်နေတဲ့သူတွေကတော့ သေနတ်ပစ်တာက ငြီးငွေ့စရာကောင်းတယ်လို့ ထင်ချင်ထင်မယ်။ ဒါပေမဲ့ ပစ်နေတဲ့အချိန်မှာ ကျနော့်စိတ်တွေက ငြိမ်းချမ်းနေတယ်” လို့ ရဲထွန်းနောင်က ပြောပါတယ်။
အောင်ကျော်ဦး ဘာသာပြန်သည်။