ဖရွန်းတီးယားမြန်မာ၏ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဒင်နီဖဲန်စတာသည် မေ၂၄ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ | ပေးပို့/အေအက်ဖ်ပီ)

ဒင်နီဖဲန်စတာ ရုံးထုတ်မှုအပေါ် ဖရွန်းတီးယားမြန်မာ၏ ထုတ်ပြန်ချက်

ဖရွန်းတီးယားမြန်မာ

ဖရွန်းတီးယားမြန်မာ၏ စီမံခန့်ခွဲမှုအယ်ဒီတာ ဒင်နီဖဲန်စတာသည် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ၅၀၅−က နှင့် တရားစွဲဆိုခံထားသည့်အမှုအား ရင်ဆိုင်ရန် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် ယနေ့ရုံးချိန်းတက်ရောက်ခဲ့သည်။ 

အကျဉ်းချုံးကြားနာမှုအပြီးတွင် ဒင်နီအား အင်းစိန်အကျဉ်းထောင်ထဲတွင် ရမန်နှစ်ပတ်ပေးခဲ့ပြီး နောက်တစ်ကြိမ်ရုံးချိန်းကို ဇူလိုင် ၁ ရက်နေ့သို့ ချိန်းဆိုခဲ့သည်။၎င်းအား အမှုဖွင့်တရားစွဲဆိုမှုအတွက် အကြောင်းပြချက်တစ်စုံတစ်ရာပေးခြင်း မရှိခဲ့ပေ။

အမှုကြားနာခြင်းတွင် ရှေ့နေဦးသန်းဇော်အောင်က ဒင်နီအား ကိုယ်စားပြုလိုက်ပါဆောင်ရွက်ပေးခဲ့သည်။ ဖရွန်းတီးယားမှ ကိုယ်စားလှယ်များ တက်ရောက်ရန် ခွင့်ပြုချက်မရရှိခဲ့ပေ။ ကျွန်ုပ်တို့အနေဖြင့် ဒင်နီ ဖမ်းဆီးခံရခြင်းနှင့် ဆက်လက်ထိန်းသိမ်းခံထားရသည့် အကြောင်းအရင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေနေဆဲဖြစ်သည်။ 

မည်သို့ပင်ဆိုစေကာမူ ဤပုဒ်မ၅၀၅−ကဖြင့် ၀ရမ်းထုတ်ဖမ်းဆီးရန် ဒင်နီသည် အပြစ်တစ်စုံတစ်ရာကျူးလွန်ထားခြင်း မရှိကြောင်းကို ကျွန်ုပ်တို့အနေဖြင့်သိရှိသည်။ကျွန်ုပ်တို့မှ ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ရှုတ်ချကာ ခြွင်းချက်မရှိချက်ချင်းလွှတ်ပေးရန် တောင်းဆိုပါသည်။

အသက် ၃၇နှစ်အရွယ် အမေရိကန်နိုင်ငံသား ဒင်နီဖဲန်စတာသည် ကွာလာလမ်ပူမြို့တော်သို့ ထွက်ခွာမည့် လေယာဉ်ပေါ်တက်ခါနီးတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မေ၂၄ရက်နေ့က  ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

ဒင်နီသည် ၂၀၂၀ခုနှစ် ဩဂုတ်လတွင် ဖရွန်းတီးယားသတင်းဌာနသို့ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး စစ်တပ်မှ အာဏာလွှဲယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မှီနှင့် နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏ ဖြစ်ရပ်များနှင့်ပတ်သက်၍ အရေးကြီးသည့်သတင်းတင်ပြမှုများကို ပြုလုပ်နေသည့် ကျွန်ုပ်တို့ အယ်ဒီတာအဖွဲ့၏အရေးပါသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ဒင်နီအား ခိုင်မာသည့်အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခံထားရခြင်းအတွက် ကျွန်ုပ်တို့အနေဖြင့် အံ့ဩ စိတ်ပျက်မိကာ သူ၏ကျန်းမာရေးအတွက်လည်း စိတ်ပူမိပါသည်။ ကျွန်ုပ်တို့သာမက ၎င်း၏မိသားစု နှင့် သူငယ်ချင်းများမှာလည်း ၎င်းလွတ်မြောက်သည်အထိ လုပ်ဆောင်ပေးနိုင်သည့်အရာများအားလုံးကို ပံ့ပိုး လုပ်ဆောင်လျက်ရှိသည်။

ပုဒ်မ ၅၀၅ −က မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေတွင် စတင် ပြဌာန်းခဲ့ပြီး ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူမှုကွန်ရက်အသုံးပြုသူများအပေါ် ကျယ်ကျယ်ပြန်ပြန့် အသုံးပြုခဲ့သည်။ 

၎င်းပုဒ်မသည် “အများပြည်သူတို့အား သို့တည်းမဟုတ် ပြည်သူတစ်စုအား အထိတ်တလန့်ဖြစ်စေလျှင် သို့တည်းမဟုတ် ထိတ်လန့်စေရန်ကြံရွယ်သူ”၊ “မမှန်ဟုသိလျက်နှင့် သို့တည်းမဟုတ် မမှန်ဟုယုံကြည် လောက်အောင် အကြောင်းရှိလျက်နှင့် မမှန်သတင်းကို ဖြန့်ဝေလျှင် သို့တည်းမဟုတ် ဖြန့်ဝေစေရန် ကြံရွယ်သူ”၊ “အစိုးရ အရာထမ်းအမှုထမ်းများကိုဖြစ်စေ၊ အစိုးရအရာထမ်းအမျိုးအစားတစ်ခုကိုဖြစ်စေ၊ အစိုးရ အရာထမ်းအမှုထမ်းတစ်ဦးဦးကိုဖြစ်စေ ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်စေရန် သို့တည်းမဟုတ် လှုံ့ဆော်ရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်လျှင် သို့တည်းမဟုတ် ထိုသို့ကျူးလွန်စေရန် ကြံရွယ်သူ”မည်သူကိုမဆို ရည်ရွယ်သည်။

ထိုပြစ်မှုကျူးလွန်သူများမှာ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ သို့မဟုတ် ဒဏ် နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။ 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar