ကိုဗစ်-၁၉ကြောင့် သေဆုံးသူတစ်ဦးကို သဂြိုဟ်ခြင်းမပြုမီ ဆုတောင်းပေးနေကြသော အကာအကွယ်ဝတ်စုံများ ဆင်မြန်းထားသည့် စေတနာ့ဝန်ထမ်းများကို ဇူလိုင်၁၄ရက်က မန္တလေးမြို့ရှိ သုဿာန်တစ်ခုအနီး မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ကိုဗစ်ကူးစက်မှုမြင့်တက်လာခြင်းကြောင့် စေတနာ့ဝန်ထမ်းများ ဝန်ပိနေ

ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမှုအကြား ပြင်းထန်ဗီဇပြောင်းပိုးကြောင့်ဖြစ်ပေါ်လာသော ကိုဗစ်တတိယလှိုင်းဒဏ်ကို ပြည်သူအများအပြား အလူးအလဲခံစားနေရသည်။ နေ့စဉ်သေဆုံးမှုကလည်း မြင့်တက်လျက်ရှိရာ အကူအညီပေးနေသော စေတနာ့ဝန်ထမ်းများလည်း ယခုကာလတွင် စိတ်ထောင်းကိုယ်ကြေဖြစ်ကြရသည်။

အေအက်ဖ်ပီ

မြန်မာနိုင်ငံရှိဆေးရုံများတွင် ဒီမိုကရေစီအရေးတွင်ပါဝင်သော ကျန်းမာရေးဝန်ထမ်းများ အလုပ်မဆင်းကြသဖြင့် လူရှင်းနေကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြင့်တက်နေသည်။​ ယင်းအခြေအနေ တစ်ရပ်တွင် ကိုရိုနာကပ်ရောဂါကူးဆက်ပြန့်ပွားမှုကြောင့် စေတနာ့ဝန်ထမ်းများသည် တစ်အိမ်တက်တစ်အိမ်ဆင်း၍ ကိုဗစ်ကြောင့်သေဆုံးလူနာအမြောက်အများကို စျာပနအတွက် ကူညီလျက်ရှိကြသည်။

ရန်ကုန်မြို့တစ်ဝန်းက မိသားစုပေါင်းများစွာထံက ဖုန်းခေါ်ဆိုမှုကို မသန်းသန်းစိုးတစ်ယောက် နေ့စဉ် နံနက်တိုင်း လက်ခံရရှိနေသည်။ အဆိုပါဖုန်းခေါ်ဆိုမှုများမှာ ကိုဗစ်-၁၉ကြောင့် တိမ်းပါးသွားသူများကို သဂြိုဟ်ရာတွင် ကူညီပေးရန် မေတ္တာရပ်ခံချက်များဖြစ်သည်။

ထိုသို့ ခေါ်ဆိုမှုလက်ခံရရှိလျှင် သူက နာမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို စာရွက်တစ်ခုတွင် ချရေးကာ အဆိုပါလိပ်စာသို့ စေတနာ့ဝန်ထမ်းအဖွဲ့တစ်ခု စေလွှတ်လေ့ရှိသည်။

“ကျမတို့ရဲ့ လုပ်ငန်းကို မရပ်မနားလည်ပတ်နေပါတယ်”ဟု ၎င်းက အလုပ်ရှုပ်နေသော စေတနာ့ဝန်ထမ်းများဖြင့် စည်ကားနေသည့် အဖွဲ့ရုံးခန်းတွင် အေအက်ဖ်ပီကို ပြန်လည်ဖြေကြားခဲ့သည်။

တစ်ရက်လျှင် ၎င်းတို့အဖွဲ့သည် “သေဆုံးသူ အလောင်း၃၀နှင့်၄၀အကြား သုသာန်သို့ ပို့ဆောင်ပေးနေကြောင်း”နှင့် အခြားစေတနာ့ဝန်ထမ်းအဖွဲ့ငယ်များမှာလည်း ၎င်းတို့ကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။

“တခါတလေ တစ်အိမ်တည်းမှာ လူနှစ်ယောက်သေဆုံးတာမျိုးလည်း ရှိတတ်တယ်”ဟု မသန်းသန်းစိုးက ပြောသည်။

ဖေဖော်ဝါရီလက စစ်တပ်၏ အာဏာသိမ်းယူမှုကို ဆန္ဒပြသည့်အနေဖြင့် နိုင်ငံတစ်ဝန်း အစိုးရဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ အလုပ်ဆင်းကြခြင်းမရှိပေ။ အကျိုးဆက်အနေဖြင့် ဆေးရုံတွင် တက်ရောက်ကုသသူ လူနာများလည်း မရှိပေ။

စစ်အာဏာသိမ်းမှုကို နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ဒေါသထွက်နေခြင်း – စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်ကြောက်ရွံ့ခြင်း – စသည့်အကြောင်းများကြောင့် ပြည်သူအများအပြားသည် စစ်တပ်ဆေးရုံများသို့ သွားရောက်ကုသခြင်းမရှိကြပေ။ သို့ဖြစ်ရာ ကိုဗစ်-၁၉ဝေဒနာ ခံစားနေရသူများကို ကုသရန်လိုအပ်သော အောက်ဆီဂျင်ရရှိရေးကအစ သေဆုံးသွားသော လူနာများကို မီးသဂြိုဟ်သည့် ကိစ္စအဆုံး စေတနာ့ဝန်ထမ်းများကို အားကိုးအားထားနေရသည်။

၎င်း၏ပုံမှန်တစ်ရက်အလုပ်ချိန်မှာ ၁၃နာရီခန့်ရှိကြောင်း စေတနာ့ဝန်ထမ်းအဖွဲ့တစ်ခုတွင် ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေသူ ကိုဆန်းဦးက ပြောသည်။ ၎င်းသည် ယမန်နှစ်၊ ကိုဗစ်-၁၉ပထမလှိုင်း စတင်ဖြစ်ပွားစဉ်ကပင် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် လုပ်အားပေးလုပ်ကိုင်နေခဲ့သူ တစ်ဦးလည်းဖြစ်သည်။

“ကျနော်တို့ အရင်ကဆို လူနာတွေကို ဆေးရုံပို့ပေးနေကျ။ တစ်ချို့လူနာတွေဆို ဘယ်ဆေးရုံသွားချင်လဲလို့ တောင် မေးလို့ရတယ်”ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

“ဒါပေမဲ့ အခုတော့ အခြေအနေက ကွာခြားသွားပြီ။ ဖုန်းဝင်လာတိုင်း မေးတဲ့မေးခွန်းက ဘယ်သင်္ချိုင်းလဲဆိုတာပဲ”ဟု ၎င်းက ပြောသည်။

စစ်အစိုးရ တရားဝင်ထုတ်ပြန်ချက်များအရ ဇူလိုင်၁၇ရက်တွင် ကိုဗစ်-၁၉ကူးစက်ခံရသူ လူနာသစ်ဦးရေ ၅,၅၀၀နီးပါး ထပ်မံတွေ့ရှိခဲ့ပြီး ယင်းပမာဏမှာ မေလဆန်းပိုင်းက ပိုးတွေ့ရှိမှုနှုန်းဖြစ်သည့် တစ်ရက်၅၀ဦး ပမာဏမှ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အမှန်တကယ်ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမှာ စစ်အစိုးရတရားဝင်ထုတ်ပြန်ချက်များထက် များစွာမြင့်မားနိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

နာရေးအိမ်တစ်အိမ်တွင် ကိုဆန်းဦးနှင့်အဖွဲ့သည် အလောင်းတစ်လောင်းကို ထမ်းစင်ပေါ်တင်၍ ကြိုးနှင့်ချည်ကာ စောင်ဖြင့်ဖုံးအပ်ပြီး ကျဉ်းမြောင်းသော သစ်သားလှေကားမှတစ်ဆင့် ခက်ခက်ခဲခဲ သယ်ထုတ်ခဲ့ရသည်။

ကျည်စုသုသာန် မီးသင်္ဂြိုဟ်ရုံသို့ရောက်သောအခါ အပြင်ဘက်တွင်ရပ်ထားသော လူနာတင်ယာဉ် အနည်းဆုံး ရှစ်စီးခန့် ရှိနေသည်။ ကားတစ်စီး၏ ရှေ့မှန်တွင် “အလောင်းသယ်ယာဉ်”ဟု အဓိပ္ပာယ်ရသော စာသားတစ်ခု ရေးသားထားသည်။

“သတင်းဆိုးများသာ”

အာဏာသိမ်းမှုမတိုင်ခင် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုလုပ်ငန်းစဉ်များတွင် ရှေ့တန်းက ပါဝင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် စစ်တပ်က ပစ်မှတ်ထား၍ ပိုမိုဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ဦးဆောင်သည့် ဆရာဝန်တစ်ဦးအပါအဝင် ကျန်းမာရေး ဝန်ကြီးဌာနက အကြီးတန်းအရာရှိများကိုလည်း စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ကျန်သည့် ရာနှင့်ချီသော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများသည် ဖမ်းဆီးခံရမည်စိုးသဖြင့် တိမ်းရှောင်ထွက်ပြေးနေရသည်။

ပြီးခဲ့သည့်အပတ်က စစ်ကောင်စီသည် ကိုဗစ်လူနာတိုးပွားမှုကိုထိန်းချုပ်ရန် အခက်ကြုံနေကြောင်းကို ဝန်ခံခဲ့ပြီး ဆရာဝန်များနှင့် သူနာပြုများ ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းကြရန် တိုက်တွန်းခဲ့သည်။

စနေနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်မူ အိမ်နီးချင်းထိုင်းနှင့် တရုတ်နိုင်ငံများမှ အောက်ဆီဂျင်အရည်များ အလျင်အမြန်တင်သွင်းသည့် သတင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

ပြီးခဲ့သည့်အပတ်တွင် ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် ကိုဗစ်ပျံ့နှံ့မှုသည် အလွန့်အလွန်လျင်မြန်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ယခုလတ်တလော ကိုဗစ်-၁၉တတိယလှိုင်းအတွင်း ၎င်းတို့ပရဟိတအဖွဲ့တွင် အဖွဲ့ဝင်နှစ်ဦး ကိုဗစ်ကူးစက်ခံခဲ့ရပြီး ၎င်းတို့အနက်တစ်ဦးမှာ အဆိုပါရောဂါကြောင့်ပင် သေဆုံးခဲ့သည်ဟု မသန်းသန်းစိုးက ပြောသည်။

“ကျမကြားသမျှအားလုံး သတင်းဆိုးတွေချည်းပဲ”ဟု ၎င်းကပြောသည်။

၎င်းတို့အဖွဲ့က မကြာသေးမီက ကူညီပေးခဲ့သော မိသားစုတစ်ခု၏ အဖြစ်မှာလည်း ရင်နင့်စရာကောင်းလှသည်။ အဆိုပါနေ့တွင် သေဆုံးပြီးဖြစ်သော ၎င်း၏မိခင်ဖြစ်သူကို ကျည်စုသုဿာန်တွင် မီးသဂြိုဟ်ရန် စောင့်ဆိုင်းနေစဉ် အဆိုပါအမျိုးသားက သုဿာန်သို့ရောက်နေသော ၎င်း၏အစ်ကိုဖြစ်သူကို ဖုန်းခေါ်ဆိုခဲ့သည်။ 

၎င်းတို့၏ဖခင်မှာလည်း ယခုလေးတင် သေဆုံးသွားပြီဖြစ်သဖြင့် ပြန်မလာသေးဘဲ သုဿာန်တွင် ဖခင်ဖြစ်သူ၏အလောင်းတင်ဆောင်လာသော လူနာတင်ယာဉ်ကို စောင့်ဆိုင်းရန် အဆိုပါအမျိုးသားက အစ်ကိုဖြစ်သူကို ဝမ်းနည်းသတင်းစကားပါးခြင်းသာဖြစ်ခဲ့သည်။

“သူတို့ကို နောက်ဆုံးအကြိမ်အဖြစ် ပေးတွေ့စေချင်တယ်”ဟု အဆိုပါအမျိုးသားက ဖုန်းကတစ်ဆင့် ရှိုက်ကြီးတစ်ငင် ပြောသည်။

မသန်းသန်းစိုးအတွက်တော့ ယခုလိုကြေကွဲစရာမြင်ကွင်းမျိုးသည် မကြာခဏကြုံတွေ့လာရသည့် အတွေ့အကြုံတစ်ခုဖြစ်လာသည်။

“တခါတလေကျမဖုန်းတောင် မကိုင်ချင်တော့ဘူး။ ဖြေလည်းမဖြေချင်တော့ဘူး။ ကျမဒီကိစ္စ၊ ဝိစ္စတွေကို မလုပ်ချင်လို့မဟုတ်ဘူး။ ကျမရင်ထဲမှာ အရမ်းနာကျင်ခံစားနေရလို့ပါပဲ”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar