ရန်ကုန်မြို့ရှိ ပြင်ပဆေးခန်းတစ်ခုကို ဇွန်၂၃ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မနိုင်ဝန်ထမ်းနေရသော ပုဂ္ဂလိကကဏ္ဍက ကျန်းမာရေးဝန်ထမ်းများ

ထောင်နဲ့ချီတဲ့ အစိုးရကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်ဆောင်မှုကြောင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေနဲ့ လူမှုကူညီရေး အခမဲ့ဆေးခန်းအပေါ် လူထုအားထားမှုမြင့်တက်လာတဲ့အခါမှာ ပုဂ္ဂလိက ကဏ္ဍကဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ လုံလောက်တဲ့ကုသမှုပေးနိုင်ဖို့ နေ့စဉ်နဲ့အမျှ ဖိအားတွေနဲ့ ရုန်းကန်နေကြရပါတယ်။

ဖရွန်းတီးယားမြန်မာ

မန္တလေး အထွေထွေရောဂါဆေးရုံကြီးက အထူးကုဆရာဝန် ဒေါက်တာအေးချမ်းခိုင်(အမည်လွှဲ) တစ်ယောက် ဖေဖော်ဝါရီ ၃ရက်ကတည်းက  စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့အတူ ကိုးနှစ်တာလုပ်သက်နဲ့ အစိုးရဝန်ထမ်းအိမ်ရာကနေ သူထွက်ခွာလာခဲ့တာ ဒီနေ့အထိပါပဲ။

လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ပေမဲ့ သူ့ရဲ့လူနာတွေကိုတော့ သူမစွန့်လွှတ်ခဲ့ပါဘူး။  လေးလအတွင်းမှာ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတစ်ချို့နဲ့ ချိတ်ဆက်ကုသပေးတာမျိုးရှိသလို လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေမှာလည်း ကုသမှုတွေဆက်လုပ်နေပေးတုန်းပါပဲ။ ဒါ့ပြင် သူပုံမှန် ကုသပေးနေတဲ့ ဆေးရုံကြီးရဲ့ ပြင်ပလူနာဌာနက လူနာတွေကို Tele Consultation နည်းနဲ့(လူနာများကို တယ်လီဖုန်းလက်ခံစကားပြောခြင်းဖြင့် ရောဂါကုသပေးခြင်း) အကြံပေးကုသမှုတွေလည်း ဆက်လုပ်နေပါတယ်။ ဒီအတွက် ငွေးကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ ကုသပေးနေတာ ဖြစ်တယ်လို့ ဒေါက်တာအေးချမ်းခိုင်က ပြောပါတယ်။

ဒါပေမဲ့ ဒီလိုကုသပေးနေတာဟာ သူ့အတွက် အန္တရာယ်တော့ များပါတယ်။ လူမှုကူညီကယ်ဆယ်ရေးအသင်းက ဖွင့်လှစ်ထားတဲ့ ဆေးခန်းတစ်ခုမှာ လူနာတွေကိုကုသပေးနေချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်ဟာ  CDM လုပ်တဲ့ဆရာဝန်တွေကို ဝင်ရောက်ရှာဖွေခဲ့တာကြောင့် နှစ်ကြိမ်တိတိ ထွက်ပြေးခဲ့ရဖူးပါတယ်။ ဒါကြောင့်လည်း ဆရာဝန်မှန်းသိရင် အဖမ်းခံရမှာစိုးတာကြောင့် ဒေါက်တာအေးချမ်းခိုင်ဟာ ဆေးကုဖို့အိမ်ကထွက်လာတဲ့အခါ တယ်လီဖုန်းအပါအဝင် ကုသရေးပစ္စည်းတစ်ခုမှ ယူလာလေ့မရှိပါဘူး။ ဆေးခန်းကိုထွက်တဲ့အချိန်တိုင်း လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကို လူမှုကွန်ရက်စာမျက်နှာတွေမှာ သေချာစုံစမ်းပြီးမှ အိမ်ကထွက်လေ့ရှိပါတယ်။ မတော်တဆလမ်းမှာ စစ်သားတွေနဲ့ကြုံခဲ့ရင် ရှောင်တိမ်းသွားတာရတာမို့ မကြာခဏဆိုသလို ဆေးခန်းရောက်တာလည်း နောက်ကျလေ့ရှိပါတယ်။

လူနာတွေကြောင့် ဆေးခန်းကို နေ့တိုင်းသာသွားနေတာ ကျမအတွက် မလုံခြုံဘူး။ လူမှုကယ်ဆယ်ရေး အဖွဲ့ရဲ့ ဆေးခန်းတွေသွားရင် နားကြပ်တောင် ကျမမယူသွားဘူး။ လုံခြုံရေးအဖွဲ့တွေ မတော်တဆ တွေ့သွားခဲ့ရင် မေးခွန်းပေါင်းများစွာ မေးခံရနိုင်တယ်။ ဒါကြောင့် နားကြပ်တောင် အိမ်မှာပဲထားခဲ့တာ” လို့ သူက ပြောပါတယ်။ သူရဲ့လုံခြုံရေးအခြေအနေကြောင့် ဆေးခန်းတွေဆီကို နေ့တိုင်းမသွားနိုင်ပေမဲ့ သူတတ်နိုင်သလောက်တော့ ကြိုးစားပြီးသွားနေပါသေးတယ်။

ဒေါက်တာအေးချမ်းခိုင်လိုပဲ​ စစ်အာဏာသိမ်းမှုကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန်ဦးရေ မြန်မာနိုင်ငံမှာ ထောင်ပေါင်းများစွာရှိနေပါတယ်။ ဒီလှုပ်ရှားမှုကြောင့် အစိုးရဆေးရုံတွေနဲ့ ဆေးခန်းတွေ အတော်များများ ပိတ်သိမ်းထားရသလို တစ်ချို့ဆေးရုံ၊ ဆေးခန်းတွေမှာဆိုလည်း ဆရာဝန် မလုံလောက်တဲ့ ပြဿနာတွေ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရပါတယ်။

စစ်အာဏာရှင်တွေကတော့ လူနာတွေကို စွန့်ပစ်ခဲ့တဲ့အတွက် CDM မှာပါဝင်တဲ့ ဆရာဝန်တွေကို “လူသတ်ကောင်”တွေလို့ တံဆိပ်ကပ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဆရာဝန်တွေဟာ ပုဂ္ဂလိကနဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေရဲ့ ဆေးခန်းတွေမှာ အခကြေးငွေမယူဘဲ ဆေးဝါးကုသမှုတွေ လုပ်ပေးနေတယ်လို့ ဆရာဝန်သုံးဦးက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။ အဲဒီဆရာဝန်သုံးဦး အပါအဝင် CDM ဝင်နေပေမဲ့ ဆရာဝန်တော်တော်များများဟာ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကြားကပဲ လူနာတွေကို ဆက်ပြီးဆေးကုပေးနေတာဖြစ်ပါတယ်။

စစ်ကောင်စီက CDM ဝင်နေတဲ့ ဆရာဝန်တွေကို နှိပ်ကွပ်ချင်တာကြောင့် ထောင်ဒဏ်သုံးနှစ်အထိ ကျခံရနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅−က နဲ့ အမှုဖွင့်အရေးယူနေပါတယ်။ ဒါ့ပြင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပရဟိတဆေးခန်းတွေမှာ ဆေးကုသခွင့် ပိတ်ပင်တားမြစ်တာဟာ အခြေခံ လူတန်းစားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေသလို ကိုဗစ်−၁၉လို ကူးစက်မြန်ရောဂါတွေ တစ်ကျော့ပြန်ဖြစ်လာတဲ့ အခုလိုကာလမျိုးမှာ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပါတယ်။

လက်ရှိမှာ အစိုးရဆေးရုံတွေကလည်း အပြည့်အဝ မလည်ပတ်နိုင်သေးဘူး။ ပြည်သူတွေအနေနဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပရဟိတဆေးခန်းတွေကိုပဲ အားကိုးနေရတာ။ ဒီမှာကုသပေးနေတဲ့ ဆရာဝန်တွေကို ကုသခွင့်မပေးတာဟာ အခြေခံလူတန်းစားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ထိခိုက်နိုင်ပါတယ်လို့ အမည်မဖော်လိုတဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြီးတန်းဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုပါတယ်။

ကိုဗစ်ကလည်း တကျော့ပြန်ဖြစ်တဲ့သူများလာတော့ ထိန်းချုပ်လို့မရမှာကို စိုးရိမ်ရပါတယ်။ နိုင်ငံရေးအခြေအနေကြောင့် ကူးစက်မှုပြန်လည်မြင့်တက်လာတဲ့ ကပ်ရောဂါကို ကျနော်တို့ မထိန်းချုပ်နိုင်ဘူး”လို့ သူက မသက်မသာ ပြောပါတယ်။

ပစ်မှတ်ထားခံရသော ဆရာဝန်များ

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ကိုဗစ်−၁၉ တုံ့ပြန်ဆောင်ရွက်မှုတွေအပါအဝင် ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံးအဖွဲ့က မေ၅ရက်မှာ ကြေညာချက် ထုတ်ပြန်ပြီး သတိပေးခဲ့ပါတယ်။ ဒါ့ပြင် ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဌာနနဲ့ လူနာတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ထပ်လောင်းတိုက်တွန်းထားပါသေးတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ကြပ်မတ်မှုစနစ်အရ မြန်မာနိုင်ငံ အတွင်းမှာ ဖေဖော်ဝါရီလအစောပိုင်းကစပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်း ၁၇၉ခုရှိခဲ့ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၁ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၁ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ကျန်းမာရေးဌာန အဆောက်အအုံတွေကို တိုက်ခိုက်မှု ၈၃ခု၊ လူနာတင်ယာဉ်ကို တိုက်ခိုက်မှု ၂၁၊ ကျန်းမာရေးဝန်ထမ်းတွေကိုတိုက်ခိုက်မှု ၇၃မှုနဲ့ လူနာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ၇၃မှုဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့ပြင် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ယူဆပြီး ဆရာဝန် အနည်းဆုံး ၁၃၉ဦးကိုလည်း မြန်မာနိုင်ငံရာဇသတ်ကြီး၊ ပုဒ်မ ၅၀၅-ကနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။

ဖရွန်းတီးယားမြန်မာရဲ့ လေ့လာမှုအရ နိုင်ငံပိုင်သတင်းဌာနတွေရဲ့ ကြေညာချက်အရ မေ ၇ရက်အထိ ကျန်းမာရေးဝန်ထမ်းအနည်းဆုံး ၃၈၉ဦးဟာ CDMလှုပ်ရှားမှုမှာပါဝင်လို့ ပုဒ်မ ၅၀၅−ကနဲ့ အမှုဖွင့်ခံထားရပါတယ်။ ဒီစာရင်းထဲမှာ အထူးကုသမားတော်ကြီးတွေ၊ ဆရာဝန်ကြီးတွေ၊ လက်ထောက်ဆရာဝန်တွေ၊ တခြားကြီးကြပ်ရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာ အလုပ်လုပ်နေတဲ့ မြို့နယ်ကျန်းမာရေးမှူးတွေလည်း ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေအရ ဇွန် ၂၇ရက်အထိ စစ်ကောင်စီက ဖမ်းဆီးထိမ်းထားတဲ့ CDMဆရာဝန် ၃၈ဦးရှိပါတယ်။

မန္တလေးမြို့ရဲ့ အထွေထွေသပိတ်ကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့သူအပြင် “နှလုံးလှ”အခမဲ့ဆေးခန်းမှာ ဆေးကုသပေးခဲ့သူ ဒေါက်တာတေဇာဆန်းကတော့ ဒါတွေက စစ်ကောင်စီရဲ့ အဓမ္မဝါဒဖြစ်ပြီး မလုပ်သင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်။ သူတို့ကို လက်မခံဘူး၊ ဆန့်ကျင်တာကို အဓိကနှိပ်ကွပ်နေတယ် လို့ပဲ ပြောချင်ပါတယ်လို့ပြောပါတယ်။

သပိတ်တွေမှာ ဦးဆောင်ပါဝင်မှုကြောင့် စစ်ကောင်စီက ဒေါက်တာတေဇာဆန်းကို ဖမ်းဝရမ်း ထုတ်ထားပြီး သူ့ကိုဖမ်းပေးနိုင်တဲ့သူကို ငွေကျပ်သိန်း၁၀၀ပေးမယ်လို့ စစ်ကောင်စီထောက်ခံသူတွေက လွန်ခဲ့တဲ့ ဧပြီလအတွင်းမှာ ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အန်ဒရူး ခရစ်ဝုဒ်က စစ်ကောင်စီက ဆေးဘက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံ၊​ ဆေးခန်း၊ ကျန်းမာရေးဌာနတွေကို တိုက်ခိုက်မှုတွေကြောင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုတွေအပါအဝင် ပြည်သူ့ကျန်းမာရေးကဏ္ဍအပေါ် ထိခိုက်မှုရှိကြောင်း သတိပေးလိုက်ပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဌာနတွေနဲ့ လူနာတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ မေ၅ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ယခင်ကဆောင်ရွက်ခဲ့သည့် ကိုဗစ်−နိုင်တီးကမ္ဘာ့ကပ်ရောဂါအတွက် ဘက်ပေါင်းစုံမှတုံ့ပြန် ဆောင်ရွက်များကို ပြန်လည်လုပ်ဆောင်ခြင်း၊ ကျန်းမာရေးဌာနများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူနာများနှင့် စပ်လျဉ်း၍ စောင့်ထိန်းရမယ့်အရာများ လေးစားလိုက်နာစောင့်ထိန်းခြင်း၊ နိုင်ငံအတွက် အရေတကြီး လိုအပ်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းများအား ၎င်းတို့၏လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဟူသည့် အခွင့်အရေးများကို ကျင့်သုံးခြင်းကြောင့် ၎င်းတို့အား ဖမ်းဆီးထားမှု သို့မဟုတ် ထိန်းသိမ်း ချုပ်နှောင်ထားမှုတို့မှ ချက်ချင်းပြန်လွှတ်ပေးခြင်းတို့ပြုလုပ်ရန် လိုအပ်မည်”လို့ အန်ဒရူး ခရစ်ဝုဒ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM လုပ်ဆောင်မှုဟာ နိုင်ငံပိုင်ဆေးရုံတွေအပေါ်  ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့ပါတယ်။ CDM ဝန်ထမ်းတွေကို ကူညီနေတဲ့ CDM Medical Network အဖွဲ့ရဲ့ ခန့်မှန်းချက်အရ ငြိမ်းချမ်းစွာအမိန့်ဖီဆန်ခြင်းလှုပ်ရှားမှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀,၀၀၀ကျော် ရှိနေပြီး ဒီစာရင်းထဲမှာ အထူးကုသမားတော်အဆင့်ကနေ အထွေထွေဝန်ထမ်းအထိ ပါဝင်နေပါတယ်။  

လက်ရှိမှာတော့ ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ နိုင်ငံတဝန်းက အစိုးရဆေးရုံ စုစုပေါင်း ၁,၁၇၇ခုရှိတဲ့ အနက်ဆေးရုံအများစုက ဝန်ထမ်းတွေ CDM လုပ်နေတာကြောင့်  အပြည့်အဝ မလည်ပတ်နိုင်သေးဘူးလို့ နေပြည်တော် ခုတင် ၁,၀၀၀ပြည်သူ့ဆေးရုံက CDM လုပ်ဆောင်နေတဲ့ လက်ထောက်ဆရာဝန်တစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

အစိုးရဆေးရုံမှာ တာဝန်မထမ်းဆောင်ပေမဲ့ ဆေးရုံပြင်ပမှာ အခကြေးငွေမယူဘဲ ကုပေးနေတဲ့ လူနာတွေရှိပါတယ်။ ဒါကို စစ်ကောင်စီက ကျနော်တို့ကို တာဝန်ကျဆေးရုံတွေမှာမထိုင်ဘဲ အပြင်ပုဂ္ဂလိက ဆေးရုံတွေမှာထိုင်ပြီး ငွေရှာနေတယ်လို့ စွပ်စွဲတယ်”လို့ အဲဒီလက်ထောက်ဆရာဝန်က ပြောပါတယ်။ သူ့လုပ်ဖော်ကိုင်ဖက်ဆရာဝန် အယောက်၉၀မှာ ၁၀ယောက်ကလွဲရင် ကျန်တဲ့သူ အားလုံးက သူနဲ့အတူ CDM ဝင်ထားကြပါတယ်။

နေပြည်တော် ခုတင် ၁,၀၀၀ ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်ဆရာဝန် စုစုပေါင်း ၉၁ဦးရှိတဲ့အနက် ၈၁ဦးက အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတယ်လို့ အဲဒီဆရာဝန်က အတည်ပြုပါတယ်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းပေါင်း ၁,၅၀၀ ဝန်းကျင်ရှိပြီး CDM လုပ်ဆောင်တဲ့ ဝန်ထမ်း ၁,၀၀၀ကျော်ရှိတယ်လို့ ဒေါက်တာအေးချမ်းခိုင်က ပြောပါတယ်။ CDMလှုပ်ရှားမှုမှာ အထူးကုဆရာဝန်ကြီးကနေ လက်ထောက်ဆရာဝန်အထိ ရာထူး အဆင့်ဆင့် ပါဝင်လှုပ်ရှားနေတယ်လို့ သူကပြောပါတယ်။

ဖောင်ကြီးကိုဗစ်-၁၉ကုသရေးဌာနရှိ အထူးကြပ်မတ်ဆောင်ကို ၂၀၂၀ပြည့်နှစ်၊ ဧပြီ၂၁ရက်က မြင်တွေ့ခဲ့ရစဉ်။ ထိုနေရာတွင် ကိုဗစ်-၁၉ပြင်းထန်လူနာများကို ကုသပေးခဲ့သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

လူတိုင်းလက်လှမ်းမမှီသည့် ကျန်းမာရေးစောင့်ရှောက်မှု

အစိုးရဆေးရုံတွေကို သွားဖို့ လူနာတွေစိုးရိမ်ထိတ်လန့်နေရတဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ ဆေးရုံဝင်းတွေမှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပဲဖြစ်ပါတယ်။ မေ ၅ရက်က ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝှမ်းက အစိုးရကျန်းမာရေးဌာန အဆောက်အအုံ ၅၁ခုမှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် ဆေးကုသမှုခံယူဖို့ လာရောက်သူအရေအတွက် ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်က ပုဂ္ဂလိကဆေးရုံကြီးတစ်ခုနဲ့ တာမွေမြို့နယ်က ကုသိုလ်ဖြစ် အခမဲ့ဆေးပေးခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် ကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက အစိုးရဆေးရုံတွေ လက်ရှိအချိန်အထိ အပြည့်အဝမလည်ပတ်နိုင်သေးတာကြောင့် ပုဂ္ဂလိကဆေးရုံတွေနဲ့ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းမှာ လာပြတဲ့လူနာဦးရေများပြားနေတယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ပုဂ္ဂလိကဆေးရုံတွေနဲ့ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းတွေဟာ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် CDM လုပ်ဆောင်နေတဲ့ဆရာဝန်တွေကို လာရောက်ကုသခွင့် မပြုတော့ပါဘူး။ ဒီအခြေအနေတွေကြောင့် လူနာတစ်ချို့အတွက် အရေးပေါ်ကုသမှုခံယူနိုင်ဖို့ အခက်အခဲတွေ ဖြစ်လာပါတယ်။

“စစ်ကောင်စီက ဆရာဝန်တွေကို ကုသခွင့်ပိတ်လိုက်တော့ ကျမကိုပုံမှန်ကုပေးနေတဲ့ ဆရာဝန်အစား တခြားဆရာဝန်တစ်ယောက် ထပ်ရှာဖို့ အခက်တွေ့ရတယ်”လို့ အောင်ရတနာ အထူးကုဆေးရုံမှာ ကုသမှုခံယူနေတဲ့  ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်က ဆီးချိုရောဂါခံစားနေရတဲ့ အသက် ၆၅နှစ်အရွယ် ဒေါ်ရီရီဝင်းက မှတ်ချက်ပြုပါတယ်။

ဆရာဝန်တစ်ယောက်တည်းဆီမှာ လူနာတွေ အများအပြား စုပြုံရောက်ရှိနေတဲ့အတွက် ဆရာဝန်လည်း ဝန်ပိသလို လူနာတွေလည်း အချိန်အတော်ကြာ စောင့်ရတာမျိုးတွေ ရှိလာပါတယ်လို့ ဒေါ်ရီရီဝင်းက သူ့ရဲ့လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲကို ပြောပြပါတယ်။

ဒါ့ပြင် တာမွေမြို့နယ်၊ ကြက်ခြေနီကုသိုလ်ဖြစ်အခမဲ့ဆေးခန်းက အမည်မဖော်လိုတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တစ်ဦးကတော့ အရင်က တစ်ရက်လာပြတဲ့လူနာဦးရေဟာ ပျမ်းမျှ အယောက်၂၀ဝန်းကျင်ပဲ ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ အယောက်၆၀ဝန်းကျင်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ဒီကိုလာတဲ့ တစ်ချို့လူနာတွေက ပုဂ္ဂလိကဆေးရုံတွေမှာ သူတို့ပုံမှန်ပြနေကျ ဆရာဝန်ကCDM လုပ်တော့ကုသခွင့်မရှိလို့ လာပြတာမျိုးရှိသလို တစ်ချို့ကတော့ ပုဂ္ဂလိကဆေးရုံသွားဖို့ ပိုက်ဆံ မတတ်နိုင်လို့ လာပြကြတာ”လို့ သူကဆိုပါတယ်။

ဆေးကုသမှုခံယူဖို့ရောက်လာတဲ့ လူနာအများစုမှာ နာတာရှည်ဆီးချိုရောဂါခံစားနေရသူတွေ၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါခံစားနေရသူတွေ များပါတယ်။ ဒါပေမဲ့ တာမွေကြက်ခြေနီကုသိုလ်ဖြစ်ဆေးခန်းကို ရောက်လာတဲ့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်တဲ့သူတွေကိုတော့ ပုဂ္ဂလိကဆေးရုံတွေကိုပဲ လွှဲပေးပါတယ်။ငွေကြေးမတတ်နိုင်တဲ့လူနာတွေကို ပုဂ္ဂလိကဆေးရုံတွေနဲ့ ချိတ်ဆက်ပေးတဲ့အခါမှာ ဆေးဝါးကုသစရိတ်ကို အတတ်နိုင်ဆုံး သက်သာအောင် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးတယ်လို့ အဲဒီစေတနာ့ဝန်ထမ်း ဆရာဝန်က ပြောပါတယ်။

ကြက်ခြေနီ ကုသိုလ်ဖြစ်ဆေးခန်းတွေက တာမွေ၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဒဂုံမြို့နယ်တွေ မှာ ဖွင့်လှစ်ထားပါတယ်။  

လက်ရှိမှာ ကုသိုလ်ဖြစ်ဆေးခန်းတွေက အခြေခံလူတန်းစားတွေ ကျန်းမာရေးကုသမှုခံယူနိုင်ရေး အတွက် အရမ်းအရေးကြီးပါတယ်။ ဒီဆေးခန်းတွေကို ငွေကြေးမတတ်နိုင်တဲ့သူတွေ အဓိက အားထားနေရပါတယ်လို့ ဒဂုံအရှေ့ မြို့နယ်က အသက် ၄၅နှစ်အရွယ် သွေးတိုးရောဂါဝေဒနာရှင် ဒေါ်ရင်ရင်လှက ပြောပါတယ်။

စစ်ကောင်စီ၏ ရုပ်သေးရုပ်များ

အစိုးရပိုင် ဆေးရုံ၊ ဆေးခန်းတွေ သွားဖို့အခက်တွေ့လာတဲ့အခါ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်ကုသဖို့ ငွေကြေးမတတ်နိုင်သူတွေကို ကုသမှုပေးနိုင်အောင် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းက စီစဥ်နေတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်မှာ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့တွေက လူနာတွေကို အခမဲ့ဆေးဝါး ကုသပေးမလား၊ ကုသစရိတ်ကို ရာခိုင်နှုန်းတစ်ခုအထိ လျှော့ချပေးမလား၊ ဒါမှမဟုတ် ပုံမှန်စျေးတစ်ခုသတ်မှတ်ပြီး ကုပေးမလားဆိုတာကို ဆုံးဖြတ်ဖို့ စီစဉ်နေတယ်လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

ဘယ်ဆေးရုံက ဘယ်လောက်အတိုင်းအတာထိ ကုသပေးလဲဆိုတာကတော့ အဲဒီဆေးရုံက အုပ်ချုပ်ရေးပိုင်းရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပါတယ်။ ပိုက်ဆံမရှိရင် မလာနဲ့ဆိုပြီးတော့ လူနာတွေကို ပစ်ပစ်ခါခါ မလုပ်ပါဘူး။ အထူးသဖြင့် အသက်အန္တရာယ်ရှိတဲ့လူနာတွေဆိုရင် လုပ်ပေးတယ်လို့ စမ်းချောင်းမြို့နယ်၊ ဆာကူရာဆေးရုံ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပုဂ္ဂလိကဆေးရုံတွေဟာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနလက်အောက်မှာ လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပေါ်မှာ ကြီးကြီးမားမားမှီခိုနေရတာဖြစ်ပါတယ်။ အစိုးရဝန်ထမ်းအလုပ်က ရရှိတဲ့လုပ်ခလစာ နည်းပါးတာကြောင့် ဝန်ထမ်းအများစုဟာ သူတို့ရဲ့ အလုပ်တာဝန်ချိန်ပြင်ပမှာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်လုပ်ပြီး အပိုဝင်ငွေရှာဖွေကြပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနအောက်က အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးကု ဆရာဝန်စုစုပေါင်း အယောက် ၁၀,၀၀၀မှာ ၉၅ရာခိုင်နှုန်းလောက်ဟာ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ ၂၅၀ခုမှာ ဝင်ရောက်လုပ်ကိုင်နေတယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းက အမည်မဖော်လိုသူတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပုဂ္ဂလိကဆေးရုံတွေက အထူးကုဆရာဝန် စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းအထိဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပေမဲ့ လက်ရှိမှာတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲ​ ပါဝင်တော့ကြောင်း သူကဆိုပါတယ်။

ဒါပေမဲ့ ပုဂ္ဂလိကဆေးရုံးတွေက စစ်ကောင်စီရဲ့အမိန့်ကြောင့် CDM လုပ်တဲ့ ဆရာဝန်အများစုကို အလုပ်က ထုတ်ပယ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကိုတော့ သူကငြင်းဆိုပါတယ်။ စစ်ကောင်စီက ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ခံထားရတဲ့ ဆရာဝန်တွေ ရဲ့စာရင်းကို နိုင်ငံပိုင်သတင်းဌာနတွေမှာ ကြေညာပြီးတာနဲ့ တစ်ပြိုင်နက် နာမည်ဖော်ပြခံရတဲ့ ဆရာဝန်တွေက ပုဂ္ဂလိကဆေးရုံတွေမှာ အလုပ်မဆင်းတော့ဘူးလို့ ဆေးရုံအသင်းတာဝန်ရှိသူက ဆိုပါတယ်။

ဒါပေမဲ့ သူ့ရဲ့ပြောဆိုချက်က မမှန်ဘူးလို့ ပုဂ္ဂလိကဆေးရုံတွေမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တစ်ချို့က ပြောလာကြာပါတယ်။ ပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာဝန်တွေကို အလုပ်ဆက်ခန့်မယ်ဆို ဆေးရုံလိုင်စင်ပိတ်သိမ်းမယ်လို့ စစ်ကောင်စီက ပြင်ပဆေးရုံတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။

ပုဂ္ဂလိကဆေးရုံအများစုဟာ အဲဒီလိုဆေးရုံလိုင်စင်ပိတ်သိမ်းခံရမှာ စိုးရိမ်တဲ့အတွက် နောက်ပိုင်းမှာ CDM မှာပါတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်က ရပ်နားတာမျိုးရှိခဲ့တယ်လို့ ဆရာဝန်တစ်ချို့က ဆိုပါတယ်။

ရန်ကုန်၊ မန္တလေး၊ တောင်ငူနဲ့ သန်လျင်မြို့နယ်က ပုဂ္ဂလိကဆေးရုံ ၁၇ခုမှာ အလုပ်လုပ်နေတဲ့ ဆရာဝန် ၃၀၀နီးပါးက ဧပြီ၂၁ရက်မှာ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီး CDM ဆရာဝန်တွေကို အလုပ်က ရပ်ဆိုင်းပြီး စစ်တပ်ကဆရာဝန်တွေနဲ့အစားထိုးခဲ့တဲ့  မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချကြောင်း လူသိရှင်ကြားပြောကြားခဲ့ပါတယ်။ ထုတ်ပြန်ချက်ကို ပါဝင်လက်မှတ် ရေးထိုးတဲ့ ဆရာဝန် ၅၀ကျော်ဟာ အလုပ်ကနေထွက်လိုက်ကြပါတယ်။

“CDM သမားတွေဟာ စစ်အစိုးရကို အနစ်နာခံပြီး တိုက်ပွဲဝင်တာ၊ ကျနော်တို့ ဆေးပညာသည် အသိုင်းအဝိုင်းကလည်းဖြစ်တယ်။ ကျနော်တို့တတ်နိုင်သမျှ သူတို့ဘက်က ရပ်တည်ပေးရမယ်။ အဲဒီအတွက်ကြောင့် ခုလိုထုတ်ပြန်ချက်ထုတ်ပြီး ရှုတ်ချတာဖြစ်ပါတယ်လို့ အဲဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ရန်ကုန်မြို့က ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒါ့ပြင် ကျန်းမာရေးဝန်ထမ်းတွေကို အသိအမှတ်ပြုလိုင်စင်ထုတ်ပေးနေတဲ့အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံဆေးကောင်စီဟာလည်း အဖိနှိပ်ခံ ဆရာဝန်များဘက်က မရပ်တည်ဘဲ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရုပ်သေးရုပ်အဖွဲ့အစည်းလို့ CDMအမှာပါဝင်တဲ့ ဆရာဝန်တစ်ချို့က ဝေဖန်ပြောဆို ပါတယ်။

ကုလသမဂ္ဂရဲ့ ကြေညာချက်မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုသာမက ကိုဗစ်−၁၉ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက်ပါ ကြီးမားပြင်းထန်တဲ့ ထိခိုက်ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။

“တိုင်းပြည်အတွက် သူတို့ (ကျန်းမာရေးဝန်ထမ်းတွေ)ကို အလိုအပ်ဆုံးဖြစ်နေတဲ့အချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာပြောဆိုမှုနဲ့ လွတ်လပ်စွာ စုဝေးခွင့်ကိုကျင့်သုံးမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရမှာ စိုးရိမ်ထိတ်လန့်နေကြတယ်”လို့ စစ်အာဏာသိမ်းပြီးနောက် ယိုယွင်းပျက်စီးလာတဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့အတူ  မြင့်တက်လာနေတဲ့ ကိုဗစ်−၁၉ကပ်ရောဂါရဲ့ စိန်ခေါ်မှုအခြေအနေကို ရည်ညွှန်းပြီး ထုတ်ပြန်ချက်က ရေးသားထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar